PSG အသင်းကို အနိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘယ်သူတွေ အရမ်းကောင်းခဲ့သလဲ ဆိုတာ ပြောပြလိုက်တဲ့ ရပ်ရှ်ဖို့

ဒီနေ့ နံနက်မှာတော့ ပြင်သစ် လီဂူးဝမ်း ထိပ်သီး PSG အသင်း နဲ့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်း တို့ဟာ ပါ့စ် ဒက်စ် ပရင့်စ် ကွင်းထဲမှာ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် ကစားခဲ့ ကြပြီး ဧည့်သည် အသင်းက 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။

ယူနိုက်တက်တို့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဒီကွင်းမှာပဲ ပြိုင်ဖက် အသင်းကို 1 – 3 ဆိုတဲ့ ရလဒ် နဲ့ နောက်ကောက် ချခဲ့ပြီး ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ဖူးပါသေးတယ် ။ တူညီတာ တစ်ခု ကတော့ ပွဲစဉ် နှစ်ပွဲလုံးမှာ အနိုင်ဂိုးကို ရပ်ရှ်ဖို့ သွင်းယူ ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီနေ့ ပွဲစဉ်ရဲ့ ပွဲချိန် 20 မိနစ်မှာတော့ PSG နောက်ခံလူ ဒီယာလိုဟာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကို ဂိုးဧရိယာ ထဲမှာ ပစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အတွက် သရဲနီတို့ ပင်နယ်တီ ရရှိ ခဲ့ကြ ပါတယ် ။ အဆိုပါ ပင်နယ်တီကို ဘရူနို ကန်သွင်းခဲ့ပေမယ့် ကေလာ နာဗတ်စ် က ကာကွယ် သွားနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် VAR နဲ့ စစ်ဆေး ကြည့်တဲ့ အခါမှာ ကေလာ နာဗတ်စ်ဟာ ဂိုး ဖမ်းယူ ခဲ့တဲ့ အချိန် ဂိုးစည်း ပေါ်မှ အရှေ့ရောက် နေခဲ့တဲ့ အတွက် ယူနိုက်တက်တို့ဟာ ပင်နယ်တီ နောက်တစ်ကြိမ် ကန်ခွင့် ဒီတစ်ကြိမ် မှာတော့ ဘရူနို ဖာနန်ဒက်စ် က ဂိုးအဖြစ် ပြောင်းလဲ ပေးသွား နိုင်ခဲ့ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာ PSG တို့ ထောင့်ကန်ဘော ရရှိခဲ့ပြီး နေမာ ကန်တင်ခဲ့ရာ မာရှယ်ရဲ့ ခေါင်းတိုက်ထုတ်မှု ညံ့ခဲ့တဲ့ အတွက် own goal ဖြစ်သွား ခဲ့ရ ပါတယ် ။ အဲ့ဒီနောက် နှစ်ဖက် အသင်းဟာ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံး မချနိုင်ခဲ့မှု ၊ ဂိုးသမားတွေ လက်စွမ်း ပြမှုကြောင့် ဂိုးရဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

ဒါပေမယ့် ပွဲချိန် 87 မိနစ်မှာ ပေါ့ဂ်ဘာ နဲ့ ရပ်ရှ်ဖို့ တို့ရဲ့ ချိတ်ဆက် ကစားမှုက တစ်ဆင့် အင်္ဂလန် လက်ရွေးစင်ဟာ ဂိုးသွင်းယူ နိုင်ခဲ့ပြီး အနိုင် ရလဒ် ရရှိစေခဲ့ ပါတယ် ။ အခုတော့ ရပ်ရှ်ဖို့ က ပွဲချိန် ပြီးဆုံးခါနီ အချိန်မှာ အခွင့်အရေး တစ်ကြိမ် ရတာနဲ့ အကောင်းဆုံး လုပ်ဆောင် နိုင်ဖို့ လိုအပ်ကြောင်း ၊ ခံစစ် အစွန်လူ တွေဟာ နိုင်ပွဲ အတွက် အဓိက ကျခဲ့ကြောင်း ပြောပြ သွားခဲ့လိုက် ပါတယ် ။

” တိုက်စစ် ကစားသမား တစ်ဦး အနေ နဲ့ အခွင့်အရေးကောင်း တစ်ကြိမ် ရရှိလိုက်တာနဲ့ အကောင်းဆုံး ကြိုးစားပြီး ဂိုးရရှိအောင် လုပ်ဆောင်လိုတဲ့ စိတ်ဓါတ် ခံယူချက် ရှိနေဖို့ လိုအပ်ပါတယ် ။ အထူးသဖြင့် ပွဲချိန် နောက်ဆုံး မိနစ်တွေမှာပေါ့ဗျာ ”

” ခင်ဗျား သွင်းယူ လိုက်တာက ပင်နယ်တီဂိုးလား ဒါမှမဟုတ် အခုလို ဂိုးမျိုါ်ပဲ ဖြစ်နေပါစေ ၊ အဆုံးသတ်မှာ အရာရာ တိုင်းက တူညီသွားတတ် ပါတယ် ။ အဲ့တာက အနိုင်ဂိုး သွင်းတဲ့ အသင်းက အနိုင် သုံးမှတ်ကို ရရှိ သွားတယ် ဆိုတာ ပါပဲ ”

” ကျွန်တော်တို့ တွေဟာ အချို့ အခိုက်အတန့် တွေမှာ ကစားရ ခက်ခဲ ခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ အတော်လေး ခုခံ ကစားခဲ့ရပါတယ် ။ သူတို့ အသင်းမှာ နေမာ ၊ အမ်ဘက်ပီ ၊ ဒီမာရီးယား တို့လို မယုံကြည်နိုင်ဖွယ် ကောင်းလှတဲ့ ကစားသမားတွေ ရှိနေခဲ့ ကြတယ်လေ ”

” ဒါပေမယ့် နောက်ခံ အစွန်လူတွေ ၊ သူတို့ တွေက မယုံကြည်နိုင်ဖွယ် ကောင်းလောက်အောင် ခုခံ ကစား နိုင်ခဲ့ကြ ပါတယ် ။ သူတို့ အခုလိုမျိုး အကောင်းဆုံး ခုခံ ကစားကြတဲ့ အချိန် တွေမှာ ကျွန်တော် တို့ဟာ ခမ်းနားတဲ့ အရာတွေကို လုပ်ဆောင် နိုင်ပါတယ် ” လို့ ရပ်ရှ်ဖို့ က အသင်းဖော် နောက်ခံ အစွန်လူ တွေကို ချီးကျူး သွားခဲ့လိုက် ပါတယ် ။