ဗန်ဒိုက်ရဲ့ နေရာကို ဖြည့်ကစားပေးနိုင်စွမ်းရှိတဲ့ သူတစ်ဦး နဲ့ လီဗာပူး full backs တွေ ကစားပုံ ပြောင်းလဲရတော့မယ့် အကြောင်းရင်းကို ပြောပြလိုက်တဲ့ ဂလင်းဂျွန်ဆင်

လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင် က ဗာဂျယ်ဗန်ဒိုက် မရှိတဲ့ အချိန်မှာ လီဗာပူးရဲ့ နောက်တန်း အစွန်လူတွေဟာ ကလပ် အတွက် အရင်ကထက် ပိုပြီး အရေးပါနေပြီလို့ ဆိုလိုက်ပါတယ်။ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ စနေနေ့က အဲဗာတန်နဲ့ လီဗာပူးတို့ ဂွတ်ဒီဆင်ပက်မှာ ၂ ဂိုးစီ သရေကျခဲ့တဲ့ မာဆေးဆိုက် ဒါဘီ ပွဲစဉ် အတွင်း အဲဗာတန် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ ခြေစုံပစ်၀င်မှုနဲ့ အတူ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာ ရရှိ သွားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ခွဲစိတ်ကုသမှု ခံယူ ရတော့မှာ ဖြစ်ပါတယ်။

လီဗာပူး ဘက်ကတော့ နယ်သာလန် နောက်ခံလူ အနေနဲ့ ဒီရာသီ နှောင်းပိုင်းမှာ အသင်း အတွက် ပြန်ကစား ပေးနိုင်လိမ့်မယ်လို့ မျှော်လင့် နေဆဲ ဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ လက်ရှိ အချိန်မှာ အသင်းရဲ့ ပြီးခဲ့တဲ့ အောင်မြင်မှုတွေဟာ အထူး အရေးပါခဲ့သူ ဗန်ဒိုက်ကို ကာလရှည် လက်လွှတ် သွားရတော့မှာ ဖြစ်ပြီး ဂျွန်ဆင် ကတော့ ဗန်ဒိုက်ရဲ့ လွှမ်းမိုးမှုကို လီဗာပူးတို့ အထူး လွမ်းဆွတ် နေရလိမ့်မယ်လို့ ယူဆ နေပါတယ်။

လီဗာပူး အတွက် ၂၀၀၉ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်ကြား ကစား ပေးခဲ့သူ ဂျွန်ဆင်က “သူဟာ လီဗာပူးတို့ သေချာပေါက် မဆုံးရှုံးချင်တဲ့ နံပါတ်တစ် ကစားသမား ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ သူကွင်းထဲမှာ ရှိနေတဲ့ အချိန် အသင်းဖော်တွေ အားလုံးကို ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ရရှိအောင် လုပ်ပေး နိုင်စွမ်း ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ အခြား နည်းလမ်း မရှိပါဘူး။ လီဗာပူးတို့ သူ့ကို သေချာပေါက် လွမ်းနေ ရမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ထရန်အလက်ဇန်းဒါးအာနိုး နဲ့ အန်ဒီရောဘတ်ဆန် တို့ဟာ ဗန်ဒိုက်ရဲ့ တည်ရှိမှုကြောင့် အကျိုးအများဆုံး ရှိခဲ့တဲ့ လီဗာပူး ကစားသမား ၂ ဦး ဖြစ်ပြီး ၎င်းတို့ ၂ ဦး တိုက်စစ်ကို လိုက်ပါ ပံ့ပိုးပေးနေချိန်မှာ ဗန်ဒိုက်ဟာ ကောင်းကောင်း ကာကွယ် ပေးခဲ့သူ ဖြစ်ပါတယ်။ လီဗာပူးရဲ့ နောက်တန်း အစွန်လူ ၂ ဦးဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ နှစ်ဦးပေါင်း ဂိုးဖန်တီးမှု ၅၁ ကြိမ် ပြုလုပ် နိုင်ခဲ့ပေမယ့် ဂျွန်ဆင်က ဗန်ဒိုက်သာ မရှိဘူး ဆိုရင် ၎င်းတို့ အနေနဲ့ အရင်ကလို တိုက်စစ်ကို လွတ်လပ်စွာ လိုက်ပါ ကစား နိုင်ကြမှာ မဟုတ်ဘူးလို့ ယူဆ နေပါတယ်။

ဂျွန်ဆင်က “တိုက်စစ် အားသန် နောက်တန်း အစွန်လူတွေ အတွက် ‘အိုး…ငါနောက်တန်းကို ပြေးဆင်း စရာ မလိုဘူးပဲ။ ဘာလို့လဲဆိုတော့ င့ါနောက်မှာ ဗာဂျယ်ဗန်ဒိုက် ရှိနေတယ် or ဂျွန်တယ်ရီ ရှိနေတယ်’ ဆိုပြီး တွေးရတာလောက် ကောင်းတာ မရှိပါဘူး။ သူတို့ နောက်တန်း ကနေ ဘောလုံးကို အရ ပြန်ယူ နိုင်မယ် ဆိုတာ သူတို့ သိနေလို့ပါ။ အကယ်၍ ကိုယ့်နောက်ကို ပြန်ကြည့်လိုက်မယ် ဆိုရင် ဗန်ဒိုက် တို့လို ကစားသမားမျိုး မဟုတ်ဘဲ အခြားသူ တစ်ဦး ဖြစ်နေမယ် ဆိုပါက ခုနကလို ယုံကြည်မှုမျိုး ရှိနေမှာ မဟုတ်ပါဘူး။ အဲဒီနောက် ကိုယ်ဟာ နောက်ကို ပြေးဆင်းဖို့ ပြင်ရမယ့် အခြေအနေမျိုး ရောက်သွား ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း အလက်ဇန်းဒါးအာနိုး နဲ့ ပက်သက်ပြီး ကျွန်တော်တို့ ဒါမျိုးတွေ မြင်တွေ့ ခဲ့ပြီးပါပြီ။ တစ်ခါတစ်ရံ ခံစစ်ပိုင်းဟာ ဆိုးရွားတဲ့ နေရာတွေ ယူထား ခဲ့ပါတယ်။ ဒါပေမယ့် နောက်တန်းမှာ ဗန်ဒိုက် ရဲ့ ကာကွယ် ပေးနေမှုကြောင့် ပြသနာ မရှိ ခဲ့ပါဘူး။ သူဟာ အားလုံးကို အရမ်းကို လွယ်ကူတဲ့ ပုံစံနဲ့ ဖြေရှင်း ခဲ့ပါတယ်။ အခုဆိုရင် သူမရှိတာကြောင့် နောက်တန်း အစွန်လူ နှစ်ဦးဟာ သူတို့ရဲ့ ကစားဟန် တွေကို ပြောင်းလဲ ပစ်ရတော့မှာပါ။” လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန် ဗန်ဒိုက်ရဲ့ နေရာကို ဘယ်သူ အစားထိုး နိုင်စွမ်း ရှိသလဲ ဆိုတဲ့ မေးခွန်းကို ဂျွန်ဆင်က လီဗာပူး ကစားသမား တစ်ဦးဟာ အဆိုပါ နေရာမှာ ကောင်းကောင်း ကစား နိုင်တယ် ဆိုတာ သက်သေပြထားခဲ့ပြီးပြီလို့ ဆိုသွားပါတယ်။

ဂျွန်ဆင်က “ဖာဘင်ညိုကို ဒီနေရာမှာ ဖြည့်ကစား နိုင်မယ့် သူအဖြစ် ကျွန်တော် ယူဆပါတယ်။ ချဲလ်ဆီးကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ သူဟာ ဒီနေရာမှာ ကောင်းကောင်း ကစား နိုင်စွမ်း ရှိနေတယ် ဆိုတာ ကျွန်တော်တို့ မြင်တွေ့ ခဲ့ပြီးပါပြီ။ သူဟာ အဲဒီပွဲမှာ man of the match ရရှိ ခဲ့တာကြောင့် သူဟာ အဲဒီနေရာကို ဖြည့်ကစား ပေးမယ့်သူ ဖြစ်လာ နိုင်ပါတယ်။ သူ့အနေနဲ့ ဒီပွဲစဉ်က level ကို ဆက်လက် ထိန်းသိမ်း ထားနိုင်သမျှတော့ လီဗာပူးရဲ့ ခံစစ်ဟာ သိပ်ပြီး ကြီးကြီးမားမား ပြသနာ မရှိနိုင်ပါဘူး။” လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး ဂျွန်ဆင်က “လီဗာပူးရဲ့ နောက်တန်း ကစားသမား တစ်ဦး အနေနဲ့ ဘောလုံးကို တည်ငြိမ်စွာ ကိုင်ကစား နိုင်ရမယ့် အပြင် ဘောလုံးပေးပို့မှုတွေလည်း ကောင်းရပါတယ်။ ပြိုင်ဘက် အသင်းတွေဟာ လီဗာပူးကို လေးစားမှု ပြသ သွားမှာပါ။ ဒါ့ကြောင့် သူတို့ ရှေ့ကနေ တစ်ချိန်လုံး pressing လုပ်နေမှာ မဟုတ်ပါဘူး။ ကစားဟန် အရ လီဗာပူးဟာ နောက်တန်း ကနေ ကစားကွက် စတင်နိုင်မယ့် ကစားသမား တစ်ဦး လိုအပ်ပါတယ်။

ကျွန်တော် ကတော့ ဖာဘင်ညိုဟာ ဒီလိုမျိုး သေချာပေါက် လုပ်နိုင်စွမ်း ရှိတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သိထားကြတဲ့ အတို်င်းပဲ သူဟာ ဘောလုံးကို ကိုင်ကစားတာ ကောင်းတဲ့ အပြင် ကွင်းလယ်မှာ ကစား နေတဲ့သူလည်း ဖြစ်နေတာကြောင့်ပါ။ အမှန်ပါပဲ။ သူတို့ ဗာဂျယ်ဗန်ဒိုက် ကို ဒီနေရာမှာ ပိုရှိစေချင်ကြမှာပါ။ ဒါပေမယ့် ဖာဘင်ညိုဟာ သူ့ရဲ့ နေရာကို အစားထိုး ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် လုံး၀ ယူဆပါတယ်။” လို့ ပြောခဲ့ပါတယ်။