မန်စီးတီး ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ အာတီတာ တစ်ယောက် အာဆင်နယ် အသင်းသားတွေကို ဘာပြောခဲ့သလဲ ဆိုတာ ထုတ်ပြောလိုက်တဲ့ လီနို

လီနို က အာဆင်နယ် နည်းပြ အာတီတာ ဟာ မန်စီးတီး ကို ရှုံးနိမ့် ခဲ့ရတဲ့ ပွဲအပြီးမှာ အသင်းသားတွေ အနေနဲ့ အနိမ့်ဆုံး သရေ တစ်မှတ် ရဖို့ အခွင့်အရေးတွေ ရခဲ့တာကို အသုံး မချ နိုင်ခဲ့တဲ့ အပေါ် စိတ်ပျက် သင့်ကြောင်း ပြောကြား ခဲ့တယ်လို့ ဆိုပါတယ် ။

မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ မန်စီးတီးကို တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့် သွားခဲ့ပြီး ဒီရာသီ ဒုတိယမြောက် ရှုံးပွဲကို ကြုံတွေ့ သွားခဲ့ရပါတယ် ။အာဆင်နယ် အသင်းဟာ မန်စီးတီး ကို နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲဆက် ရှုံးနိမ့် ခဲ့တာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း အတွက်တော့ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အတွင်း အစ်ဆွစ်ချ် အသင်းကို ၇ ပွဲဆက် ရှုံးနိမ့်ပြီး နောက်ပိုင်း အသင်းတစ်သင်းတည်းကို ၇ ပွဲဆက် ရှုံးနိမ့်တာ ပထမဆုံး အကြိမ်ပါပဲ ။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ရဲ့ ‘Big Six’ အသင်းတွေရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရာမှာ အနိုင် မရတာ ၂၉ ပွဲဆက် ရှိသွားခဲ့ပြီ ဖြစ်ပြီး နောက်ဆုံး အနိုင်ရတာကလည်း ၂၀၁၅ ခုနှစ်တုန်းက ဖြစ်ပါတယ် ။

အာဆင်နယ် ဂိုးသမား လီနို က မန်စီးတီး ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ ” တကယ့်ကို ခက်ခဲတဲ့ ပွဲတစ်ပွဲပါ ၊ မန်နေဂျာ က ကျွန်တော်တို့ အနေနဲ့ စိတ်မကောင်း ဖြစ်သင့်တယ်လို့ ပြောခဲ့ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အမှတ်ရနိုင်ချေ ရှိခဲ့လို့ပါ ။ ”

” ဒါပေမယ့် တစ်ဖက်က ကြည့်ရင်လည်း အပေါင်း လက္ခဏာဆောင်တဲ့ အရာတွေ အများကြီး မြင်တွေ့ ခဲ့ရပါတယ် ။ ရှုံးနိမ့် သွားခဲ့တာက စိတ်ပျက်စရာပါ ၊ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို ယှဉ်ကစားနိုင်ခဲ့ပြီး အမှတ် ရနိုင်လောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ် ။ ကျွန်တော်တို့ အခွင့်အရေးတွေကိုတော့ အသုံးမချ နိုင်ခဲ့ပါဘူး ။ ”

” ကျွန်တော်တို့ ပွဲကို ထိန်းချုပ် ကစား နိုင်ခဲ့ပေမယ့် အခွင့်အရေးကောင်းတွေကိုတော့ လွဲချော် ခဲ့ပါတယ် ။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစား ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး ၊ မန်စီးတီး ဘက်ကလည်း အခွင့်အရေး များများစားစား မရခဲ့ပါဘူး ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ မန်စီးတီး ကို ကျဉ်းမြောင်းတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံကို ဂုဏ်ယူ မိကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော်တို့ အသင်းက ပိုပို တိုးတက် ကောင်းမွန်လာတယ်လို့ ခံစား ရပါတယ် ၊ ကျွန်တော်တို့ တစ်စုံတစ်ခုကို လုပ်နိုင်စွမ်း ရှိတဲ့ ယုံကြည်မှုမျိုးကို ပိုမို တွေ့မြင် လာရပါတယ် ။ ”

” ကျွန်တော်ကတော့ အသင်းက ကစားသမား တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည် နဲ့ အသင်းလိုက် ကစားပုံအတွက် ဂုဏ်ယူ မိပါတယ် ။ ဒီနေရာမှာ အခုလို စွမ်းဆောင်ပြနိုင်ဖို့က လွယ်တာ မဟုတ်ပါဘူး ၊ ကျွန်တော်တို့ အနိုင်ရဖို့ အားကုန် ကြိုးစား ကစားခဲ့ကြပြီး အပိုင် အခွင့်အရေး သုံး လေးကြိမ် လောက်တောင် ရခဲ့ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR