မန်စီးတီး နဲ့ ပွဲမှာ အာဆင်နယ် အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ သုံးဦးကို ရွေးချယ် ပေးလိုက်တဲ့ အီယန်ရိုက်

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် က မန်ချက်စတာ စီးတီး အသင်းကို ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်းသား သုံးဦး ဖြစ်တဲ့ စီဘာယောစ့် ၊ ဂါဘရီယဲလ် ၊ ဆာကာ တို့ကို ချီးကျုး သွားခဲ့ပြီး အဆိုပါပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဟာ ဝေါလ်ကာ ဖြစ်တယ်လို့ ဆိုပါတယ် ။

မန်စီးတီး အသင်းဟာ အိမ်ကွင်း အီတီဟက် မှာ အာဆင်နယ် အသင်းကို တိုက်စစ်မှူး စတာလင် ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အနိုင်ရခဲ့ပြီး နောက်ဆုံး ပရီးမီးယားလိဂ် နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေမှုကို ရပ်တန့် နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပွဲချိန် အတွင်း အပိုင် အခွင့်အရေး သုံးကြိမ်လော​က် ရရှိ ခဲ့ပေမယ့် မန်စီးတီး ဂိုးသမား အီဒါဆန် လက်စွမ်းပြ ကာကွယ် ခဲ့တာကြောင့် အမှတ်ဗလာ နဲ့ အိမ်ပြန် ခဲ့ရပါတယ် ။

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ ကလည်း သူတို့ အသင်းဟာ အနည်းဆုံး အမှတ်တစ်မှတ် ရသင့်တဲ့ အနေအထားမျိုး ပိုင်ဆိုင် ခဲ့ပေမယ့် ရှုံးနိမ့် သွားခဲ့တဲ့ အပေါ် စိတ်မကောင်း ဖြစ်မိကြောင်း ဝန်ခံ ပြောကြား ခဲ့ပါတယ် ။

အီယန်ရိုက် ကလည်း အာဆင်နယ် အသင်းဟာ မန်စီးတီး ကို ရှုံးနိမ့် ခဲ့ပေမယ့် အားရစရာ အနေအထားတွေကို ပြသ နိုင်ခဲ့ကြောင်း Match Of the Day အစီအစဉ်မှာ ပြောကြား သွားခဲ့ပါတယ် ။

” ကိုင်လီဝေါလ်ကာ က အရမ်း ကောင်းခဲ့ပါတယ် ၊ အာဆင်နယ် အသင်းရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ဟန့်တား နိုင်ခဲ့ပြီး အထင်ကြီးစရာ စွမ်းဆောင်ရည် ပြသခဲ့ပါတယ် ၊ အူဘာမီယန်း ဆီ လာမယ့် ဘောလုံး မှန်သမျှကို ဟန့်တား နိုင်ခဲ့ပါတယ် ။ “.

” အာဆင်နယ် ကစားသမား နှစ်ဦး သုံးဦးလောက်ကလည်း အတော် ကောင်းခဲ့ပါတယ် ၊ ဆာကာ ၊ စီဘာယောစ့် ၊ ဂါဘရီယဲလ် တို့ သုံးဦးပေါ့ဗျာ ၊ ဒါပေမယ့် အဓိက ကတော့ ကိုင်လီ ဝေါလ်ကာ က နေရာတိုင်းမှာ ရှိနေတာပါ ။ သူက တကယ် အံ့ဖွယ် စွမ်းဆောင်ရည်ကို ပြသ နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

မန်စီးတီး နည်းပြ ဂွာဒီယိုလာ ​က ပွဲအပြီး အင်တာဗျူးမှာ ” ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင် ရခဲ့ပါတယ် ၊ အီဒါဆန် ကလည်း လိဒ်ယူနိုက်တက် နဲ့ ပွဲတုန်းကလိုပဲ လက်စွမ်းပြ ကာကွယ် ခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ အနေနဲ့ လိုချင်တဲ့ အကောင်းဆုံး ပုံစံတောင် မရောက်သေးပါဘူး ၊ အခုလောလောဆယ်တော့ အကြောင်းပြချက်မျိုးစုံကြောင့် မဖြစ်နိုင်သေးပါဘူး ၊ နိုင်ပွဲ ရခဲ့တာက အများကြီး အထောက်အကူ ဖြစ်ပါတယ် ၊ ကျွန်တော်တို့ ခံစစ်ကော တိုက်စစ်ကော ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ၊ တကယ်ကောင်းတဲ့ ပြိုင်ဘက်နဲ့ ကစားခဲ့ရပြီး အနိုင် သုံးမှတ်ရခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR