သန့်သန့်ရှင်းရှင်း နဲ့ ကစားပြီး အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နိုင်အောင် ကြိုးစားလို့လဲ ရတယ်လို့ ပြောဆိုပြီး ၊ အဲဗာတန် ကို ပညာသား ပါပါ နဲ့ တုန့်ပြန်သွားတဲ့ ယာဂန် ကလော့ပ်

လီဗာပူး အသင်းရဲ့ နည်းပြ ယာဂန် ကေလာ့ပ်ဟာ ဗန်ဒိုက် ရဲ့ ဒဏ်ရာ ပြသနာ အခြေအနေကို ဂဃနဏ မသိခင် အချိန်ကတော့ ၊ အဲဗာတန် အပေါ် သိပ်ပြီး ဝေဖန်ခဲ့ခြင်း မရှိပေမယ့် ၊ တစ်ရာသီလုံး နီးပါး အနားယူရနိုင်တယ်လို့ သေချာသွားချိန်မှာတော့ အဲဗာတန် ကိုရော ၊ ဒိုင်လူကြီးတွေ ကိုပါ အချက်အလက် ကျကျနဲ့ ဝေဖန်သွားခဲ့ ပါတယ်။

အဲဗာတန် ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ နေခွင့်ရဖို့ အတွက် လီဗာပူး ကို အောက်လမ်းနည်းတွေ သုံးကာ လူချ ကစားဖို့ အတွက် ပြင်ဆင်ထားတယ် ဆိုတဲ့ အကြောင်းကို ယာဂန် ကေလာ့ပ်က သွယ်ဝိုက် ပြောဆိုသွားခဲ့သလို ၊ အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဖြစ်နေတဲ့ အတွက် အရေးယူဖို့ ငြင်းဆန်ခဲ့တဲ့ FA ကိုလဲ ထောက်ပြ ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ ပါတယ်။

အေဂျက် နဲ့ မကစားမီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ လီဗာပူ နည်းပြကြီးက“ လွန်ခဲ့တဲ့ ရက် အနည်းငယ် အတွင်းက သေချာပေါက် မဖြစ်သင့်တဲ့ ကိစ္စတွေ ကျနော်တို့မှာ ဖြစ်ခဲ့တယ်။ ဒါမျိုးတွေက ဘောလုံးပွဲ တစ်ပွဲမှာလုံးဝကို မဖြစ်သင့်ဘူး။ ဒါဟာ ဘောလုံးလောကမှာ ပထမဆုံး အကြိမ် မဟုတ်သလို ၊ နောက်ဆုံး အကြိမ် ဖြစ်လာမှာလဲ မဟုတ်ဘူး။

ကျနော့် စကားကို အချိုသာဆုံး နှိမ့်ပြီး ပြောရရင် လီဗာပူး ကစားသမား နှစ်ယောက်စလုံး ကျူးလွန်ခံလိုက်ရတဲ့ ဖျက်ထုတ်မှုတွေက လက်ခံပေးဖို့ အရမ်းခဲယဉ်းတယ်။

အဲဒီပွဲပြီး နောက်တစ်နေ့ ရောက်တော့ အသင်းသားတွေ နဲ့ တွေ့ပြီး စကားပြောဖြစ်ခဲ့တယ်။ ဗန်ဒိုက် ဆိုတာ အရည်သွေးပိုင်းနဲ့ ပတ်သက်လာရင် ဘာမှကို အပြစ်ပြောစရာ မရှိတဲ့ ကစားသမား တစ်ယောက် ၊ ကမ္ဘာ့အဆင့်မီ ခံစစ်မှုး ။

ဒါကြောင့် သူ့ကို ကျနော်တို့ အမြဲတမ်း သတိရနေမှာပဲ။ ချိန်ဘာလိန် အတွက်လဲ ထိုနည်းတူစွာပဲ။

ဒဏ်ရာ ပြသနာတွေ ဆိုတာ ဘောလုံး လောကမှာ ရင်ဆိုင်နေကျ ပြသနာတွေ ပါ။ ကစားသမား နှစ်ယောက်စလုံးက ဘောလုံးကို ယှဉ်ပြီး လုကြပြီ ဆိုတာ နဲ့ ဒါမျိုးတွေက ဖြစ်မှာပါပဲ။ ဒါပေမယ့် ဒီ အဖြစ်အပျက် နှစ်ခုမှာတော့ လက်ခံပေးဖို့ အတွက်က တော်တော်လေး ခက်ပါတယ်။

လွန်ခဲ့တဲ့ 4 နှစ် အတွင်းကို ပြန်ကြည့်လိုက်မယ် ဆိုရင် ကျနော်တို့ အသင်းဟာ Fair Play အမှတ်ပေးဇယား ရဲ့ ထိပ်ဆုံးမှာပဲ အမြဲတမ်း ရပ်တည်ခဲ့တာပါ။ ဒီ အဓိပ္ပါယ်က ကျနော့် ကစားသမားတွေဟာ ဘောလုံး ကစားတဲ့ နေရာမှာ ဘောလုံးကိုပဲ အာရုံစိုက်ထားတယ် ဆိုတာ သေချာပေါက် ပြောလို့ရပါတယ်။

ပြီးတော့ အမှတ်ပေးဇယား ကို ကြည့်လိုက်ပါဦး ။ ကျနော်တို့ ဟာ ထိပ်ဆုံးတွေမှာပဲ ဆက်ပြီး ရပ်တည်နိုင်ခဲ့တာ များပါတယ်။ ထပ်ပြောရရင် အမှတ်ပေးဇယား ထိပ်ဆုံးကို ရပ်တည်နိုင်ဖို့ အတွက် အဲဒီလို ညစ်ညစ်ပတ်ပတ် ကစားစရာ မလိုပဲ ၊ သန့်သန့် ရှင်းရှင်း ကစားပြီး ကြိုးစားလို့ရတယ် ဆိုတာ သက်သေပြထားတာလေ။

ဒီပွဲနဲ့ ပတ်သက်ပြီး ပြောချင်တဲ့ အချက်တွေတော့ နည်းနည်းရှိတယ်။

ပထမဆုံး အနေနဲ့ မိုက်ကယ် အိုလီဗာဟာ ဒီအနေအထားကို မမြင်ခဲ့ဘူး။ သူဟာ အရမ်းတော်တဲ့ ဒိုင်တစ်ယောက်ပါဘူး။ ဒါပေမယ့် သူဟာ ဖျက်ထုတ်လိုက်တဲ့ ပုံစံကို ကောင်းကောင်းမြင်နိုင်တဲ့ နေရာမှာ ရှိလို့ ၊ မမြင်လိုက်ဘူး ဆိုတာ တော်တော်လေး နားမလည်အောင် ဖြစ်ရပါတယ်။

ပြီးတော့ ဘောလုံး ဥပဒေ စည်းမျဉ်းတွေ အသုံးပြုဖို့ မေ့နေတဲ့ အချက်ပါ။

ကျနော်တို့ အားလုံး အသုံးပြုဖို့ ပြဌာန်း ထားတဲ့ စည်းမျဉ်းတွေ အရ ၊ ကွင်းထဲမှာ အမှားတစ်ခုခု လုပ်ပြီ ဆိုရင် ၊ အဲဒီ အကျိုးဆက်ကို ခံရမှာပါပဲ။ ဒါပေမယ့် ဒီအနေအထား နှစ်ခုမှာတော့ အကျိုးဆက် ခံစားလိုက်ရတာ ကျနော့် ကစားသမား နှစ်ယောက်ပါ။

တစ်ခြား အသင်းကလူတွေ ကတော့ သာမန်လေးနဲ့ပဲ အဆုံးသတ်သွားခဲ့တယ် ဆိုတော့ ၊ ဒီ ကိစ္စက တော်တော်လေး လက်ခံရတာ ခက်ခဲပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

အဲဗာတန် နဲ့ ကစားပုံ နဲ့ ပတ်သက်ပြီး ယာဂန် ကလော့ပ် တစ်ယောက် ထဲတင် ပေါက်ကွဲသွားတာ မဟုတ်ပဲ ၊ ကွင်းလယ် ကစားသမာ ဝိုင်နယ်ဒမ် ကလဲ ပြင်းပြင်းထန်ထန် မှတ်ချက် ပေးသွားခဲ့ပြီး ၊ အဲဒီညက အိပ်လို့တောင် မပျော်ခဲ့ဖူးလို့ ပြောဆိုသွားခဲ့ ပြန်ပါတယ်။

“ ကျနော့် အမြင်တော့ ပစ်ဖို့ ဘောလုံး ဝင်တားတဲ့ ပုံစံက တော်တော်ကို ညစ်ပတ်လွန်းတယ်။

သူ့ အနေနဲ့ ဗန်ဒိုက် ကို အခုလောက်အထိ ဒဏ်ရာ ရသွားဖို့ ရည်ရွယ်ထားမှာ မဟုတ်တာသေချာပါတယ် ၊ ဒါပေမယ့် သူ ဝင်လာတဲ့ ပုံစံက ဘာဖြစ်ဖြစ် ကွာ ဆိုတဲ့ ပုံစံမျိုးတော့ ဖြစ်နေတယ်။ ပြီးတော့ ဗန်ဒိုက် ဒီလောက်အထိ ဖြစ်သွားတာတောင် သူ့ဘက်က ကိုယ်ချင်းစာနာ စိတ်လေး ပြဖော်တောင် မရဘူး။

ဒီပွဲဟာ ဒါဘီ ပွဲဆိုတာ နားလည်ပါတယ်။ ကျနော်တို့လဲ အနိုင်ရဖို့ အတွက်ပဲ အစွမ်းကုန် ဦးတည် ကစားကြတာပါ။ တစ်ခါတလေမှာ ကြမ်းကြမ်းတမ်းတွေ ဝင်ကြတာတွေလဲ ရှိပါတယ်။ ဒါပေမယ့် ဒီပုံစံကြီးကတော့ လွန်လွန်းပါတယ်။

ပြီးတော့ တစ်ယောက်ထဲလဲ မဟုတ်ပါဘူး တီယာဂို ပါ ထပ်ပြီး ခံလိုက်ရတာပါ။ ဘောလုံး ကစားပြီ ဆိုမှာတော့ တစ်ခါတလေမှာ အခန့်မသင့်ရင် ဖြစ်တတ်တဲ့ သဘောကို နားလည်ပါတယ်။ ဒါပေမယ့် အဲဗာတန် ရဲ့ ပုံစံကတော့ လုံး၀ ကို လက်ခံပေးနိုင်စရာ အကြောင်းကို မရှိပါဘူး” လို့ နယ်သာလန် ကွင်းလယ် ကစားသမာ က ပြောဆိုသွားခဲ့ ပါတယ်။