အမ်ဘက်ပီနဲ့ ရပ်ရှ်ဖို့ကြားက တစ်ခုတည်းသော ခြားနားချက်ကို ပြောပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ပါ့စ် ဒက်စ် ပရင့်စ် ကွင်းထဲမှာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ပြင်သစ် လီဂူးဝမ်း ထိပ်သီး PSG အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ ရပြီး 1 – 2 ဆိုတဲ့ ရလဒ် နဲ့ အဝေးကွင်း 3 မှတ် ရှာဖွေ သွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ အန်သိုနီ မာရှယ်ကြောင့် ရရှိ ခဲ့တဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ် က ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့တဲ့ အတွက် ယူနိုက်တက် ဦးဆောင်ခွင့် ရရှိ ခဲ့ကြ ပါတယ် ။ အစက ဘရူနို ရဲ့ ကန်ချက်ကို ကေလာ နာဗတ်စ် က ဖမ်းယူရာ ဂိုးစည်း ကျော်နေခဲ့တဲ့ အတွက် နောက် တစ်ကြိမ် ကန်ခဲ့ရ ပါတယ် ။

ပွဲချိန် ပထမပိုင်း ကတော့ အဆိုပါ ရလဒ် နဲ့ပဲ ပြီးဆုံး သွားခဲ့ရ ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်းမှာ နေမာက ထောင့်ကန်ဘော ကန်ခဲ့ရာ မာရှယ် ခေါင်းတိုက် ခဲ့ပြီး ဘောလုံးက ကိုယ့်ဂိုး ကိုယ်ပြန် ဝင်ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ဟာ ခြေပဂိုး ပေးဆောင် ခဲ့ရ ပါတယ် ။

ဒါပေမယ့် ပွဲချိန် 87 မိနစ်မှာ ပေါ့ဂ်ဘာ နဲ့ ချိတ်ဆက် ကစားရင်း ရပ်ရှ်ဖို့က ဂိုးသွင်းယူ နိုင်ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ဟာ အဖိုးတန် နိုင်ပွဲ ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။ 2019 ခုနှစ် တုန်းကလည်း ရပ်ရှ်ဖို့ ကပဲ PSG အသင်းဖက် အနိုင်ဂိုး သွင်းယူပြီး နောက် တစ်ဆင့် တက်ရောက် စေခဲ့ဖူး ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် ဂန္ဓဝင် ရီယို ဖာဒီနန် က PSG အသင်း ရဲ့ စူပါ စတား ဖြစ်သူ ကိုင်လီယံ အမ်ဘက်ပီ နဲ့ ယူနိုက်တက် ကြယ်ပွင့် မားကပ်စ် ရပ်ရှ်ဖို့ တို့ အကြား ခြားနားချက် တစ်ခုသာ ရှိကြောင်း ၊ အမ်ဘက်ပီ က ပိုပြီး တိုက်ရိုက် ဆန်တဲ့ ကစားဟန်နဲ့ ကစားကြောင်း ပြောကြားလိုက် ပါတယ် ။

” မားကပ်စ် ရပ်ရှ်ဖို့ နဲ့ အမ်ဘက်ပီ အကြား ခြားနားချက်က … အမ်ဘက်ပီ ဘောလုံး ရရှိတဲ့ အခါ ကျွန်တော်ဟာ ထိုင်ခုံ အစွန်းကို ရောက်ရှိ သွားတတ် ပါတယ် ( စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အာရုံစိုက် ကြည့်ရှုခြင်း ) ။ အကြိမ်တိုင်း ကျွန်တော် အဲ့ဒီလို ဖြစ်လေ့ ရှိခဲ့ ပါတယ် ”

” ဘာဖြစ်လို့လဲ ဆိုတော့ သူရဲ့ စိတ်ထဲမှာ ဘောလုံး တစ်ချက် လှည့်ပြီး ခင်ဗျားကို နာကျင်အောင် လုပ်မယ် ဆိုတဲ့ အတွေး ရှိနေတယ် ဆိုတာ ကျွန်တော် သိရှိနေလို့ ပါပဲ ။ အကယ်လို့ သူဟာ ဘောလုံးကို ဆက်ပြီး ကိုင်ဆောင် နိုင်ခွင့် မရှိတော့ဘူး ဆိုရင် အသင်းဖော် တွေဆီ ပေးလေ့ ရှိပါတယ် ”

” မားကပ်စ် ကတော့ လုပ်ဆောင်ချက် ပိုများ ပါတယ် ။ သူက ဘောလုံး လက်ခံ ရရှိပြီ ဆိုရင် တစ်ချက် ကြည့်မယ် ၊ ပြီးတာနဲ့ ဆက်ကစားမယ် လုပ်တဲ့သူ ပါပဲ ။ သူဟာ ဘယ်တော့ ဒုက္ခ ပေးရမလဲ ဆိုတာကို ချင့်တွက်ဖို့ အချိန်ပေး တွက်ချက်ရတာက ခြားနားချက် တစ်ခု ပါပဲ ” လို့ ခြာနားချက်ကို ထောက်ပြရင်း ဘယ်လို ပိုကောင်းနိုင် မလဲ ဆိုတာနဲ့ ပတ်သက်လို့ …

” မားကပ်စ် အနေနဲ့ အဆုံးသတ် စွမ်းရည် ကောင်းတယ် ဆိုတဲ့ အချက်ကို ဖြည့်စွက် နိုင်ဖို့ လိုအပ်ပါ သေးတယ် ။ သူ့ အနေနဲ့ ဖြစ်သလို ဂိုးသွင်း နိုင်စွမ်း ရှိတာကို တစ်ပွဲ နှစ်ကြိမ်လောက် ပြသ သွားနိုင်ဖို့ လိုအပ် သေးတယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ ဒါကို ဥပမာပေးလို့ ရပါတယ် ”

” ဝိန်း ရွန်းနီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ စတင် ရောက်ရှိတာနဲ့ ရက်စက်တဲ့ သွင်းဂိုး တွေကို သွင်းယူ ပြနိုင်ခဲ့ ပါတယ် ။ သူဟာ ရက်စက်တဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ် နိုင်စွမ်း ရှိသူ တစ်ဦး အဖြစ် နဲ့ ဘောလုံးကွင်း ထဲမှာ လူသိ များခဲ့ ရတဲ့ ကစားသမား ဖြစ်ခဲ့ရ ပါတယ် ”

” သူဟာ ပွဲစဉ် ကစားတဲ့ အခါတွေမှာ အဲ့တာကို အမြဲလို လုပ်ဆောင်လေ့ ရှိခဲ့ ပါတယ် ။ သူက ဂိုးတွေကို ဖြစ်သလို ၊ ကြံုံသလို ကန်သွင်း ရတာကို စွဲလန်း နှစ်ခြိုက်သူ ဖြစ်ခဲ့ ပါတယ် ။ အဲ့ဒီလို ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင် နိုင်ဖို့ အတွက်လည်း သူဟာ အလုပ်တွေ အရမ်း ကြိုးစားခဲ့ ပါတယ် ”

” မားကပ်စ်က အံ့ဖွယ် ဂိုးသွင်းမှု ၊ ဖန်တီးမှု တွေကို လုပ်ဆောင် နိုင်စွမ်း ရှိသူပါ ။ ဒါပေမယ့် သူဟာ 6 ကိုက်စည်း အတွင်းမှာ မကြာခန ဝင်ရောက် ကစား နိုင်မယ် ၊ ပြိုင်ဖက် တွေကို လှည့်စား နိုင်မယ် ဆိုရင်တော့ သူဟာ မယုံကြည်နိုင်ဖွယ် ကောင်းတဲ့ ကစားသမား ဖြစ်လာပါ လိမ့်မယ် ” လို့ ဖာဒီနန် က အကြံပေး သွားခဲ့လိုက် ပါတယ် ။