ဟာသဆန်လွန်းတဲ့ ပေးဂိုး တဂိုး အပါအဝင် ပြိုင်ဖက်ကို ၃ဂိုး ခွင့်ပြုခဲ့ရတဲ့ ကီပါ အပေါ် အပြစ်တင် ဝေဖန်ဖို့ ငြင်းဆန်လိုက်တဲ့ #လမ်းပတ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ဂျာမန်သား ၂ဦး ဖြစ်တဲ့ တီမို ဗာနာ နဲ့ ကိုင်ဟာဗက်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ၂ကြိမ်တိုင်တိုင် ဦးဆောင်ခဲ့ပေမယ့် ၊ ခံစစ်ပိုင်း ပေါ့လျော့မှုတွေနဲ့ အတူ ပေးဂိုး ၃ဂိုး ခွင့်ပြုခဲ့ရပြီး ၊ ပွဲအပြီးမှာတော့ သရေ တမှတ် နဲ့ ကျေနပ်ခဲ့ရပါတယ် ။

 

ပေးခဲ့ရတဲ့ ဂိုး၃ဂိုးလုံး ဟာ ပြိုင်ဖက် ဆောက်သမ်တန် အသင်း က open play ကနေ ကစားကွက် လှလှပပ နဲ့ သွင်းယူသွားတဲ့ ဂိုးတွေ မဟုတ်ခဲ့ပဲ ၊ ခံစစ်ပိုင်း တဦးချင်း အမှားအယွင်း တွေကနေ ပေါ့ပျက်ပျက် ဂိုးတွေ ခွင့်ပြုလိုက်ရခြင်း ဖြစ်ပါတယ် ။

အထူးသဖြင့် ဆောက်သမ်တန် အသင်း ရရှိခဲ့တဲ့ ဒုတိယ ချေပဂိုး မှာ ဟာသဆန်တဲ့ ချဲလ်ဆီး ခံစစ် ကစားပုံ ကို မြင်တွေ့ခဲ့ရပြီး ၊ မိမိ ကိုယ်ကို ယုံကြည်မှု လွန်ကဲနေတဲ့ ဇူးမား က ဘောလုံး နောက်ပြန်ပေးရာမှာ သေသပ်မှု မရှိခဲ့သလို ၊ ဒီ ပေးပို့မှု ကို ရှေ့ထွက် ရှင်းထုတ်ဖို့ ကြိုးစားခဲ့တဲ့ ကီပါ ရဲ့ ဆုံးဖြတ်ချက် ကလည်း ပြတ်သားမှု မရှိခဲ့ပါဘူး ။

ဒါကို ဆောက်သမ်တန် တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ ဒန်နီအင့်စ် နဲ့ ချေအဒမ်စ် တို့က ပီပီပြင်ပြင် အသုံးချသွားခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ဒုတိယ ချေပဂိုး အတွက် သူ ဘယ်လောက်ထိ စိတ်ပျက်ရတဲ့ အကြောင်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ ဒီ အမှားတွေဟာ ခင်ဗျား ကို သေချာပေါက် စိတ်ပူစေပါတယ် ။ ကျွန်တော် တို့ဟာ ဒီ အခြေအနေမျိုး ကို အခုထက် ပိုပြီး ရိုးရိုးရှင်းရှင်း နဲ့ ကောင်းမွန်တဲ့ ပုံစံမျိုး နဲ့ ဖြေရှင်းနိုင်ခဲ့သင့်ပါတယ် ။ ဒီ အမှား က ပြိုင်ဖက် အသင်း ဟာ ၂ – ၂ သရေ ရလဒ် ကို စွမ်းဆောင်ခဲ့ပါတယ် ။ ”

” ဒီလို အမှားမျိုး ဆက်ပြီး ကျူးလွန်နေရင်တော့ ခင်ဗျား ဟာ ပွဲချိန် အရှေ့ မှာ တောက်လျှောက် ဘယ်လောက်ပဲ ကစားပုံ ကောင်းလာခဲ့ပါစေ ၊ ဘာမှ အကျိုးဖြစ်ထွန်းမှာ မဟုတ်ပါဘူး ။ ဒီ အမှားမျိုး ဟာ ကျွန်တော်တို့ရဲ့ ကစားပွဲထဲမှာ ရှိကို မရှိသင့်တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ပြီးခဲ့တဲ့ international break အတွင်း ညာခြေထောက် ဒဏ်ရာ ရခဲ့တဲ့ ဆီနီဂေါ ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ အစား ၊ ဝေဖန်ခံနေရတဲ့ စပိန် ဂိုးသမား ကီပါ အရီဇာဘာလာဂါ ဝင်ဖမ်းခဲ့ကာ ၊ အချို့သော ကာကွယ်မှုတွေ ကို လုပ်နိုင်ခဲ့ပေမယ့် ၊ ဒုတိယ ပေးဂိုးကြောင့် ပိုမို ဝေဖန်သံတွေ ညံလာခဲ့ပြီ ဖြစ်ပါတယ် ။ သို့ပေမယ့် ချဲလ်ဆီး နည်းပြ လမ်းပတ် ကတော့ ကီပါ ကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပါတယ် ။

လမ်းပတ် က ” ဒီနေ့ ပွဲမှာ လူတိုင်း ရဲ့ အာရုံ က ကီပါ ဆီမှာ ရှိနေခဲ့ကြပါတယ် ။ လက်ရှိ အသင်း အတွင်း ပွဲထွက်ခွင့် ပြိုင်ဆိုင်မှု အရမ်း ပြင်းထန်တဲ့ အတွက် ကီပါ ကိုယ်တိုင် ကလည်း ဒီပွဲမှာ သူဟာ ဘယ်လောက်ထိ ဖိအားတွေ ရှိနေမလဲ ၊ လူတိုင်းရဲ့ မျက်စိ ဒေါက်ထောင့် စောင့်ကြည့်ခံရမှု ကို ခံနေရမယ် ဆိုတာလည်း သိပါတယ် ။ ”

” ဒီ ဖိအားဒဏ် တွေကို သူ ဖြေရှင်း ကျော်လွှားနိုင်ရပါမယ် ။ နောက်ပြီး သူဟာ ကျွန်တော် အပါအဝင် အသင်းသားတိုင်းရဲ့ ထောက်ခံ အားပေးမှု ကို အပြည့်အဝ ရထားပါတယ် ။ တချို့ ကောင်းတဲ့ ကာကွယ်မှုတွေ သူ ဒီနေ့ပွဲမှာ လုပ်ပြခဲ့ပေမယ့် ၊ ဒီ ပေးဂိုးတွေကြောင့် သူ ကံဆိုးသွားတယ်ပဲ ပြောရပါမယ် ။ ”

” ခင်ဗျား ဟာ ဂိုးသမား တယောက် ဖြစ်မယ် ဆိုရင် လူတိုင်း က ခင်ဗျား ကို ကောင်းတဲ့ အခိုက်အတန့်ထက် ၊ တခြား ဆိုးရွားတဲ့ အခိုက်အတန့်တွေကိုလည်း ဝေဖန် ထောက်ပြကြတယ် ဆိုတာကို သူသိဖို့ လိုပါတယ် ။ သူ့ အနေနဲ့ ရှေ့ဆက် မနားတမ်း ကြိုးစားရပါမယ် ။ ”

” သူ့အတွက် ဒီ အခက်အခဲ ကာလတွေကို ကျော်လွှားနိုင်ဖို့ နည်းတနည်းပဲ ရှိပါတယ် ။ အဲ့ဒါကတော့ ဇွဲမလျှော့တမ်း ကြိုးစားနေဖို့ နဲ့ ကျွန်တော်တို့ရဲ့ ထောက်ခံမှု ကို အပြည့်အဝ ရထားတယ် ဆိုတာ သူ့အနေနဲ့ ခံစားသိဖို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR