မာဆေးဆိုက်ဒါဘီမှာ လီဗာပူးကို နစ်နာစေခဲ့တဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက် အမှား ၂ ခု အပေါ် ဒေါသထွက်နေတဲ့ ယာဂန်ကလော့

လီဗာပူး မန်နေဂျာ ယာဂန်ကလော့ဟာ ဒိုင်လူကြီးတွေရဲ့ ဆိုးရွားတဲ့ အမှားအယွင်း ၂ ခု နဲ့ အတူ မနေ့ညက ဂွတ်ဒီဆင်ပက်မှာ အဲဗာတန်နဲ့ ၂ ဂိုးစီ သရေကျ ခဲ့တဲ့ အပေါ် သူ့ရဲ့ အမြင်ကို ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။ အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ ၂၃၇ ကြိမ်မြောက် မာဆေးဆိုက် ဒါဘီဟာ ၂ ဂိုးစီ သရေနဲ့ ပွဲပြီးခဲ့ပြီး ဂျော်ဒန်ဟန်ဒါဆန်ဟာ နာကျင် အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူ ခဲ့ပေမယ့်လည်း VAR ဒိုင် ဒေးဗစ်ကုက လူကျွံတယ် ဆိုပြီး ပြန်လည် ပယ်ဖျက် ခဲ့ပါတယ်။

 

ဧည့်သည်အသင်းဟာ မာနေးကို ဗီလာနဲ့ ပွဲမှာ လွမ်းဆွတ် ခဲ့ရတယ်ဆိုတာ သိသာ ထင်ရှားခဲ့ပြီး ဆီနီဂေါစတားဟာ ပွဲအစ ၃ မိနစ်မှာတင် ရောဘတ်ဆန် ရဲ့ ဖြတ်တင်ဘောကို ပိတ်သွင်းကာ လီဗာပူး အတွက် ဦးဆောင်ဂိုး ရယူ ပေးခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၇ မိနစ် မှာတင် ပစ်ဖို့ဒ်ရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကြောင့် ဗန်ဒိုက် ဒဏ်ရာ ရရှိ သွားခဲ့ကာ ဒါဟာ လူကျွံဘော ဖြစ်ခဲ့တာကြောင့် ပင်နယ်တီ မဖြစ် ခဲ့ပေမယ့် VAR ဒိုင်က ဒါကို အနီကတ် အဖြစ် မသတ်မှတ် ခဲ့တာဟာ လီဗာပူးအတွက် အတော် နစ်နာလှပါတယ်။

ဒါ့ကြောင့်လည်း လီဗာပူး နောက်တန်း အထိုင်အကျမီ ပွဲချိန် မိနစ် ၂၀ မှာ မိုက်ကယ်ကိန်းဟာ ထောင့်ကန်ဘော ကနေ ခေါင်းတိုက် သွင်းယူ သွားခဲ့ပြီး ပထမပိုင်း အပြီးမှာ ၁-၁ နဲ့ ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာ အဲဗာတန်ရဲ့ ကစားပုံ ပိုကောင်းခဲ့ပြီး ကလာဗန်လီဝန် ၊ ရစ်ချယ်လဆင် တို့ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် လွဲချော် ခဲ့ပါတယ်။ ၆၅ မိနစ် လောက်မှာတော့ လီဗာပူးရဲ့ ကစားဟန် ပိုကောင်းလာခဲ့ပြီး ၇၂ မိနစ်မှာ ဆာလားက မီနာရဲ့ ရှင်းထုတ်မှုကို မြေမကျ ကန်သွင်းယူ ခဲ့ပြီး ဦးဆောင်ဂိုး ရယူ ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း လူးကပ်ဒင်းရဲ့ ဖြတ်တင်ဘော ကနေ ကလာဗန်လီဝန်က ခေါင်းတိုက် ချေပခဲ့ပြီး ၈၈ မိနစ် မှာတော့ တီယာဂိုကို ရစ်ချယ်လဆင် ကစားပုံ ကြမ်းခဲ့တာကြောင့် အနီကတ် ပြခံခဲ့ရပါတယ်။ အဲဒီနောက် နာကျင်အချိန်ပိုမှာ မာနေးရဲ့ ဖြတ်တင်ဘောကို ဟန်ဒါဆန်က ပိတ်သွင်းယူ ခဲ့တာကြောင့် လီဗာပူးတို့ အနိုင်ရပြီလို့ ထင်မှတ် ခဲ့ပေမယ့်လည်း VAR ဒိုင်က လူကျွံဘော သတ်မှတ် ခဲ့တာကြောင့် လီဗာပူးတို့ သရေတစ်မှတ်နဲ့ ကျေနပ် ခဲ့ရပါတယ်။

ဒါပေမယ့် offside ပုံရိပ်တွေ အရ တကယ်တန်းမှာ မာနေး လူကျွံခဲ့ခြင်း မရှိတာကြောင့် ဒီကိစ္စ ကလည်း အငြင်းပွားဖွယ် ဖြစ်ခဲ့ပြီး သေချာတာ ကတော့ လီဗာပူးရဲ့ နေ့ မဟုတ်ခဲ့ပါဘူး။

ပွဲအပြီးမှာ ကလော့က “ပွဲအပြီး အဝတ်လဲခန်းထဲ ဝင်သွားချိန်မှာ ကျွန်တော် တွေ့လိုက်ရတဲ့ အရာကြောင့် ဒီရလဒ်ဟာ လက်ခံရ အတော့်ကို ခက်ခဲပါတယ်။ ဒီပွဲမှာ ကောင်လေးတွေရဲ့ ကစားပုံကို ကျွန်တော် ကြိုက်ပါတယ်။ ကျွန်တော် လီဗာပူးကို ရောက်လာကတည်းက ဒါဟာ မာဆေးဆိုက် ဒါဘီ အဝေးကွင်းမှာ ကျွန်တော့်ရဲ့ အကောင်းဆုံး ကစားဟန်ပါ။

ထိပ်တန်း ကစားပုံကို ပြသနိုင်ခဲ့ပြီး အဲဗာတန်ရဲ့ အထူးအားသာချက်တွေကြောင့်ပဲ ဂိုးတွေ ခွင့်ပြု ခဲ့ရတာပါ။ ထောင့်ကန်ဘောကနေ ဂိုးပေးလိုက်ရတာ ကတော့ ကံမကောင်းတာပါပဲ။ ဗန်ဒိုက် ကွင်းထဲမှာ မရှိချိန် ကျွန်တော်တို့ ဒါကို ဖြေရှင်း သွားရမှာပါ။ ပွဲအတွင်းမှာတော့ ဖြေရှင်း နိုင်ခဲ့ပါတယ်။

တစ်ခုတည်းသော ပြသနာက အဲဒါ ဖြစ်ခဲ့ပါတယ်။ အဲဗာတန်ဟာ ဗန်ဒိုက် ထွက်ခွာပြီးနောက် ပထမဦးဆုံး ရခဲ့တဲ့ ထောင့်ကန်ဘောမှာ ကျွန်တော်တို့ စုစည်းမှု မရှိသေးမီ ဂိုးရယူ သွားခဲ့တာပါ။ ဒါဟာ သူတို့ရဲ့ အရည်အသွေး ဖြစ်ပါတယ်။ ဒုတိယဂိုးနဲ့ ပက်သက်ပြီး ပြောရမယ် ဆိုရင် ဒင်းရဲ့ ဒီဖြတ်တင်ဘောက လွဲပြီး မိနစ် ၉၀ အတွင်း ဒီလို အခြေအနေ အများစုကို ကျွန်တော်တို့ ရှောင်ရှား နိုင်ခဲ့ပါတယ်။

ဘောလုံး လေထဲကို ရောက်နေကတည်းက အဲဗာတန် အရန်ခုံက ဂိုးဝင်တော့မယ် ဆိုတာ သိနေခဲ့ပါတယ်။ သူဟာ ဒီလို အမြင့်ဘော အခြေအနေတွေမှာ အရမ်းကို ကောင်းတယ် ဆိုတာ သူတို့ သိထားခဲ့လို့ပါ။ ကောင်းမွန်တဲ့ ဂိုးပါ။ ကျွန်တော့်တို့ရဲ့ ဂိုးတွေလည်း ကောင်းပါတယ်။

ကွင်းထဲကနေ ထွက်ခွာ လာခဲ့တဲ့ အချိန်မှာ တီယာဂိုက ရစ်ချယ်လဆင် အထုတ်ခံ ခဲ့ရတဲ့ အနီကတ် အခြေအနေမှာ သူဒဏ်ရာ ရရှိ ခဲ့တယ်လို့ ကျွန်တော့်ကို လာပြော ခဲ့ပါတယ်။ ဒါဟာ ဒဏ်ရာ ဟုတ်လား မဟုတ်ဘူးလား ဆိုတာ ကျွန်တော်တို့ ပြန်ကြည့်ရမှာပါ။ ဒါပေမယ့် သူ့ဘက်က ဒီလို ပြောလာခဲ့ပြီ ဆိုရင် ကျွန်တော်တို့ ပြန်စစ်ဆေး သွားရမှာ ဖြစ်ပါတယ်။

အဲဒီနောက် အဝတ်လဲခန်းထဲကို ဝင်လာချိန်မှာ လူတွေ laptop နားမှာ ရပ်နေကြတာကို ကျွန်တော် တွေ့လိုက်ရပြီး ဘာဖြစ်တာလဲလို့ ကျွန်တော် မေးခဲ့ပါတယ်။ သူတို့က ‘ဒါဟာ ဘာကြောင့် လူကျွံသလဲ ဆိုတာ နားမလည်နိုင်လို့ ဒါကို လာကြည့်ပါအုံး’ ဆိုပြီး ပြောခဲ့ပါတယ်။

ကျွန်တော်ဟာ VAR ကို အားပေးသူပါ။ ဒါပေမယ့် offside တွေမှာတော့ သူတို့ မှန်ကန်မှု ရှိမယ်လို့ မျှော်လင့် ထားပြီးသားပါ။ ဗီလာနဲ့ ပွဲမှာ နည်းနည်းလေး လူကျွံခဲ့တာကို ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာကျတော့ line က မာနေးရဲ့ ပခုံးကို ထောက်ထားခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ လုံး၀ လူမကျွံပါဘူး။ အဲဒီနောက် အင်တာဗျူး ၁၀ ခုလောက် လုပ်ခဲ့ပြီး အားလုံးက ဒါဟာ လူမကျွံဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါဟာ ကျွန်တော့်ကို mood မကောင်းစေပါဘူး။

ဒါဟာ ရှုပ်ထွေးပါတယ်။ ကျွန်တော်တို့ ဗာဂျယ်ကို ဆုံးရှုံးလိုက်ရတဲ့ ကိစ္စမှာလည်း VAR က မပါဝင်ခဲ့ပါဘူး။ ရစ်ချယ်လဆင်ရဲ့ အနီကတ် ကိစ္စမှာတော့ သူပါခဲ့မှာပါ။ ကျွန်တော်တို့ရဲ့ တရားဝင် သွင်းဂိုးကလည်း ဂိုးမဖြစ် မသတ်မှတ် ခံရပါဘူး။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ နေ့မဟုတ်တာတော့ သိသာပါတယ်။ ဒါပေမယ့် အသင်းရဲ့ ကစားဟန်ဟာ ကျွန်တော်တို့ လိုချင်တဲ့ အတိုင်းပါပဲ။” လို့ ဆိုသွားပါတယ်။

ယာဂန်ကလော့က လီဗာပူး အသင်း အနေနဲ့ အဲဗာတန်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ဒါဘီ ပွဲစဉ်မှာ ဒဏ်ရာတွေ အသီးသီး ရရှိခဲ့ကြတဲ့ ဗာဂျယ်ဗန်ဒိုက် ၊ တီယာဂို အယ်ကန်တာရာတို့ အချိန် ဘယ်လောက် အနားယူ သွားရမလဲ ဆိုတာ စောင့်ဆိုင်း နေတယ်လို့ အတည်ပြုခဲ့ပြီး နောက်ဆုံး သိရတဲ့ သတင်းများ အရ ဗန်ဒိုက် နဲ့ တီယာဂို တို့ဟာ ၎င်းတို့ရဲ့ ဒဏ်ရာတွေကို စကန်ဖတ် စစ်ဆေးရန် ဆေးရုံကို သွားရောက် ခဲ့တယ်လို့ သိရပါတယ်။

ဗန်ဒိုက်နဲ့ ပက်သက်ပြီး ကလော့က “သူ့ရဲ့ ဒဏ်ရာ ဘယ်လောက် ပြင်းထန် သလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ သေချာ မသိရသေးပေမယ့် အခြေအနေတော့ သိပ်မကောင်းပါဘူး။ ဗန်ဒိုက်ဟာ ကျွန်တော်တို့ အတွက် ပွဲတွေ အများကြီး ဆက်တိုက် ကစား ပေးခဲ့သူပါ။ သူဟာ ဒဏ်ရာ ရနေလျက်နဲ့တောင် ကျွန်တော်တို့ အတွက် ပွဲတိုင်းနီးပါး ကစား ပေးထားသူပါ။ ဒါပေမယ့် သူ ဒီပွဲမှာ ဆက်မကစား နိုင်ခဲ့ပါဘူး။ ဒါဟာ သိပ်ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။” လို့ ပြောသွားပါတယ်။

ဆက်လက်ပြီး ပစ်ဖို့ဒ်ရဲ့ ဖျက်ထုတ်မှု အပေါ် ကလော့က “ပွဲအတွင်းမှာ ဒီကိစ္စဟာ အရမ်းကို မြန်ခဲ့တာကြောင့် ကနဦးမှာ ဒါဟာ ပင်နယ်တီလို့ ထင်ခဲ့ပါတယ်။ အဲဒီနောက် အလံထောင်တာကို မြင်ခဲ့ရပါတယ်။ ဒါ့ကြောင့် offside ပေါ့။ ဒါပေမယ့် foul ဘောကို ပြန်ကြည့်ဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ယူဆ နေဆဲပါ။ ဒါပေမယ့် အဲဒီလို မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ဟာ အဲဒီမှာ ပါဝါမရှိပါဘူး။ ထိုင်စောင့်နေရုံပဲ တက်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဒီကိစ္စနဲ့ ပက်သက်ပြီး တစ်ခြားလူတွေကိုပဲ မေးသွားရမှာပါ။ ကျွန်တော်က ဘာပြောနိုင်မှာလဲဗျာ? ပစ်ဖို့ဒ်ဟာ ဒါကို တမင်ရည်ရွယ် လုပ်တာလို့ ကျွန်တော် မပြောလိုပါဘူး။ ဒါပေမယ့် ဒါဟာ ပင်နယ်တီ ဧရိယာထဲမှာ ဂိုးသမား တစ်ဦး လုပ်လို့ ရတဲ့ အရာ မဟုတ်ပါဘူး။ အကယ်၍ ဒါဟာ လူမကျွံဘူး ဆိုရင် ၁၀၀% ပင်နယ်တီပါ။ ဒ့ါအပြင် ထပ်မပြောချင်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM