အနည်းဆုံးတော့ Clean Sheet သရေပွဲက ၎င်းတို့ အတွက် အရေးပါခဲ့တယ် လို့ ဖွင့်ဟလာတဲ့ #ချေဝဲလ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် အဖွင့် ပွဲစဉ် မှာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ရဲ့ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီးလား အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ ဂိုးမရှိ သရေ ရလဒ် နဲ့ စတင် ဖွင့်ခဲ့ပါတယ် ။

ဒီပွဲမှာ ဆီဗီးလား အသင်း ဟာ အိမ်ရှင် ချဲလ်ဆီး ထက် ဘောလုံး ပိုင်ဆိုင်မှု ပိုမို အသာရခဲ့ပေမယ့် ၊ ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အနည်းအကျဉ်း သာ ပြုလုပ်နိုင်ခဲ့ပြီး ၊ ချဲလ်ဆီး နံပါတ်တစ် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ကို တုန်လှုပ်စေခဲ့ခြင်း မရှိခဲ့ပါဘူး ။

အခွင့်အရေးပိုင်း အရ ပြောရရင် ချဲလ်ဆီး ကတောင် ဂိုးရခဲ့သင့်တဲ့ အခြေအနေ ၂ကြိမ် ၊ ၃ကြိမ်လောက် ရခဲ့ပေမယ့် ၊ ခံစစ်ကောင်းတဲ့ နေ့မှာ တိုက်စစ် က ညံ့ဖျင်းခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ စနေနေ့မှာ ဆောက်သမ်တန် ကို ၃ဂိုး အထိ ပေးခဲ့ရတဲ့ ချဲလ်ဆီး ခံစစ် အတွက် မနေ့ည က ပွဲမှာ ပေးဂိုး မရှိခဲ့တာ က အပေါင်း လက္ခဏာ ဆောင်ခဲ့တယ် လို့ပဲ သတ်မှတ်ရမှာပါ ။

ဒါ့အပြင် ဆီဗီးလား လို ဘောလုံး ပိုင်ဆိုင်မှု အသားပေး ကစားပုံ အပြင် ၊ ဖြတ်တင်ဘော ၊ set-piece ကောင်းတွေ လုပ်ဆောင်နိုင်တဲ့ အသင်း ကို အခွင့်အရေး မည်မည်ရရ မပေးခဲ့တဲ့ ချဲလ်ဆီး ခံစစ် စွမ်းဆောင်ရည် အပေါ် ချီးကျူးရမှာ ဖြစ်ပါတယ် ။

အထူးသဖြင့် ခံစစ် မှာ အဓိက ဦးဆောင်မယ့် သီယာဂို ဆေးလ်ဗား ပြန်ပါလာတာ က ကျစ်လျစ်မှု ကို ပြန်လည် မြင်တွေ့ရစေတဲ့ အချက် ဖြစ်ပါတယ် ။ ၎င်းကြောင့် ဇူးမား လည်း အမှားနည်းခဲ့သလို ၊ ကျန်တဲ့ ခံစစ် ကစားသမား တွေလည်း ယုံယုံကြည်ကြည် နဲ့ ကစားနိုင်ခဲ့ကြတာ ဖြစ်ပါတယ် ။

ပွဲအပြီး BT Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန်ချေဝဲလ် က ဆောက်သမ်တန် အသင်း နဲ့ ၃ဂိုးစီ သရေပွဲ အပြီး အကြီးအကျယ် ဝေဖန်ခံရတဲ့ ချဲလ်ဆီး ခံစစ် အတွက် မနေ့ည က ဂိုးမရှိ သရေပွဲက အရေးပါခဲ့ကြောင်း ဖွင့်ဟ လာခဲ့ပါတယ် ။

ချေဝဲလ် က ” ဒီနေ့ပွဲ အတွက် အရေးကြီးတဲ့ အရာ က Clean Sheet ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဆောက်သမ်တန် နဲ့ ပွဲမှာ ခံစစ် က ၃ဂိုး အထိ ခွင့်ပြုခဲ့လို့ လူတွေဟာ ဒီနေ့ပွဲမှာ ကျွန်တော် တို့ အသင်း ရဲ့ ခံစစ် စွမ်းဆောင်ရည် ကို စောင့်ကြည့်နေကြမယ် ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ် ။ ”

” ဒီနေ့ပွဲ မှာ ကျွန်တော် တို့ဟာ ပြိုင်ဖက်ကောင်း တသင်း နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ၊ ခံစစ် ကစားပုံ ကျစ်လျစ်မှု ကို ပြသနိုင်ခဲ့သလို ၊ အခွင့်အရေးလည်း များများစားစား ပေးခဲ့ရခြင်း မရှိခဲ့ပါဘူး ။ ဒီတော့ Clean Sheet နဲ့ သရေ ရလဒ် ကို ကျွန်တော်တို့ ကျေကျေနပ်နပ်ကြီး လက်ခံပါတယ် ။ ”

” တသင်းလုံး အတိုင်းအတာ နဲ့ ဆိုရင်တော့ သက်တောင့်သက်သာ ဖြစ်ခဲ့တယ် လို့ ကျွန်တော် မပြောလိုပါဘူး ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့ဟာ ပြိုင်ဖက် ရဲ့ ဖိအားပေးခြင်း ကို အကြိမ်ကြိမ် ခံခဲ့ရလို့ပါ ။ ဒါပေမယ့် အသင်းလိုက် စုစည်းမှု အပိုင်း မှာ အရမ်း အားကောင်းခဲ့ပါတယ် ။ ”

” ခံစစ်ပိုင်း ရှုထောင့် အရ ကျွန်တော် တို့ရဲ့ ကစားပုံ ကောင်းခဲ့တယ် လို့ ထင်ပါတယ် ။ ကျွန်တော် တို့ဟာ ထိပ်တန်း အဆင့် ကလပ် တသင်း ဖြစ်လို့ ၊ ချဲလ်ဆီး လို အသင်းမျိုး အတွက် ကစားပေးရတဲ့အခါ ၊ ခင်ဗျား ကိုယ်တိုင်လည်း Clean Sheet မျှော်မှန်းမိမှာပါ ။ ”

” ပေးဂိုးတွေ အများအပြား ခွင့်ပြုရရင် ခင်ဗျား မှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ် ။ ပေးဂိုး နည်းဖို့ အတွက် ကျွန်တော် တို့ဟာ လေ့ကျင့်ရေး အစီအစဉ် မှာ အပြင်းအထန် လေ့ကျင့်ထားရပါတယ် ။ ဒီနေ့ပွဲမှာတော့ အသင်း ရဲ့ ခံစစ်ပိုင်း တောင့်တင်းမှု ရှိကြောင်း ကို ပြသနိုင်ခဲ့ပါတယ် ။ ”

” ပရိသတ် တွေ မပါသေးတာကတော့ စိတ်ပျက်စရာ တခု လို့ ဆိုရမှာ ဖြစ်ပေမယ့် ၊ အသင်းလိုက် စိတ်ဓာတ် လှုံ့ဆော်မှု က ရှိနေဆဲပါ ။ အထူးသဖြင့် ကျွန်တော့ လို မျက်နှာသစ် အသင်းသား တယောက် အတွက်ပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။