ဒီရာသီ ချဲလ်ဆီး အတွက် ပထမဆုံး ကစားခွင့် ရခဲ့တဲ့ ဇီယက်ချ် ရဲ့ မိနစ် ၂၀စာ စွမ်းဆောင်ရည် အပေါ် မှတ်ချက်ပေးလိုက်တဲ့ #လမ်းပတ်

မော်ရိုကို လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဟာကင် ဇီယက်ချ် ဟာ ယခုနှစ် ဘောလုံး ရာသီ ၊ ချဲလ်ဆီး အသင်း ရဲ့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှု ဖြစ်ခဲ့ပြီး ၊ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မပြီးဆုံးခင် ကတည်းက ချဲလ်ဆီး သို့ ပြောင်းရွှေ့လာခဲ့ပေမယ့် ၊ ပထမဆုံး ပရီးမီးယားလိဂ် ကစားခွင့် ကိုတော့ မနေ့ည က ပွဲမှာမှ စတင် ရရှိခဲ့ပါတယ် ။

ယူရိုသန်း ၃၀ တန်ကြေး ရှိ ဇီယက်ချ် ဟာ ဘရိုက်တန် အသင်း နဲ့ ရာသီကြို ခြေစမ်းပွဲ မှာ ဒဏ်ရာ ရခဲ့ပြီးနောက် ၊ ပရီးမီးယားလိဂ် အဖွင့် ၄ပွဲလုံး ကို လွဲချော်ခဲ့ပေမယ့် ၊ မနေ့ည က ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်း နဲ့ တဖက် ၃ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲမှာတော့ မိနစ် ၂၀စာ လူစားဝင် ကစားခွင့် ရခဲ့ပါတယ် ။

 

ဇီယက်ချ် လူစားဝင်လာတဲ့ အချိန် က ချဲလ်ဆီး အသင်း အတွက် နောက်ထပ် ဦးဆောင်ဂိုး တဂိုး ထပ်ရဖို့ ကြိုးစားနေရသလို ၊ ခံစစ် ကလည်း ဂိုးပြန်မပေးရဖို့ သတိပြုနေရတဲ့ အချိန် ဖြစ်ခဲ့ပြီး ၊ ခြေစွမ်းကောင်း အတော်အသင့် ပြသနိုင်ခဲ့ပေမယ့် ၊ နာကျင် အချိန်ပို မှာ ပေးခဲ့ရတဲ့ ချေပဂိုးကြောင့် ဇီယက်ချ် အတွက် ပရီးမီးယားလိဂ် ပထမဆုံး ပွဲက နိုင်ပွဲ မဖြစ်ခဲ့ရပါဘူး ။

ပွဲအပြီး အင်တာဗျူး မှာတော့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ဇီယက်ချ် ရဲ့ မိနစ် ၂၀ စာ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ” ခက်တော့ ခက်ခဲခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော် တို့ဟာ သူ့အတွက် ကစားခွင့် မိနစ် အနည်းငယ် မရမက ရှာဖွေနေခဲ့ရလို့ပါ ။ ပွဲထွက် ကစားဖို့ အထိတော့ သူ့မှာ ကြံ့ခိုင်မှု အလုံအလောက် မရှိသေးပါဘူး ။ ”

” ဒါပေမယ့် သူ့ရဲ့ ခံစားချက် ကို ကျွန်တော် နဲ့ ပွင့်ပွင့်လင်းလင်း အမြဲ ဆွေးနွေးဖြစ်ပါတယ် ။ တဖက်မှာ ပရီးမီးယားလိဂ် ပွဲတွေဟာ အကြိတ်အနယ် ရှိပြီး ခက်ခဲတဲ့ အတွက် ၊ ဒီနေ့ပွဲက မိနစ် အနည်းငယ် တဖြတ်စာ ခြေစွမ်း ကို ချက်ချင်းတော့ အကဲဖြတ် သုံးသပ်လို့ မရသေးပါဘူး ။ ”

” ကျွန်တော် ကတော့ ရတဲ့ အချိန် အတွင်းမှာ သူဟာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ကို ပြသခဲ့ပြီး ၊ ဘောလုံး ထိန်းချုပ် ကစားပုံ သေသပ်မှု ရှိကြောင်း ကို ပြသခဲ့တယ် လို့ ထင်ပါတယ် ။ ဒါမျိုး နောက်ပိုင်း မှာ သူ့ဆီကနေ ခင်ဗျားတို့ ပိုမို မြင်တွေ့ရဖို့ ရှိပါတယ် ။ ”

” ဒီနေ့ပွဲဟာ ကျွန်တော်တို့ အတွက် ကံဆိုးခဲ့သလို ၊ ပထမဆုံး အကြိမ် အသင်း အတွက် လူစားဝင် ကစားရတဲ့ ဟာကင် အတွက်လည်း နိုင်ပွဲ မဖြစ်ခဲ့လို့ ကံဆိုးခဲ့တယ်ပဲ ပြောရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရောက်တဲ့အခါ မှာပဲ ခံစစ် က ပေးဂိုး ၉ဂိုး အထိ ခွင့်ပြုထားရပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က မနေ့ည က ပွဲအကြောင်း အကျဉ်းချုံး အနေနဲ့ ” ခင်ဗျား ဟာ ပွဲတပွဲ မှာ ဦးဆောင်ဂိုး ၂ဂိုး အရင် ရထားပြီးပြီဆိုရင် ၊ နောက်ထပ် တဂိုးသွင်းပြီး ပွဲကို အဆုံးသတ်နိုင်ဖို့ ကြိုးစားချင်မှာပါ ။ ဒီနေ့ပွဲ က တိုက်စစ် စွမ်းဆောင်ရည် ဟာ ဒီရာသီ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ပုံစံလို့တောင် ပြောလို့ ရပါတယ် ။ ”

” ဒါပေမယ့် ဆောက်သမ်တန် အသင်း ဟာ ပြိုင်ဖက်ကောင်း တသင်းပါ ။ သူတို့ဟာ ဘောလုံး ခြေထဲမရှိတဲ့ အချိန် ကျွန်တော်တို့ကို ကောင်းကောင်း ဖိအားပေးနိုင်ခဲ့ပါတယ် ။ ပထမပိုင်း အပြီး အသင်းသားတွေကို ဂိုးကွာခြားချက် တဂိုး က ပွဲအဖြေ ကို ဘာမှ ပြောင်းလဲပေးမှာ မဟုတ်ဘူး လို့ ပြောခဲ့ပါတယ် ။ ”

” ပထမပိုင်း က ကစားပုံမျိုး ဒုတိယပိုင်း ကို ကျွန်တော်တို့ တူညီစွာ မသယ်ဆောင်နိုင်ခဲ့ပါဘူး ။ ဒီထက် ပိုကောင်းတဲ့ ကစားဟန် ကို ကျွန်တော်တို့ ပြသနိုင်ခဲ့သင့်ပါတယ် ။ ” လို့ သုံးသပ် ပြောဆိုခဲ့ပါတယ် ။ ချဲလ်ဆီး အသင်း ဟာ လာမယ့် အင်္ဂါနေ့ည မှာ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ အဖြစ် ဆီဗီးလား အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ လက်ခံကစားဖို့ ရှိနေပါတယ် ။

SPORTS MYANMAR