လူကျွံဘော ဖြစ်သွားအောင် မျဉ်းကို ကွေးပစ်ခဲ့တယ်လို့ VAR ဒိုင်လူကြီးအပေါ် ခပ်ရွှတ်ရွှတ် ပြောလိုက်တဲ့ ဟန်ဒါဆန်

လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က အဲဗာတန်နဲ့ မာဆေးဆိုက် ဒါဘီမှာ သူ့ရဲ့ အနိုင်ဂိုးကို ခွင့်မပြု ခဲ့မှု အပေါ် ခပ်ရွှတ်ရွှတ် ပြောသွားခဲ့ပြီး VAR ဒိုင်တွေဟာ အတွက် တစ်ခါတစ်ရံ offside line တွေကို ကွေးပစ် တက်တယ်လို့ ဆိုခဲ့ပါတယ်။ လီဗာပူး အသင်းခေါင်းဆောင်ဟာ နာကျင် အချိန်ပိုမှာ ဆာဒီယိုမာနေးရဲ့ ဖန်တီးမှု ကနေ တဆင့် လီဗာပူးကို ၃-၂ ဖြစ်သွားစေမယ့် ဂိုးကို သွင်းယူ ခဲ့ပါတယ်။

ဒါပေမယ့် ဟန်ဒါဆန်နဲ့ လီဗာပူး အသင်းရဲ့ အပြုံးတွေဟာ မကြာခင်ပဲ ပျောက်ကွယ် သွားခဲ့ရပြီး VAR ဒိုင် အဖြစ် တာဝန်ယူခဲ့တဲ့ ဒေးဗစ်ကူတီက သွင်းဂိုး မတိုင်မီ build-up မှာ မာနေး လူကျွံနေတယ်လို့ ဆိုကာ သွင်းဂိုး အဖြစ် ခွင့်မပြု ခဲ့ပါဘူး။ ဒီဆုံးဖြတ်ချက်ကြောင့် ဘောလုံး ပရိတ်သတ်တွေ အပြင် အစီအစဉ် တင်ဆက်သူတွေ ၊ pundit တွေ ကိုယ်တိုင် အံ့သြမှင်သက် ခဲ့ကြပြီး ရုပ်ပုံတွေ အရ မာနေးဟာ အဲဗာတန် နောက်ခံလူတွေနဲ့ တစ်တန်းတည်းမှာ ရှိနေပြီး လူကျွံနေတာကို မတွေ့ ခဲ့ရပါဘူး။

အဆိုပါ ပွဲစဉ် အပြီး ဒီအကြောင်းကို ဆွေးနွေးရာမှာ ဟန်ဒါဆန်က ဒီဆုံးဖြတ်ချက် အပေါ် စိတ်ပျက် နေခဲ့ပေမယ့်လည်း VAR ဒိုင်ကို ပြင်းပြင်းထန်ထန် မဝေဖန် ခဲ့ဘဲ ခပ်ရွှတ်ရွှတ်သာ ပြောသွား ခဲ့ပါတယ်။

ဟန်ဒါဆန်က “VAR ပြန်ကြည့်ပြီ ဆိုရင် ဒါဟာ offside ဖြစ်ရမှာပါ။ ဘာလို့လဲဆိုတော့ အားလုံးက ဒါကိုပဲ လိုချင်နေလို့ ဖြစ်ပါတယ်။ သူတို့ဟာ offside ဖြစ်အောင် လုပ်ဖို့ အတွက် တစ်ခါတစ်ရံ မျဉ်းတွေကို ကွေးပစ် ကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ ဒါကို ဘယ်လို လုပ်သလဲ ဆိုတာ ကျွန်တော် သေချာမသိ ပေမယ့် ဒါမျိုး အရင်က ကျွန်တော် မြင်ခဲ့ဖူးပါတယ်။

ကျွန်တော်တို့ မာဆေးဆိုက် ဒါဘီမှာ အနိုင် မရခဲ့တဲ့ အတွက် စိတ်ပျက်လက်ပျက် ဖြစ်မိပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ ကစား သွားခဲ့တဲ့ ပုံစံ ၊ ကျွန်တော်တို့ ဖန်တီး နိုင်ခဲ့တဲ့ အခွင့်အရေးတွေကို ကြည့်လိုက်မယ် ဆိုရင် ကျွန်တော်တို့ အနိုင် ရရှိဖို့ ထိုက်တန် ပါတယ်။ အဲဗာတန် ကတော့ သရေ ကျခဲ့တဲ့ အတွက် ပိုမို ပျော်ရွှင် နေကြမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဟန်ဒါဆန်က လီဗာပူးဟာ နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မီ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၇-၂ နဲ့ ရှုံးနိမ့် ခဲ့ပေမယ့်လည်း မာဆေးဆိုက် ဒါဘီမှာ ပုံစံကောင်းနဲ့ ပြန်လည် တုန့်ပြန် နိုင်ခဲ့တဲ့ အပေါ် ကျေနပ်မိတယ်လို့ ဆိုလိုက်ပါတယ်။

ဟန်ဒါဆန်က “ဗီလာနဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ ကစားပုံဟာ အတော် ဆိုးရွား ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး ဒါကို သိကြပါတယ်။ ဒါပေမယ့် အဓိက အရာက ပြန်လည် တုန့်ပြန် သွားဖို့ ပါပဲ။ ဒီနေ့ည ပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ ကစားပုံ အချို့ နဲ့ အခွင့်အရေး ဖန်တီးမှု တွေဟာ တကယ့်ကို ကောင်းလှပါတယ်။

အခုချိန်မှာ ကျွန်တော်တို့ အတွက် နောက်ထပ် အရေးကြီးဆုံး ပွဲစဉ်ဟာ လာမည့် ဗုဒ္ဓဟူးနေ့ အမ်စတာဒမ်မှာ သွားရောက် ကစား သွားရမယ့် အိုင်ယက် နဲ့ ချန်ပီယံလိဂ် ပွဲစဉ် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အရေးကြီးဆုံး အရာ ဖြစ်တဲ့ နောက်ထပ် ပွဲစဉ် အပေါ်ပဲ အာရုံ အပြည့်အ၀ စိုက်သွားမှာပါ။” လို့ ဆိုခဲ့ပါတယ်။

လီဗာပူး မန်နေဂျာ ယာဂန်ကလော့ ကလည်း အဲဗာတန်နဲ့ ၂ ဂိုးစီ သရေကျ ခဲ့တဲ့ ပွဲစဉ်မှာ ဂျော်ဒန်ဟန်ဒါဆန်ရဲ့ နာကျင် အချိန်ပို သွင်းဂိုးကို လူကျွံဘော အဖြစ် သတ်မှတ် ခဲ့တဲ့ VAR ဒိုင် ဒေးဗစ်ကူတီရဲ့ ဆုံးဖြတ်ချက် အပေါ် နားမလည်နိုင် ဖြစ်နေပါတယ်။

 

ပွဲအပြီးမှာ ကလော့က “ကျွန်တော် ဟန်ဒါဆန်ရဲ့ ဂိုးကို ပြန်ကြည့် ခဲ့ပြီးပါပြီ။ ဒါဟာ လူကျွံနေတယ်လို့ ကျွန်တော် လုံး၀ မမြင်မိ ပါဘူး။ ပြောရတာ ဝမ်းနည်း ပါတယ်။ ဒီကိစ္စကို တာဝန်ရှိသူ တစ်စုံတစ်ဦးက ကျွန်တော့်ကို ရှင်းပြကောင်း ရှင်းပြ နိုင်မှာပါ။ ဒါပေမယ့် ကျွန်တော် တွေ့ခဲ့တဲ့ ဓာတ်ပုံ အရ ကတော့ ဒါဟာ လုံး၀ လူကျွံနေခြင်း မရှိ ခဲ့ပါဘူး။ ဒါပေမယ့် လူကျွံဘော အဖြစ် သတ်မှတ် ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ တစ်စုံတစ်ဦးက လူကျွံတယ် ဆိုပြီး ဆုံးဖြတ် ခဲ့လို့ပါ။” လို့ ဆိုခဲ့ပါတယ်။

လီဗာပူး အတွက် မာနေးဟာ ပွဲအစ ၃ မိနစ်မှာတင် ရောဘတ်ဆန် ရဲ့ ဖြတ်တင်ဘောကို ပိတ်သွင်းကာ ဦးဆောင်ဂိုး ရယူ ပေးခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၇ မိနစ်မှာ ပစ်ဖို့ဒ်ရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကြောင့် ဗန်ဒိုက် ဒဏ်ရာ ရရှိ သွားခဲ့ကာ ဂိုးမက်ဇ်နဲ့ လူစားလဲခဲ့ရပြီး ဒါဟာ လူကျွံဘော ဖြစ်ခဲ့တာကြောင့် ပင်နယ်တီ မဖြစ် ခဲ့ပေမယ့် VAR ဒိုင်က ပစ်ဖို့ဒ်ကို အနီကတ် အဖြစ် မသတ်မှတ် ခဲ့တာကတော့ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

ဗန်ဒိုက် ထွက်သွားခဲ့တာကြောင့် နောက်တန်း အားနည်းသွားခဲ့တဲ့ လီဗာပူးဘက်ကို ပွဲချိန် မိနစ် ၂၀ မှာ မိုက်ကယ်ကိန်းက ထောင့်ကန်ဘော ကနေ ခေါင်းတိုက် သွင်းယူ သွားခဲ့ပါတယ်။ ပွဲချိန် ၇၂ မိနစ်မှာတော့ ဆာလားက မီနာရဲ့ ရှင်းထုတ်မှုကို မြေမကျ ကန်သွင်းယူ ခဲ့ပြီး ဦးဆောင်ဂိုး ရယူ ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း လူးကပ်ဒင်းရဲ့ ဖြတ်တင်ဘော ကနေ ကလာဗန်လီဝန်က ခေါင်းတိုက် ချေပခဲ့ပြီး ၈၈ မိနစ် မှာတော့ တီယာဂိုကို ရစ်ချယ်လဆင် ကစားပုံ ကြမ်းခဲ့တာကြောင့် အနီကတ် ပြခံခဲ့ရပါတယ်။

အဲဒီနောက် နာကျင်အချိန်ပိုမှာ မာနေးရဲ့ ဖြတ်တင်ဘောကို ဟန်ဒါဆန်က ပိတ်သွင်းယူ ခဲ့တာကြောင့် လီဗာပူးတို့ အနိုင်ရပြီလို့ ထင်မှတ် ခဲ့ပေမယ့်လည်း VAR ဒိုင်က လူကျွံဘော သတ်မှတ် ခဲ့တာကြောင့် လီဗာပူးတို့ သရေတစ်မှတ်နဲ့ ကျေနပ် ခဲ့ရပါတယ်။ ဒါပေမယ့် offside ပုံရိပ်တွေ အရ တကယ်တန်းမှာ မာနေး လူကျွံခဲ့ခြင်း မရှိတာကြောင့် လီဗာပူး အတွက် နစ်နာစရာ ဖြစ်ခဲ့ပြီး အန်ဖီး ကလပ်ဟာ လက်ရှိမှာတော့ ဒီကိစ္စတွေနဲ့ ပက်သက်ပြီး ပရီးမီးယားလိဂ်ကို ဖြေရှင်းချက် တောင်းထားပါတယ်။

SM