ထိုက်တန်တဲ့ သရေ တမှတ်ကို ရယူခဲ့ပြီးနောက် ၊ ချဲလ်ဆီး အသင်း ရဲ့ ကြယ်ပွင့် ၂ဦး ဟာ ပြိုင်ဖက်တွေကို ချေမှုန်းနိုင်စွမ်း ရှိတယ် လို့ ချီးကျူးလိုက်တဲ့ #ဟက်ဆန်ဟူတယ်

ဆောက်သမ်တန် အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ချဲလ်ဆီး အသင်း ကို အဝေးကွင်း မှာ ၊ ၂ကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားပြီး ၊ တဖက် ၃ဂိုးစီ သရေ တမှတ် ကို စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

ပထမပိုင်း နာရီဝက် အတွင်း မှာ ဆောက်သမ်တန် အသင်း ဟာ ချဲလ်ဆီး ရဲ့ တရစပ် တိုက်စစ်ဆင်မှု ကို မနားတမ်း ခုခံခဲ့ရပြီး ၊ တီမို ဗာနာ ရဲ့ သွင်းဂိုး ၂ဂိုး ကိုလည်း ခွင့်ပြုပေးခဲ့ရပါတယ် ။ ကံကောင်းစွာနဲ့ ပထမပိုင်း ပြီးခါနီး မိနစ်ပိုင်း အလိုမှာ ဟာဗက်ဇ် ရဲ့ အမှား ကနေ တဆင့် ချေအဒမ်စ် နဲ့ ဒန်နီအင့်စ် တို့ရဲ့ အတွဲညီညီ ချိတ်ဆက်မှု ကနေ ချေပဂိုး တဂိုး စတင် ရရှိခဲ့ပါတယ် ။

 

ဒုတိယပိုင်း မှာလည်း ချဲလ်ဆီး နောက်တန်း က ဇူးမား နဲ့ ကီပါ တို့ရဲ့ ပေါ့ပျက်ပျက် အာရုံစိုက်ပုံ ကြောင့် ဆောက်သမ်တန် တို့ ဘာမှ အားစိုက်စရာ မလိုခဲ့ပဲ ၊ ဒုတိယ ချေပဂိုး ရခဲ့ပါတယ် ။ မဆိုင်းမတွ ပဲ ချဲလ်ဆီး အသင်း ဟာ ဟာဗက်ဇ် ရဲ့ ဂိုးနဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ အနိုင်ကို ဆက်မထိန်းနိုင်ခဲ့ပဲ ၊ ပွဲပြီးခါနီး နာကျင် အချိန်ပို မှာ ဗက်စတာဂတ် ရဲ့ ဂိုးကို ခွင့်ပြုခဲ့ရလို့ ၊ သရေ တမှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ် ။

ပေးခဲ့ရတဲ့ ဂိုးတွေက ဆောက်သမ်တန် အသင်း ရဲ့ ကစားပုံ ကောင်းတဲ့ အတွက်ကြောင့် မဟုတ်ခဲ့ပဲ ၊ ချဲလ်ဆီး နောက်တန်း ရဲ့ ပေါ့လျော့မှုကြောင့်သာ ပေးခဲ့ရတဲ့ အနေအထားတွေ ဖြစ်ပါတယ် ။ သို့ပေမယ့် ဆောက်သမ်တန် အသင်း ရဲ့ press ကောင်းပုံ ကိုလည်း မေ့ထားလို့ မရပါဘူး ။

ပွဲအပြီးမှာတော့ ဆောက်သမ်တန် အသင်း နည်းပြ ရပ်ဖ် ဟက်ဆန်ဟူတယ် က ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ကိုယ်စီ ရခဲ့တဲ့ ကိုင်ဟာဗက်ဇ် နဲ့ တပည့်ဟောင်း တီမို ဗာနာ တို့ဟာ အခြား ပရီးမီးယားလိဂ် ပြိုင်ဖက် ခံစစ်ကြောင်း ကို အလဲထိုးနိုင်စွမ်း ရှိနေပြီ လို့ ချီးကျူး ပြောဆိုခဲ့ပါတယ် ။

ဟက်ဆန်ဟူတယ် က ” ဒီပွဲမတိုင်ခင် ကတည်းက တီမို ဟာ မကြာခင် အခိုက်အတန့် အတွင်း သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ကို ရတော့မယ် လို့ ကျွန်တော် မှန်းဆခဲ့ပြီးသားပါ ။ မမျှော်မှန်းခဲ့တာ ကတော့ ကျွန်တော်တို့ အသင်း နဲ့ ထိပ်တိုက် တွေ့ဆုံတဲ့အခါ သူ ဂိုးသွင်းမယ့် အကြောင်းအရာ ကိုပါ ။ ”

” သူ့ကို ခုခံ တားဆီးဖို့ အရမ်း ခက်ခဲပါတယ် ။ ခင်ဗျား ဟာ ခံစစ်ပိုင်း ကို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် မတည်ဆောက်နိုင်ဘူး ဆိုရင် တီမို နဲ့ ကိုင်ဟာဗက်ဇ် တို့ဟာ ခင်ဗျား အသင်း ကို အလဲထိုး အနိုင်ယူသွားမှာပါ ။ အင်္ဂလန် ကို ပြောင်းလာပြီး ၊ ပရီးမီးယားလိဂ် မှာ လာကစားလို့ တီမို အတွက် ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ”

” သူဟာ ပရိသတ်တွေ အတွက် ကြည့်ရတာ ရပ်သပ်ရှုမော ဖြစ်စေတဲ့ ကစားသမား တယောက်ပါ ။ ကောင်းတဲ့ အချက် တချက် က ဒီနေ့ပွဲမှာ ကျွန်တော်တို့ သရေ တမှတ် ယူနိုင်ခဲ့တာပါပဲ ။ နောက်ဆိုရင် တီမို ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး အတွက် ကျွန်တော် ဝမ်းသာနေမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကလည်း ဗာနာ ရဲ့ သွင်းဂိုး အပေါ် ” ဟုတ်ပါတယ် ။ ဒီဂိုးတွေ က တကယ် လှပလွန်းတဲ့ တကိုယ်တော် သွင်းဂိုးတွေ ဖြစ်ပါတယ် ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သူ့ဆီမှာ ဘယ်လို အရည်အသွေးမျိုးတွေ ရှိနေလဲ ဆိုတာ သိနိုင်ပါတယ် ။ ”

” သူ့ကို ကြည့်ရတာ အရမ်း ထက်မြက်နေပုံပါ ။ အထူးသဖြင့် ပထမပိုင်း အတွင်း တိုက်စစ် ကစားသမား တွေနဲ့ သူ့အကြား ချိတ်ဆက်မှု က လျင်မြန် ထက်မြက်မှု ရှိခဲ့ပါတယ် ။ အခုလို ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးတွေ ရသွားတာ သူ့ရဲ့ ယုံကြည်မှု အတွက် အထောက်အကူ ဖြစ်စေမှာ သေချာပါတယ် ။ ”

” နောက်ထပ် သွင်းဂိုး အများအပြား ကိုလည်း သူ့ဆီကနေ မြင်တွေ့ရမယ် ဆိုတာ ကျွန်တော် ကျိန်းသေပေါက် ပြောရဲပါတယ် ။ ” လို့ ထင်မြင်ချက် ပေးခဲ့ပါတယ် ။

SPORTS MYANMAR