VAR ဒိုင်လူကြီး ရဲ့ ဆုံးဖြတ်ချက် တွေနဲ့ ပတ်သက်ပြီး “တရားဝင်” ဖြေရှင်းချက် ထုတ်ပြန်ပေးဖို့ တောင်းဆိုလိုက်တဲ့ လီဗာပူး

မနေ့ညက ယှဉ်ပြိုင် ကစားသွားတဲ့ မာဆေးဆိုဒ် ဒါဘီ ပွဲစဉ် ကတော့ အငြင်းပွားစရာတွေ အများကြီး နဲ့ ပြီးဆုံးသွားခဲ့ ပါတယ်။လီဗာပူး ဟာ ဒီပွဲမှာ (အန်ဒရီယန် ရဲ့ လက်စွမ်းက လွဲရင်) အကောင်းဆုံး ပုံစံနဲ့ ကစားသွားခဲ့ပြီး ၊ အနိုင် 3 မှတ် ရယူနိုင်ဖို့ အတွက်လဲ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုးတွေ ပြသသွားခဲ့ပါတယ်။ သို့သော် VAR ဒိုင်လူကြီး ဒေးဗစ် ကိုတီ ရဲ့ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် 2 မှတ် နစ်နာ သွားခဲ့ရပါတယ်။

ပထမဆုံး အဖြစ်အပျက် ကတော့ ဗန်ဒိုက် ကို ဂိုးသမား ပစ်ဖို့ဒ် က လူချလိုက်တဲ့ အနေအထားပါ။ ဒီအနေအထားမှာ အနှေးကွက် ပြန်လည် ကြည့်ရှု စစ်ဆေးမှုတွေ အရ ဗန်ဒိုက် က လူကျွံနေခဲ့ပေမယ့် ၊ ပစ်ဖို့ ခြေစုံပစ် ဝင်လိုက်တဲ့ ပုံစံက တော်တော်ကြီးကို ဆိုးဝါးလွန်းခဲ့ပြီး ၊ လီဗာပူး ရဲ့ အဓိက ခံစစ်မှုးလဲ ကွင်းထဲကနေ ထွက်ခွာ သွားခဲ့ရပါတယ်။

ဗန်ဒိုက် ဟာ အဆိုပါ ဒဏ်ရာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ၊ ACL (ဒူးအရွတ် စုတ်ပြဲသွားတဲ့) ဒဏ်ရာမျိုး ရရှိသွားတာလား ဆိုတာ စစ်ဆေး သိရှိနိုင်ဖို့ အတွက် Scan ဖတ်ကာ အသေးစိတ် စစ်ဆေးမှုတွေ ခံယူခဲ့ရပါတယ်။ ဆေးရုံက ပြန်ထွက်ချိန်မှာတော့ ချိုင်းထောက် အကူနဲ့ ထွက်လာတဲ့ အကြောင်း Liverpool Echo သတင်းက ဖော်ပြခဲ့ကာ ၊ ဘယ်လောက် အထိ အနားယူရမယ် ဆိုတာ အတိအကျ ခန့်မှန်းလို့ မရသေးဘူးလို့ ရေးသားသွားခဲ့ ပါတယ်။

သို့သော် ဒူးဒဏ်ရာ ရရှိပြီ ဆိုရင် ကာလရှည် အနားယူရတာ များလို့ ၊ ဗန်ဒိုက် ရဲ့ ဒဏ်ရာကလဲ လနဲ့ချီပြီး နားရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ဒီအနေအထား အပေါ်ကို ဒေါသတကြီး နဲ့ ဝေဖန်ခဲ့သူတွေ က အင်္ဂလန် ဂိုးသမားဟောင်း ရောဘတ် ဂရင်း နဲ့ တိုက်စစ်မှုးဟောင်း အလန်ရှီးယားတို့ ဖြစ်ပါတယ်။

ရောဘတ် ဂရင်းက ပစ်ဖို့ဒ် ရဲ့ မျက်လုံးက ဘောလုံးကို အာရုံစိုက်ထားတာ ဆိုပေမယ့် ၊ လူချဖို့ အသားကုန် ပစ်ဝင်တာ ဖြစ်တယ်လို့ စွပ်စွဲ သွားခဲ့ပြီး ၊ အလန်ရှီးယားကလဲ သေချာပေါက် အနီကဒ် ပြရမယ်လို့ Match of the Day အစီအစဉ် ကနေ သုံးသပ်သွားခဲ့ ပါတယ်။

တကယ်ဆိုရင် VAR ဒိုင်လူကြီး အနေနဲ့ သူတစ်ယောက်ထဲ အမြင်က သိပ်ပြီး မသေချာခဲ့ရင် ၊ အဲဒီ အနေအထား နဲ့ ပတ်သက်ပြီး ကွင်းလယ် ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ ကို ပြန်လည် သုံးသပ်ကြည့်ဖို့ လမ်းညွှန်ပေးရမှာ ဖြစ်သော်လဲ ၊ အဲဒီလို လုပ်ဆောင်ခြင်း မရှိခဲ့တဲ့ အပြင် ၊ ဘာကဒ်မှ ပြသဖို့ အကြံပေးခဲ့ခြင်း မရှိလို့ တော်တော်လေးကို ထူးဆန်းခဲ့ ပါတယ်။

ဒါကြောင့်လဲ ပွဲအပြီးမှာ အသင်းခေါင်းဆောင် ဟန်ဒါဆင် နဲ့ နည်းပြ ကလော့ပ် တို့က ဒေါသတကြီး နဲ့ ဝေဖန်သွားခဲ့တာပါ။

 

VAR ရဲ့ အဆုံးအဖြတ် ဟာ ပိုပြီးတော့ အငြင်းပွားသွားစေခဲ့တဲ့ ဖြစ်ရပ်ဟာ နောက်ဆုံးမီးနစ်မှာ ဟန်ဒါဆင် ရဲ့ ဂိုးကို ပယ်ဖျက်ပြီး ၊ မာနေး ကို လူကျွံ သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ထွက်ပေါ်လာတဲ့ ဓါတ်ပုံ မှတ်တမ်းတွေ မှာတော့ မာနေး လူကျွံတယ်လို့ ဘယ်သူကမှ ယုံကြည်ခြင်း မရှိသေးပါဘူး။

ဒါကြောင့်လဲ ဝေဖန် သုံးသပ်သူ တစ်ချို့ က VAR ဟာ မာနေး လူကျွံအောင်တော့ မြင်အောင် ကြည့်နိုင်ပြီး ၊ ပစ်ဖို့ဒ် လူချလိုက်တဲ့ အပေါ်မှာတော့ မျက်ကွယ်ပြုနေခဲ့တယ်လို့ ခနဲ့ နေကြပါတယ်။

လီဗာပူး ကတော့ အဆိုပါ ဖြစ်ရပ်တွေ နဲ့ ပတ်သက်ပြီး ဒိုင်လူကြီးတွေ အနေနဲ့ ဘယ်ရှုထောင့်ကနေ စဉ်းစားက ဆုံးဖြတ်ချက် ချမှတ်ခဲ့တာလဲ ဖြစ်ကြောင်း ၊ တရားဝင် ဖြေရှင်းချက် ပေးဖို့ တောင်းဆိုထားပြီ ဖြစ်ပါတယ်။

SPORTS MYANMAR