မာဆေးဆိုက်ဒါဘီမှ ပစ်ဖို့ဒ်နဲ့ ရစ်ချယ်လဆင် တို့ရဲ့ လုပ်ရပ်တွေကို ပေါ်ပေါ်တင်တင် ဝေဖန်ပြစ်တင်လိုက်တဲ့ ဝိုင်နယ်ဒန်

လီဗာပူး ကွင်းလယ်လူ ဂျီနီဝိုင်နယ်ဒန်ဟာ စနေနေ့က မာဆေးဆိုက်ဒါဘီမှာ ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ် ၊ ရစ်ချယ်လဆင် တို့ရဲ့ ဆိုးရွားတဲ့ ပွဲချည်းကပ်ပုံကို ဝေဖန်ပြစ်တင် သွားခဲ့ပြီး ဗာဂျယ်ဗန်ဒိုက် ကို ကာလရှည် ဒဏ်ရာ ရရှိသွားစေခဲ့တဲ့ ပစ်ဖို့ဒ်ရဲ လုပ်ရပ်ဟာ တကယ့်ကို စဥ်းစားဆင်ခြင်ဥာဏ် ကင်းမဲ့လှတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပေါ်ပေါ်တင်တင် ဝေဖန်လိုက်ပါတယ်။ ဗန်ဒိုက်ဟာ မာဆေးဆိုက်ဒါဘီရဲ့ ပွဲချိန် ၆ မိနစ်မှာပဲ ပစ်ဖို့ဒ်ရဲ့ ခြေစုံပစ်ဝင်မှုနဲ့ အတူ ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပြီး ပွဲဆက်မကစား နိုင်တော့တာကြောင့် ဂိုးမက်ဇ်နဲ့ လူစားလဲ ခဲ့ရပါတယ်။

ဗန်ဒိုက်ရဲ့ ဒဏ်ရာဟာ ပြင်းထန်မှု ရှိတာကြောင့် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်ခဲ့ပြီး အခုချိန်မှာတော့ လီဗာပူးဟာ သူတို့ အားအထားရဆုံး နောက်ခံလူကို တစ်ရာသီလုံး လက်လွှတ် သွားရဖို့ ရှိနေပြီး ပစ်ဖို့ဒ်ရဲ့ လုပ်ရပ်ဟာ အန်ဖီးကလပ်ရဲ့ ဒီရာသီ ရည်မှန်းချက်တွေကို များစွာ ထိခိုက် သွားစေနိုင်ပါတယ်။

ဒါပေမယ့် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ကိုပဲ ပစ်ဖို့ဒ်ဟာ ဘာပြစ်ဒဏ်မှ မရရှိခဲ့ဘဲ VAR ဒိုင် ဒေးဗစ်ကုဒ်ဟာ ဒီအဖြစ်အပျက်ကို ကွင်းလယ်ဒိုင် အိုလီဗာကို အကြောင်းကြားရန် ပျက်ကွက် ခဲ့ပါတယ်။

အလားတူပဲ အဲဗာတန် တိုက်စစ်မှုး ရစ်ချယ်လဆင် ကလည်း ပွဲပြီးခါနီးမှာ တီယာဂိုကို ဒဏ်ရာ အပြင်းအထန် ရစေနိုင်တဲ့ ဖျက်ထုတ်မှု လုပ်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ထိခဲ့ပြီး ကံကောင်းစွာနဲ့ပဲ တီယာဂိုဟာ ဒဏ်ရာ အပြင်းအထန်တော့ မရခဲ့ပါဘူး။ အိုင်ယက်နဲ့ ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ဝိုင်နယ်ဒန်ဟာ အဆိုပါပွဲမှာ ဗန်ဒိုက် နဲ့ တီယာဂို တို့ကို ဒူးဒဏ်ရာတွေ ရရှိစေခဲ့တဲ့ အဲဗာတန်ရဲ့ ပွဲချည်းကပ်ပုံကို ဝေဖန်ပြစ်တင် လိုက်ပါတယ်။

ဝိုင်နယ်ဒန်က ”ပထမဦးဆုံး အနေနဲ့ ဒါဟာ တကယ့်ကို စိတ်ထိခိုက်စရာ ပါပဲ။ ဒါဟာ သာမန် အဖြစ်အပျက်နဲ့ ကွဲပြားပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် လက်ခံရ ခက်ခဲလှပြီး အားလုံးဟာ ဒီကိစ္စနဲ့ ပက်သက်ပြီး စိတ်ခံစားချက်တွေ ကျန်ရှိနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဗန်ဒိုက် ဒီလိုမျိုး ပုံစံနဲ့ ဒဏ်ရာ ရရှိခဲ့ပြီးနောက် နောက်တစ်နေ့မှာ ကောင်လေးတွေနဲ့ စကားပြောကြည့်တဲ့ အခါ သူတို့လည်း အဲဒီညက ကောင်းကောင်း အိပ်ပျော်ကြလိမ့်မယ်လို့တောင် ကျွန်တော် မထင်မိပါဘူး။ ကျွန်တော့် အတွက်ကတော့ ဒါဟာ လက်ခံရ ခက်ခဲပါတယ်။ အသင်းလည်း ဒီအတိုင်းပါပဲ။

ကျွန်တော် ခုနက ရှင်းပြခဲ့သလိုပဲ ကျွန်တော်တို့ စိတ်ပျက် နေပါတယ်။ ပစ်ဖို့ဒ်ရဲ့ ဘောလုံး ဖျက်ထုတ်တဲ့ ပုံစံဟာ ကျွန်တော့်ရဲ့ အမြင်အရ ပြောရမယ် ဆိုရင် တကယ့်ကို စဥ်းစားဥာဏ်မရှိတဲ့ လုပ်ရပ်ပါ။ သူ ဗာဂျယ် အပေါ် ဒဏ်ရာ ရစေချင်တဲ့စိတ် မရှိဘူးလို့ ကျွန်တော် ယုံကြည်ချင်ပါတယ်။ ဒါပေမယ့် သူဖျက်ထုတ်တဲ့ ပုံစံကို ကြည့်လိုက်မယ် ဆိုရင် သူဟာ ပြိုင်ဘက် ကစားသမား ဘာဖြစ်သွားနိုင်သလဲ ဆိုတာ ဂရုမစိုက် ခဲ့တဲ့ ပုံစံဖြစ်ပါတယ်။

ကျွန်တော်တို့ အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီ ပွဲစဥ်တွေ အများကြီး ကစားခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့ အမြင်အရ သူတို့ တအား များလွန်းပါတယ်။ ဒါဟာ ဒါဘီပွဲစဥ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အားလုံးဟာ အနိုင်ရချင်ကြပါတယ်။ တစ်ခါတစ်ရံ ခပ်ကြမ်းကြမ်း ကစားတာတွေ ရှိတက်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကတော့ တအား များသွားပါပြီ။ တီယာဂို အပေါ် ရစ်ချယ်လဆင်ရဲ့ ဖျက်ထုတ်မှုကို ကြည့်လိုက်မယ် ဆိုရင်လည်း ဒါဟာ အန္တရာယ် များတဲ့ လုပ်ရပ်ပါ။ ကျွန်တော်နဲ့ အသင်းသားတွေ စိတ်ပျက်လက်ပျက် ဖြစ်နေတာ ဒီကိစ္စတွေ ပါပဲ။

ဘောလုံးမှာ မတော်တဆ ဆိုတာ အမြဲ ရှိတက်ပါတယ်။ ကိုယ်တိုင်လည်း ကံမကောင်းရင် ဒဏ်ရာ ရနိုင်သလို ဘယ်သူမဆို ဒီလို ဖြစ်တက်ပါတယ်။ ဒါပေမယ့် သူတို့ လုပ်ခဲ့တဲ့ ပုံစံတွေကတော့ လုံးဝကို လက်မခံနိုင်စရာပါပဲ။ သူတို့ ပြစ်ဒဏ် မကျခဲ့တဲ့အတွက် ပိုပြီး လက်ခံရ ခက်ခဲပါတယ်။ အထူးသဖြင့် ပစ်ဖို့ဒ်ရဲ့ ကိစ္စပေါ့။” လို့ ဝေဖန်ပြစ်တင် လိုက်ပါတယ်။

ဒိုင်လူကြီးတွေဟာ ပစ်ဖို့ဒ်ရဲ့ လုပ်ရပ်ကို ကွင်းထဲမှာ ကောင်းကောင်း မြင်တွေ့ ခဲ့ရပြီး ဖြစ်တာကြောင့် အဲဗာတန် ဂိုးသမားကို ပွဲပြီးပြစ်ဒဏ် ချမှတ်သွားဖို့ မရှိဘူးလို့ အက်ဖ်အေက ကြေငြာ ခဲ့ပေမယ့် အဆိုပါ ဖြစ်ရပ်ဟာ အရေးယူလို့ ရတယ်ဆိုတာ​ကို မေ့လျော့နေခဲ့တဲ့ VAR ဒိုင်လူကြီး ဒေးဗစ်ကုဒ်ကိုတော့ ဒီရာသီ ပထမဦးဆုံး အကြိမ်အဖြစ် ကွင်းလယ်ဒိုင် or VAR ဒိုင် အဖြစ်ကနေ ထုတ်ပယ်ကာ ဝက်ဟမ်းနဲ့ မန်စီးတီး တို့ရဲ့ ပွဲစဥ်မှာ စတုတ္ထဒိုင် အဖြစ်သာ တာဝန်ယူစေတော့မှာ ဖြစ်ပါတယ်။

SM