ပရီးမီးယားလိဂ် ပထမဆုံး သွင်းဂိုး ရခဲ့တဲ့ ဗာနာ ကို ချီးကျူးခဲ့တဲ့ #အီယန်ရိုက် နဲ့ နောက်ထပ် ဟာသဆန်တဲ့ ခံစစ် ကစားပုံ အတွက် လမ်းပတ် ကို သတိပေးလိုက်တဲ့ #အလန်ရှီးယား

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ ဒုတိယ ပွဲမှာ ချဲလ်ဆီး အသင်း ဟာ ဆောက်သမ်တန် အသင်း ကို ဦးဆောင်ဂိုး ၃ဂိုး သွင်းပြီး ၊ ပွဲကို ၂ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ ဆိုးရွားလှတဲ့ ခံစစ် ကစားပုံ နဲ့ အတူ ချေပဂိုး ၃ဂိုး ခွင့်ပြုခဲ့ရပြီး ၊ သရေ တမှတ်သာ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ပရီးမီးယားလိဂ် အဖွင့် ၄ပွဲဆက် ဂိုးပေါက် ရှာမတွေ့ခဲ့တဲ့ ချဲလ်ဆီး အသင်း ရဲ့ ယူရိုသန်း ၅၀တန် တိုက်စစ်မှူး တီမို ဗာနာ ဟာ စပါယ်ရှယ် ခြေစွမ်းပြခဲ့ပြီး ၊ အရမ်း လှပသေသပ်တဲ့ သွင်းဂိုး ၂ဂိုး အပြင် ၊ အသင်းဖော် ကိုင်ဟာဗက်ဇ် ရဲ့ သွင်းဂိုး ကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ဗာနာ အတွက် ကတော့ ဒီပွဲမှာ Man of the Match ဖြစ်ခဲ့ပေမယ့် ၊ သူ့ရဲ့ သွင်းဂိုးတွေဟာ အသင်း နိုင်ပွဲရဖို့ အထောက်အကူ မဖြစ်ခဲ့လို့ စိတ်ပျက်နေမှာ သေချာပါတယ် ။ သို့ပေမယ့် ၊ လာမယ့် ပွဲတွေမှာ ၎င်းအနေနဲ့ ဒီ ပုံစံကောင်း ဆက်လက် ထိန်းသိမ်းဖို့တော့ လိုနေပါတယ် ။

 

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက် ကတော့ ဗာနာ အတွက် ဒီ သွင်းဂိုး ၂ဂိုး ဟာ နောက်ထပ် သွင်းဂိုး များစွာ အတွက် အစပျိုးခြင်း တခု ဖြစ်ကြောင်း နဲ့ ဗာနာ ကို ကြည့်ရတာ ဂိုးမရမှာကို စိုးရိမ်စိတ် မများနေကြောင်း အခုလိုပဲ သုံးသပ် ပြောဆိုခဲ့ပါတယ် ။

BBC Match of the Day အစီအစဉ် မှာ အီယန်ရိုက် က ” မှန်တာပေါ့ ။ ဒါဟာ သူ့အတွက် ဂိုးများစွာ အတွက် အစပျိုးခြင်းပါ ။ ခင်ဗျား အနေနဲ့ သူ့ရဲ့ ကစားပုံ ကို ကြည့်လိုက်တဲ့အခါ ၊ ဂိုးမသွင်းနိုင်မှာ နဲ့ ပတ်သက်ပြီး စိတ်မပူနေတဲ့ပုံပါပဲ ။ ”

” ဒါဟာ သူ့ရဲ့ ရွေ့လျားပုံ ၊ အတိုးအလှုပ် ၊ ပြေးလွှား လှုပ်ရှားပုံတွေ ဖြစ်ပါတယ် ။ ဗာနာ – ဟာဗက်ဇ် – မောင့် တို့ရဲ့ တိုက်စစ် ချိတ်ဆက်မှု ကို ကြည့်ရင် သူတို့ အကြား ချိတ်ဆက်မှု တခုခု ကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ ။ ဒီ အချိတ်အဆက် သာ အသားကျသွားတာနဲ့ ချဲလ်ဆီး အသင်း ရဲ့ တိုက်စစ် ဟာ ပြိုင်ဖက်တိုင်း ကို ဒုက္ခပေးနိုင်ပါတယ် ။ ”

” ကျွန်တော် ကိုယ်တိုင်ကလည်း အစောပိုင်း ကာလတွေ ကတည်းက ဗာနာ ဂိုးမသွင်းနိုင်မှာကို စိတ်မပူခဲ့ပါဘူး ။ တခုရှိတာ က နောက်တန်း ကနေ တတ်နိုင်သလောက် အမှားမလုပ်မိဖို့ လိုပါတယ် ။ ဘာလို့လဲဆိုတော့ ခင်ဗျား ရဲ့ တိုက်စစ် က ကြောက်စရာကောင်းတဲ့ အသွင် ဆောင်နေတဲ့ အချိန် ၊ အနောက် က ပြဿနာတွေကြောင့် အချည်းနှီး မဖြစ်စေချင်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဗာနာ – ဟာဗက်ဇ် – ပူလီဆစ် – မောင့် တိုက်စစ် ချိတ်ဆက်မှု က ချဲလ်ဆီး ပရိသတ်တွေ အတွက် အပေါင်း လက္ခဏာ ဆောင်တဲ့ မျှော်လင့်ချက် ဖြစ်ပေမယ့် ၊ အခုအချိန် အထိ ယိုယွင်းနေဆဲ ခံစစ် ကလည်း ချဲလ်ဆီး ပရိသတ် တွေကို သဲထိတ်ရင်ဖို ခံစားချက် ကို ပေးနေတုန်းပါပဲ ။

နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယား က ချဲလ်ဆီး နောက်တန်း ရဲ့ တဦးချင်း အမှားတွေနဲ့ ပတ်သက်ပြီး ” ဒီနေ့ပွဲမှာ ချဲလ်ဆီး ခံစစ် က တဦးချင်း အမှား စိတ်ပျက်စရာ ကောင်းလောက်အောင် များလွန်းခဲ့ပါတယ် ။ ”

” ဆောက်သမ်တန် အသင်း ဟာ ဒီ အမှားတွေကို အသုံးချပြီး ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြှင့်တင်နိုင်ခဲ့ပါတယ် ။ ခံစစ် ကို မြင့်မြင့်မားမား တည်ဆောက်တဲ့ နေရာမှာ ဇူမား နဲ့ ဂိုးသမား ရဲ့ တဦးချင်း အမှားတွေ တွေ့ခဲ့ရပါတယ် ။ ဘောလုံး က ချဲလ်ဆီး ခံစစ်နား ရောက်တဲ့အချိန်တိုင်း ၊ ဖရန့် အတွက် စိုးရိမ်စရာတွေ ဖြစ်ရပါတယ် ။ ဆောက်သမ်တန် ကတော့ သရေ တမှတ် နဲ့ ထိုက်တန်ခဲ့တယ်ပဲ ပြောရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR