အာဆင်နယ် နဲ့ အိုဇေးလ် ကြားက အဖြစ်အပျက်တွေ အပေါ် သူ့ရဲ့ အမြင်ကို ပြောကြားလိုက်တဲ့ အာဆင်ဝင်းဂါး

၂၀၁၃ ခုနှစ်တုန်းက ရီးရဲလ် မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ ရောက်ရှိ လာတဲ့ အိုဇေးလ် ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက အာဆင်နယ် အသင်းနဲ့ သုံးနှစ်ခွဲ စာချုပ် သက်တမ်း တိုးထားသူ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းမှာ တစ်ပတ် လုပ်ခ ပေါင် ၃ သိန်း ခွဲ နှင့် လစာ အများဆုံး ရရှိ နေတဲ့ မီဆွတ် အိုဇေးလ် ဟာ ပြီးခဲ့တဲ့ မတ်လ နောက်ပိုင်းကတည်းက အသင်း အတွက် ကစားခွင့် မရတော့တာ အခု အချိန်အထိပဲ ဖြစ်ပါတယ် ။

ဂျာမနီ ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ် ဟာ ဒီရာသီ အာဆင်နယ် အသင်း ရဲ့ ယူရိုပါလိဂ်အုပ်စု အဆင့်ပွဲစဉ်တွေအတွက် အပြီးသတ် လူစာရင်း မှာ ပါဝင် ခဲ့ခြင်း မရှိသလို ပရီးမီးယားလိဂ် လူစာရင်း ကနေလည်း ထပ်မံ ချန်လှပ် ခံခဲ့ရပြန် ပါတယ် ။

အာဆင်နယ် နည်းပြ မီခေးလ် အာတီတာ နဲ့ နည်းစနစ် ဒါရိုက်တာ အီဒူး ကတော့ အိုဇေးလ် ဟာ လေ့ကျင့်ရေးကွင်းမှာ ကျေနပ်လောက်စရာ စွမ်းဆောင်ရည်မျိုး မပြသ နိုင်တာကြောင့် ကစားခွင့် မရတာ ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြား ခဲ့ကြပါတယ် ။

အိုဇေးလ် ကို ရီးရဲလ် မက်ဒရစ် အသင်းကနေ ခေါ်ယူ ခဲ့တဲ့ နည်းပြကြီး အာဆင်ဝင်းဂါး ကတော့ ဂျာမန်သား တစ်ယောက် ပွဲကစားခွင့် မရတာဟာ အားကစား နဲ့ သက်ဆိုင်တဲ့ ကိစ္စကြောင့် မဟုတ်နိုင်ကြောင်း Sky Sports နဲ့ အင်တာဗျူးမှာ သုံးသပ် ပြောကြား လိုက်ပါတယ် ။

” သူတို့ နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ဘာဖြစ်နေကြမှန်းတော့ ကျွန်တော် မသိပါဘူး ၊ ကျွန်တော် တစ်ခုပဲ ပြောချင်ပါတယ် ၊ ဂိုးရအောင် ဖန်တီးနိုင်စွမ်း ရှိတဲ့ ကစားသမားတွေက ပြီးပြည့်စုံတဲ့ ကစားသမားတွေပါ ၊ သူတို့ တစ်ခါတစ်လေမှာ ထိခိုက်လွယ်ပါတယ် ၊ သူတို့ကို နှစ်သိမ့် အားပေးဖို့ လိုအပ်ပါတယ် ။ ”

” ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့် အနေနဲ့ စွန့်စားရတဲ့ ပေးပို့မှုတွေ လုပ်ဖို့ဆို ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေဖို့ လိုပါတယ် ။ ဂိုးဖန်တီးနိုင်တဲ့ ကစားသမားတွေ တစ်ဖက် အသင်း ဒုက္ခရောက်အောင် ပေးပို့ ဖန်တီးကြသူတွေပါ ။ ”

” မီဆွတ် အိုဇေးလ် က ထူးချွန် ပြောင်​မြောက်တဲ့ ကစားသမားပါ ၊ ကလပ် နဲ့ သူ့ကြားမှာ အခု လက်တစ်လော ဖြစ်ပျက်နေတဲ့ အရာတွေက ထိပ်တိုက် ရင်ဆိုင်နေကြတဲ့ ပုံပိုပေါက်ပါတယ် ၊ အားကစား ကိစ္စချည်း သက်သက်တော့ မဟုတ်လောက်ဘူးလို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ် ။ “‘

” သူက ဆုဖလားတွေ အများကြီး ရယူ ခဲ့သူပါ ၊ ကမ္ဘာ့ ချန်ပီယံ လည်း ဖြစ်သလို ထူးချွန်ပြောင်မြောင်တဲ့ ကစားသမားဆိုလည်း မမှားပါဘူး ။ သူ ဘာကြောင့် ကစားခွင့် မရသလဲ ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး ၊ ဘောလုံးသမား တစ်ဦး ဖြစ်လာရင်တော့ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမှာပါပဲ ။ နည်းပြရဲ့ ယုံကြည်မှု ပြန်ရဖို့ ၊ ပြန်လည် ကစားခွင့်ရဖို့ တိုက်ပွဲ ဝင်ရမှာပါ ။ ”

” လူတွေ တွေးထင်နေကြတဲ့ အရာတွေဟာ မဟုတ်မှန်ကြောင်း သူက ပြသ နိုင်စွမ်း ရှိပါတယ် ၊ နောက်ပြီး သူက တကယ် ကောင်းပြီး ထက်မြက်တဲ့ ကစားသမားပါ ၊ အသင်းမှာ ပြန်ကစားခွင့်ရဖို့ လုံလောက်တဲ့ အရည်အသွေးလည်း ရှိပါတယ် ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့က သူ့အပေါ် မူတည်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR