ပစ်ဖို့ဒ် ကို ဘာအရေးယူမှုမှ မလုပ်ဖို့ အတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့တာ VAR ပါ

မနေ့ညက ယှဉ်ပြိုင် ကစားသွားတဲ့ ပွဲစဉ်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ဦးဆောင်ထားတဲ့ အဲဗာတန် နဲ့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူး တို့ရဲ့ ပွဲဖြစ်သလို ၊ မားဆေးဆိုဒ် ဒါဘီ ပွဲစဉ်လဲ ဖြစ်လို့ တော်တော်ကြီးကို ကြည့်လို့ ကောင်းခဲ့ပါတယ်။

အထူးသဖြင့်ဒီပွဲမတိုင်ခင်လီဗာပူးဟာအက်စ်တွန်ဗီလာကို7-2ရလာဒ်နဲ့အပြတ်အသတ်ရှုံးနိမ့်ထားလို့ ၊ အဲဒီ ရလာဒ်ကနေ ပြန်လည် နိုးထနိုင်ဖို့ အတွက် အစွမ်းကုန် ပြင်ဆင်လာခဲ့တာပါ။သို့သော် သူတို့ရဲ့ ကြိုးစားမှုတွေဟာ VAR ဆုံးဖြတ်ချက် တွေ နဲ့ အတူ ရေစုန်မျှောခဲ့ ရပါတယ်။

ပွဲစလို့ 10 မီးနစ်မှာပဲ အဓိက နောက်တန်း ကစားသမား ဗန်ဒိုက်ဟာ ပစ်ဖို့ဒ် ရဲ့ ကြမ်းတမ်း တဲ့ ဖျက်ထုတ်မှုကြောင်း လူစားလဲ ခံလိုက်ရပါတယ်။ အဲဒီ အချိန်မှာ ယာဂန် ကလော့ပ် ရဲ့ အသင်းဟာ 0-1 ရလာဒ် နဲ့တောင် ပွဲကို ဦးဆောင်ထားခဲ့ပြီး ပါပြီ။

သို့သော် VAR ဒိုင်လူကြီး ဒေးဗစ် ကိုတီ ကတော့ ပစ်ဖို့ဒ်ကို အရေးယူဖို့ အတွက် လုပ်ဆောင်ခြင်း မရှိခဲ့တဲ့ အပြင် ၊ ဗန်ဒိုက် ကို လူကျွံတယ်လို့ သတ်မှတ်ခဲ့တာကြောင့် ပင်နယ်တီ သတ်မှတ်ပေးခဲ့ခြင်းလဲ မရှိပါဘူး။

ဒီနှစ် ဘောလုံးရာသီ မှာ အသုံးပြုတဲ့ စည်းမျဉ်းသစ် အရ လူကျွံသလားလို့ မေးရင် ကျွံပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ball play အနေအထား မှာ လူကျွံအနေအထား ကို တိုင်းတာတဲ့ ပုံစံက မနှစ်ကလို ပခုံး အဆက်နားကနေ မဟုတ်တော့ပဲ ၊ လက်မောင်း အလယ္ခေါင်ကနေ ပြောင်းလဲ တိုင်းတာတဲ့ အတွက်ကြောင့်ပါ။

အကယ်၍ ကစားသမား တစ်ယောက်ဟာ လက်မောင်း အလယ်ခေါင် ဧရိယာ တစ်ဝိုက် နဲ့ ဘောလုံး ထိခဲ့မယ် ဆိုရင် လက်ထိဘောအဖြစ် သတ်မှတ်ပေးခြင်း မရှိဖို့ ၊ စည်းမျဉ်းသစ်မှာ ထည့်သွင်း ပြင်ဆင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ လူကျွံ အနေအထားကို တိုင်းတိုင်တဲ့ အချိန်မှာ အဲဒီနေရာ အထိ တိုးပြီး ရယူခဲ့တာပါ။

(ပုံ ကို ကြည့်လိုက်မယ် ဆိုရင် ကွဲကွဲပြားပြား သိနိုင်ပါတယ်)

ဒါကြောင့် ဗန်ဒိုက်ဟာ လူကျွံ အနေအထားလား ၊ လူကျွံ မဟုတ်တဲ့ အနေအထားလား ဆိုတာ ကို လက်မောင်း အလယ်လောက်ကနေ တိုင်းတာပြီးမှ ဆုံးဖြတ်ချက် ချခဲ့တာပါ။

အဲဒီ အထိ VAR ဒိုင်လူကြီး ဒေးဗစ် ကိုတီ ရဲ့ ဆုံးဖြတ်ချက် က မေးခွန်းထုတ်စရာ မရှိသေးပေမယ့် ၊ ပစ်ဖို့ဒ် လူချလိုက်တဲ့ ပုံစံကတော့ တော်တော်ကြီးကို သိသာလွန်းခဲ့ ပါတယ်။

ဘောလုံး ဥပဒေသတွေ မှာ ပြဌာန်းထားတဲ့ အချက်တွေ အရ ပြိုင်ဘက် ကစားသမားဟာ လူကျွံသွားသည် ဖြစ်စေ ၊ မကျွံခဲ့သည် ဖြစ်စေ ဆိုးဆိုးဝါးဝါးကြီး လူချခံလိုက်ရတယ် ဆိုပါက အရေးယူခွင့် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် VAR ဟာ ပစ်ဖို့ ဖျက်ထုတ်လိုက်တဲ့ ပုံစံကို သေသေချာချာ ကြည့်ခဲ့သလို ၊ နောက်ပိုင်းမှာ အရေးယူခြင်း မရှိဖို့ အတွက်လဲ ဆုံးဖြတ်သွားခဲ့တာပါ။

ဗန်ဒိုက် ကတော့ ဒူးတစ်ဝိုက်မှာ ပြင်းပြင်းထန်ထန် နာသွားခဲ့တာကြောင့် ပွဲအပြီးမှာပဲ တီယာဂို အန်ကန်တရာ နဲ့ အတူ ဆေးရုံကို ပို့လိုက်ရပါတယ်။

“ ပစ်ဖို့ဒ် က ပေါ်ပေါ်တင်တင် လူချသွားတာပါ။ အဒီ အနေအထားကို ပြန်ကြည့်ဖို့ လိုပေမယ့် ၊ ကျနော်က လောလောဆယ် အဲဒီ အတိုင်းပဲ နားလည်ထားပါတယ်” လို့ ယာဂန် ကလော့ပ် က ပွဲအပြီးမှာ မှတ်ချက်ပေးသွားခဲ့ ပါတယ်။

သို့သော် အဲဗာတန် နည်းပြ အန်ဆယ်လော့တီ ကတော့ “ အဲဒီ အဖြစ်အပျက်ကို မြင်တောင် မမြင်လိုက်ပါဘူး။ ဒိုင်ရဲ့ အဆုံးအဖြတ်က လူကျွံနေတာကြောင့် အရေးမယူလိုက်တာ ဖြစ်မှာပါ။ ကံမကောင်းစွာနဲ့ပဲ ဗန်ဒိုက်က ဒဏ်ရာ ရသွားလို့ ၊ အမြန်ဆုံး ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး အတွက်တော့ VAR ရဲ့ ဆုံးဖြတ်ချက်ဟာ အဲဒီ အနေအထားမှာတင် မဟုတ်ပဲ ၊ ဟန်ဒါဆင် သွင်းယူခဲ့တဲ့ နောက်ဆုံး သွင်းဂိုး ကို ပယ်ဖျက်ခံလိုက်ရတဲ့ အတွက်ပါ နစ်နာ ခဲ့ရပါတယ်။

SPORTS MYANMAR