နယူးကာဆယ်ကို အဝေးကွင်း ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှ ယူနိုက်တက် ကစားသမား 3 ဦးကို အထူး ချီးကျူးလိုက်တဲ့ အလန်ရှီးယား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ စိန့် ဂျိမ်းစ် ပါ့ခ် ကွင်းထဲမှာ နယူးကာဆယ် အသင်း နဲ့ ရင်ဆိုင်ခဲ့ ရပြီး 1 – 4 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။ ဒါဟာ ဝေဖန်မှု တွေအောက် ကျရောက် နေခဲ့တဲ့ ဆိုးလ်ရှား နဲ့ ယူနိုက်တက် ကစားသမားတွေ အတွက် အသက်ရှူချောင် စေမယ့် နိုင်ပွဲ ဖြစ်သွား ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ်မှာတော့ ပွဲချိန် 2 မိနစ် အတွင်း မှာပဲ ခရက်ဖ် ရဲ့ ဂိုးပေါက် ကန်ချက်က လုခ်ရှော နဲ့ ထိပြီး ဂိုးဝင် သွားခဲ့တဲ့ အတွက် အိမ်ရှင်တို့ အစောပိုင်း မိနစ် မှာပဲ ဦးဆောင်ခွင့် ရယူ သွားနိုင်ခဲ့ကြ ပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက်တို့ဟာ တိုက်စစ် တရစပ် ဆင်ပြီး ကစားခဲ့ပေမယ့် မိနစ် 20 အထိ ခြေပဂိုး မရယူ နိုင်ခဲ့ကြ ပါဘူး ။

ပွဲချိန် 20 မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် က ဂိုးသွင်းယူ နိုင်ခဲ့ပေမယ့် လူကျွံ နေခဲ့တဲ့ အတွက် ဂိုး မရခဲ့ ပါဘူး ။ ဒါပေမယ့် မကြာမီ မှာပဲ ယူနိုက်တက် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားက မာတာ ရဲ့ ထောင့်ကန်ဘော ကန်တင် ပေးမှုကို ခေါင်းတိုက်ပြီး ခြေပဂိုး သွင်းယူ သွားနိုင်ခဲ့ကာ ဝေဖန်မှု တွေကို ခြေပ သွားနိုင်ခဲ့ ပါတယ် ။

အဲ့ဒီနောက် နှစ်ဖက် အသင်းဟာ အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြပေမယ့် ဂိုး မသွင်းယူ နိုင်ခဲ့ကြပါဘူူး ။ ဒုတိယပိုင်းမှာ ရပ်ရှ်ဖို့ကြောင့် ဘရူနိုဟာ ပင်နယ်တီ ကန်ခွင့် ရရှိခဲ့ပေမယ့် ပြိုင်ဖက် ဂိုးသမား ဒါလို က ပုတ်ထုတ် ကာကွယ် သွားနိုင်ခဲ့ ပါတယ် ။ ဒါဟာ ဘရူနို အတွက် ယူနိုက်တက် ကစားသမား ဘဝ ရဲ့ ပထမဆုံး အကြိမ် ပင်နယ်တီ လွဲချော်မှု ဖြစ်သွား ခဲ့ရ ပါတယ် ။

ဒါပေမယ့် ပွဲချိန် 86 မိနစ် မှာတော့ ဘရူနို ဖာနန်ဒက်စ်က အသင်း အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးနိုင်ခဲ့ သလို မိနစ် 90 နဲ့ 97 မိနစ် တွေမှာ ဘစ်ဆာကာ ၊ ရပ်ရှ်ဖို့ တို့က တစ်ဂိုးစီ သွင်းယူရင်း လိုအပ် နေတဲ့ အဖိုးတန် နိုင်ပွဲကို ရယူ သွားနိုင် ခဲ့ကြ ပါတယ် ။ ဒီပွဲ မှာတော့ ရပ်ရှ်ဖို့ က တစ်ဂိုးသွင်း ၊ နှစ်ဂိုး ဖန်တီးနိုင်ခဲ့ပြီး ဘရူနို က တစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီး နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီးမှာတော့ နယူးကာဆယ် အသင်းရဲ့ ဂန္ဓဝင် ကစားသမားဟောင်း ဖြစ်သူ အလန်ရှီးယားက စပါး နဲ့ ပွဲစဉ် တုန်းက စိတ်ပျက်ဖွယ် အရှုံးရလဒ်မှ အကောင်းဆုံး ရုန်းထနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ် ပြုလိုက်ပြီး နည်းပြ ဆိုးလ်ရှား နဲ့ ကစားသမား 3 ဦးကို အထူး ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” အသင်းကို အပြောင်းအလဲ လုပ်ဆောင် ခဲ့တဲ့ အတွက် ဆိုးလ်ရှားက ဂုဏ်ထူးမှတ် နဲ့ ထိုက်တန် ပါတယ် ။ ပြီးခဲ့တဲ့ ပွဲစဉ်တုန်းက စွမ်းဆောင်ရည်တွေကို ကြည့်ရှု လိုက်မယ် ဆိုရင် ဒီအသင်းမှာ အပြောင်းအလဲ တွေကို လုပ်ဆောင်ဖို့ လိုအပ် နေခဲ့တာ သိသာ နေခဲ့ရ ပါတယ် ။ ဒီနေ့တော့ သူတို့ တွေဟာ အရမ်း ကောင်းအောင် ကစားပြ နိုင်ခဲ့ကြ ပါတယ် ”

” သူတို့ တွေက နယူးကာဆယ်ကို နာကျင်မှုတွေ ပေးဆောင် နိုင်ခဲ့ကြ ပါတယ် ။ ဒီပွဲမှာ ဖာနန်ဒက်စ် နဲ့ မာတာ တို့ဟာ အရမ်းကို ဉာဏ်ကောင်းခဲ့ ကြတယ် လို့ ကျွန်တော် ထင်ပါတယ် ။ သူတို့ တွေဟာ နေရာလွတ် ၊ ယိုပေါက် တွေကို ရှာဖွေ နိုင်ခဲ့ကြတယ်လေ ။ နယူးကာဆယ် ကတော့ သူတို့ကို ကိုင်တွယ် ဖြေရှင်း နိုင်ဖို့ မစွမ်းသာခဲ့ ပါဘူး ”

” သူတို့ တွေဟာ ဘောလုံးကိုင် ကစားတာ အရမ်း ကောင်းခဲ့ ကြပြီး ဖန်တီး နိုင်မှု စွမ်းရည် အများကြီး ပြသသွားခဲ့ကြ ပါတယ် ။ သူတို့ နှစ်ဦး ဘောလုံးကိုင် ကစားပုံ တွေနဲ့ ချိတ်ဆက် ကစားမှု တွေက ပြိုင်ဖက် အသင်း တွေကို ဒဏ်ခတ် နိုင်စွမ်း ရှိနေခဲ့ ပါတယ် ။ သူတို့ တွေဟာ ပြိုင်ဖက် အသင်း အတွက် ပြသနာ တွေကို ဖန်တီး သွားနိုင် ခဲ့ကြသူတွေ ပါပဲ ”

” ရပ်ရှ်ဖို့ ကလည်း တစ်ဂိုးသွင်း ၊ နှစ်ဂိုး ဖန်တီးမှု လုပ်ဆောင်ရင်း အရမ်းကို ထူးကဲ ကောင်းမွန်ခဲ့ ပါတယ် ။ ယူနိုက်တက် ဖက်က လုပ်ဆောင် ခဲ့တဲ့ ဘောလုံး ပေးပို့မှု အများစု ကလည်း သေသပ်ခဲ့ ပါတယ် ။ တော့တင်ဟမ်နဲ့ ရှုံးပွဲကနေ ယူနိုက်တက် တို့ အကောင်းဆုံး နိုးထ နိုင်ခဲ့တဲ့ အတွက် ဆိုးလ်ရှား အလုပ်လုပ်တာ ကောင်းမွန် ခဲ့တယ်လို့ ဆိုရပါ့မယ် ” လို့ အလန်ရှီးယား က ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar