ယူရိုပါလိဂ် ရလဒ်များ ၊ ရက်ဖိုဒ့် ရဲ့ ဒဏ်ရာ အခြေအနေ ၊ ပြန်ကစားတော့မယ့် ဆွာရက် တို့နဲ့ . . . မနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ်တွေ အပြီးမှာတော့ ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်တဲ့ အသင်း အရေအတွက် ဟာ ၁၆ သင်း အထိ ရှိလာခဲ့ ပြီ ဖြစ် ပါတယ် ။ အဲ့ဒိ အသင်းတွေ ကတော့ အာဆင်နယ် ၊ ဗီလာရီးရဲ ၊ ရိုးမား ၊ လက်စတာ ၊ စပါး ၊ အေစီမီလန် ၊ ရိန်ဂျားစ် ၊ လေဗာကူဆင် ၊ ဘင်ဖီကာ ၊ လိုင်လီ ၊ ဘရာဂါ ၊ ဒိုင်နမို ဇာဂရက် ၊ PSV ၊ ဟော့ဖမ်ဟမ်း ၊ ဆလားဗီးယား ပရပ် နဲ့ မိန်ဇ့် အသင်းတို့ ပဲ ဖြစ်ကြပါတယ် ။

အာဆင်နယ် ဟာ အိမ်ကွင်းမှာ ရက်ပစ် ဗီယာနာ အသင်း ကို ၄ – ၁ နဲ့ အနိုင် ရရှိ ခဲ့ပြီး ၁၀၀% ယူရိုပါလိဂ် နိုင်ပွဲ ကို ထိန်းသိမ်း ထားနိုင်ခဲ့ ပါတယ် ။ အာဆင်နယ် အတွက် ရက်ပေါင်း များစွာ ဂိုးပေါက် ပျောက် နေတဲ့ တိုက်စစ်မှူး လာကာဇက် လည်း ဂိုးပြန်သွင်း နိုင်ခဲ့ ပါတယ် ။

 

စပါး အသင်းကတော့ LASK နဲ့ ၃ ဂိုးစီ သရေ ကျခဲ့ပြီး စပါး နည်းပြကြီး မော်ရင်ဟို ကတော့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ်တွေ ဟာ သူ့ရဲ့ ကစား သမား အချို့ ကို စိတ်ဓါတ် တက်ကြွ အောင် မလှုံ့ဆော် နိုင်ခဲ့ ပါဘူးလို့ ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်းရဲ့ ကွင်းထဲ ကို ပထမဆုံး ပြန်ရောက် လာခဲ့ ကြတဲ့ ပရိသတ် ၂၀၀၀ အနက် က အချို့ ဟာ မီဆွတ် အိုဇေးလ် ကို ပြန်သုံး ပေးဖို့ စာတမ်းတွေ ကိုင်ဆောင်ကာ ဆန္ဒ ဖော်ထုတ် ခဲ့ကြတယ် လို့ သိရ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက် ဟာ နောက်ဆုံး မှာတော့ ကိုဗစ်ပိုး ပျောက်ကင်း သွားခဲ့ ပါပြီ ။ ဥရုဂွေး တိုက်စစ်မှူးကြီး ဟာ နိုဝင်ဘာ ၁၃ ရက်နေ့ ကတည်းက ကိုဗစ် ပိုး တွေ့ရှိ တာကြောင့် နိုင်ငံ နဲ့ ကလပ် ပွဲတွေ ကို လွဲချော် ခဲ့ရပြီး အခု အချိန် မှာတော့ လေ့ကျင့်မှု ပြန်လည် ပြုလုပ် နိုင်ခဲ့ပြီ ဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ၂၀၂၁ ခုနှစ် အတွင်းမှာ အကာအရံ ပါရှိတဲ့ လက်ကိုင် တန်းပေါင်း ၁၅၀၀ ကို အိုးထရက်ဖိုဒ့် ကွင်းမှာ တပ်ဆင် သွားမယ်လို့ သိရ ပါတယ် ။ ယူနိုက်တက် ဟာ လန်ဒန် နဲ့ လီဗာပူး ကလပ်တွေ လို ပရိသတ်တွေ ဝင်ရောက် ကြည့်ရှုခွင့် ရရှိအောင် ကြိုးစား ဆောင်ရွက် နေတယ်လို့ သိရပါတယ် ။

ရီးရဲ မက်ဒရစ် နဲ့ အဲဗာတန် အသင်းတို့ မှာ ကစား ခဲ့ ဖူးတဲ့ နယ်သာလန် ကစား သမား ရွိုင်စတွန် ဒရန်သီ ဟာ အဆိုတော် အဖြစ် နဲ့ အသက်မွေး နေပြီး သူ့ရဲ့ ရပ် သီချင်းခွေ နဲ့ MTV ဟာ အရှုံးပေါ် ခဲ့တာ ကြောင့် လုပ်ငန်းတွေ ကို ဒေဝါလီ ခံ လိုက်ပြီ ဖြစ်ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

PSG ကွင်းလယ်လူ ပါရီဒက်စ် က နေမာ ဟာ မက်ဆီ ကို PSG ထံ လာရောက် ကစား စေလိုတာ ဖြစ်တယ်လို့ အတည်ပြု ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဥက္ကဌ ဟောင်း တစ်ဦး ဖြစ်သူ လာပေါ်တာ က မက်ဆီ အသင်း ပြောင်းရွှေ့ ခဲ့မယ် ဆိုရင် ငွေ မျက်နှာ ကို ဦးစားပေး မှာ မဟုတ်ဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။ လတ်တလော မှာတော့ မန်စီးတီး က နံပါတ် ၁ ၊ PSG က နံပါတ် ၂ နေရာ တွေ ကနေ ရေပန်း စားနေခဲ့ ပါတယ် ။

PSG ဟာ နည်းပြ သောမတ်စ် တူချယ် နဲ့ အဆင်မပြေ မှုလေးတွေ ရှိနေပြီး တူချယ် ကို ထုတ်ပယ် ဖြစ်ခဲ့ ပါက စပါး နည်းပြဟောင်း ပိုချက်တီနို ကို ခန့်အပ်ဖို့ ရှိတယ် လို့ သိရ ပါတယ် ။ ပိုချက်တီနို ဟာ PSG အသင်းသား ဟောင်းလည်း ဖြစ်ခဲ့ဖူး ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ PSG နဲ့ ပွဲမှာ ဒဏ်ရာ အနည်းငယ် ရရှိ သွားတဲ့ တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ရဲ့ အခြေအနေ ကို စစ်ဆေး သွားမှာ ဖြစ်ပြီး ဝက်စ်ဟမ်း နဲ့ ပွဲ ကို ပါဝင် နိုင်ချေ ရှိမရှိ စောင့်ကြည့် ရမယ်လို့ သတင်း ကြားသိရ ပါတယ် ။

နယူးကာဆယ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ် နောက်တန်း ကစား သမားလေး ဘရန်ဒွန် ဝီလ်ယံ ကို ဇန်နဝါရီ မှာ အငှား နဲ့ ခေါ်ယူ လိုတယ်လို့ သိရ ပါတယ် ။ အဲလက်စ် တဲလက်စ် ရောက်ရှိလာ အပြီးမှာ ဘရန်ဒွန် ဝီလ်ယံ ရဲ့ ကစားခွင့်ဟာ နည်းပါး လာခဲ့တာကြောင့် လူငယ်လေး အနေနဲ့ အတွေ့ အကြုံ နဲ့ ပွဲ ကစားခွင့် ပိုမို ရရှိဖို့ အငှားထွက်ခွာ နိုင်တယ်လို့ လည်း ကြားသိရ ပါတယ် ။

SPORTS MYANMAR