မန်စီးတီး တို့ အာဆင်နယ် ကို နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲဆက်တိုက် နိုင်ပွဲ ရယူခဲ့တဲ့ ပွဲမှ ထူးထူးခြားခြား ပြောစရာ​ ဖြစ်ခဲ့တဲ့ အကြောင်းအရာများ

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်(၅) ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ မန်စီးတီး နဲ့ အာဆင်နယ် အသင်း ပွဲမှာတော့ အိမ်ရှင် မန်စီးတီး အသင်းဟာ စတာလင် ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ နိုင်ပွဲ ရရှိ သွားခဲ့ပါတယ် ။

မန်စီးတီး အတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ် ဒုတိယမြောက် နိုင်ပွဲ ရှာတွေ့ ခဲ့တာ ဖြစ်ပြီး နောက်ဆုံး PL နှစ်ပွဲဆက် နိုင်ပွဲဆက် ပျောက်ဆုံး နေမှုကို ရပ်တန့် နိုင်ခဲ့ပါတယ် ။ အာဆင်နယ်ကတော့ ဒီရာသီ ထိပ်သီး နှစ်သင်းနဲ့ တွေ့ဆုံရာမှာ နှစ်ပွဲစလုံး ရှုံးနိမ့် ခဲ့ရပါတယ် ။

မန်စီးတီး ၁-၀ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ​ ဖြစ်ခဲ့တဲ့ အကြောင်းအရာများကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ ကပ္ပတိန် စတာလင်

အာဆင်နယ် နဲ့ ပွဲမှာ အသင်း ခေါင်းဆောင် အဖြစ် ပွဲထွက်လာတဲ့ စတာလင် ဟာ အသင်း အတွက် တစ်လုံးတည်းသော သွင်းဂိုး ကို သွင်းယူပေးခဲ့သလို အာဆင်နယ် နောက်တန်းကိုလည်း သူ့ရဲ့ ပုံစံ အတိုင်း ဖိအားပေး ကစား နိုင်ခဲ့ပါတယ် ။

စတာလင် ဟာ အိမ်ကွင်းမှာ အာဆင်နယ် နဲ့ ကစားရတဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ သွင်းဂိုး ၆ ဂိုး အထိ ပါဝင် ပတ်သက် ထားပြီး ၄ ဂိုး သွင်း ၊ ၂ ဂိုး ဖန်တီး ပေးထားပါတယ် ။

၂ ။ တပည့်ကို အနိုင်ပြန်ယူလိုက်တဲ့ ဆရာ

အာတီတာ ဟာ ပြီးခဲ့တဲ့ ရာသီက အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်မှာ ဆရာဖြစ်သူ ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်းကို ဖြုတ်ချပြီး ချန်ပီယံဆု ရယူ ခဲ့ပါတယ် ။ ဒီတစ်ကြိမ်မှာတော့ ဂွာဒီယိုလာ ဟာ အာတီတာ ကို ပြန်အနိုင်ယူ ခဲ့ပြီး အာတီတာ အနေနဲ့ အာဆင်နယ် အသင်းကို ဒီထ​က် ပိုကောင်းအောင် ဘာတွေ လုပ်ရဦးမလဲ ဆိုတာ သိအောင် ပြသ သွားခဲ့ပါတယ် ။ဆရာ တပည့် နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုကို ကြည့်ရတာ ဘယ်​တော့မှ ရိုးသွားဖို့ မရှိပါဘူး ။

၃ ။ အူဘာမီယန်းရဲ့ ဂိုးပေါက် ပျောက်ဆုံးနေမှု

အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း ဟာ ဖူလ်ဟမ် နဲ့ အဖွင့်ပွဲ မှာ ဂိုးသွင်းနိုင်ခဲ့ပြီးကတည်းက ဂိုးပေါက် ပျောက်နေတာ အခုဆိုလေးပွဲဆက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။ အူဘာမီယန်း ဟာ နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက် ကန်သွင်းခွင့် သိပ်မရတာကို တွေ့နေရပြီး ဒီနေ့ပွဲမှာ အပိုင်တစ်ကြိမ် ကန်ရပေမယ့် ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပါဘူး ။

၄ ။ ဆေးလ်ဗား နေရာ အစားဝင် နိုင်ခဲ့တဲ့ ဆေးလ်ဗား

ဒီနှစ်မှာ ဒေးဗစ်ဆေးလ်ဗား အသင်းကနေ ထွက်ခွာသွားမှု ဟာ မန်စီးတီး အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု လို့ ဆိုနိုင်ပါတယ် ။ ဒီဘရိုင်း မပါနိုင်တဲ့ အချိန်မှာ မန်စီးတီး ရဲ့ နောက်ထပ် ဆေးလ်ဗား တစ်ဦး ဖြစ်တဲ့ ဘာနန်ဒို ဆေးလ်ဗား ဟာ အသင်း ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်း ကစားသွားခဲ့ပါတယ် ။

 

၅ ။ အာဆင်နယ် ကို PL မှာ ၇ ပွဲဆက် နိုင်တဲ့ မန်စီးတီး ၊ အာဆင်နယ် ရဲ့ဆိုးရွားလှတဲ့ အဝေးကွင်း Big Six မှတ်တမ်း

မန်စီးတီး အသင်းဟာ ဒီနေ့ပွဲမှာ အာဆင်နယ် ကို အနိုင် ရရှိခဲ့တာကြောင့် အာဆင်နယ် နဲ့ ကစားတဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲဆက် နိုင်ပွဲ ရရှိတဲ့ စံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင် ခဲ့ပါတယ် ။ အာဆင်နယ် အတွက်တော့ ၁၉၇၄-၇၇ ခုနှစ်အတွင်း အစ်ဆွစ်ချ် အသင်းကို ၇ ပွဲဆက် ရှုံးနိမ့်ပြီး နောက်ပိုင်း အသင်းတစ်သင်းတည်းကို ၇ ပွဲဆက် ရှုံးတာ ပထမဆုံး အကြိမ်ပါပဲ ။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ရဲ့ ‘Big Six’ အသင်းတွေရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရာမှာ အနိုင် မရတာ ၂၉ ပွဲဆက် ရှိသွားခဲ့ပြီ ဖြစ်ပြီး နောက်ဆုံး အနိုင်ရတာကလည်း ၂၀၁၅ ခုနှစ်တုန်းကပါ ။

၆ ။ အာဆင်နယ် နဲ့ အင်္ဂလန် အသင်းရဲ့ အနာဂတ် ကြယ်ပွင့် ဆာကာ

မန်စီးတီး နဲ့ ပွဲမှာ အာဆင်နယ် အတွက် ခြေစွမ်း အပြနိုင်ဆုံး ကစားသမားဆို ဆာကာ ကိုပဲ ညွှန်းဆိုရာမှာပါ ။ ဆာကာ ဟာ မန်စီးတီး ရဲ့ညာခြမ်း ခံစစ်ကို ကောင်းကောင်း ဒုက္ခ ပေးနိုင်ခဲ့ပြီး သူ့ရဲ့ ကန်သွင်းချက် နှစ်ကြိမ်ကို အီဒါဆန် လက်စွမ်းပြ ကာကွယ် ခဲ့တာကြောင့်သာ အာဆင်နယ် ဂိုးမရ ခဲ့တာပါ ။

SPORTS MYANMAR