ဂိုးပြတ် နိုင်ပွဲအပြီး ဝေဖန်မှုတွေ အများကြီး ခံနေခဲ့ရတဲ့ အပေါ် တုန့်ပြန်လိုက်တဲ့ ဟယ်ရီ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ စိန့် ဂျိမ်းစ် ပါ့ခ် ကွင်းထဲ နယူးကာဆယ် ယူနိုက်တက် အသင်း နဲ့ ရင်ဆိုင် ကစားခဲ့ ရပြီး 1 – 4 ဆိုတဲ့ အဝေကွင်း ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ ပါတယ် ။ ဒါဟာ စပါးကို 1 – 6 နဲ့ ရှုံးနိမ့် ခဲ့တဲ့နောက် ဝေဖန်မှုတွေ အများကြီး ခံနေခဲ့ရတဲ့ ယူနိုက်တက် အတွက် အဖိုးတန် နိုင်ပွဲ ဖြစ်သွားခဲ့ရ ပါတယ် ။

ပွဲစဉ် အစမှာတော့ ခရက်ဖ် ရဲ့ ကန်ချက်က ယူနိုက်တက် နောက်ခံလူ လုခ်ရှော နဲ့ ထိပြီး own goal ဖြစ်သွားခဲ့ ရတဲ့ အတွက် ယူနိုက်တက် တို့ဟာ နောက်က လိုက်ပြီး ကစား ခဲ့ရ ပါတယ် ။ ဒါက လက်ရှိ ဘောလုံး ရာသီ အတွင်း ခံစစ် အမှားတွေ များ နေခဲ့တဲ့ ယူနိုက်တက် အတွက် စိတ်ပျက် စရာ ဖြစ်ခဲ့ရ ပါတယ် ။

ဒါပေမယ့် ပွဲချိန် 23 မိနစ် မှာတော့ ထောင့်ကန်ဘော မှ တစ်ဆင့် ဟွမ် မာတာ ကန်တင် ပေးလိုက်တဲ့ ဘောလုံးကို အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား က ခေါင်းတိုက်ပြီး ဂိုး အဖြစ် ပြောင်းလဲ ခြေပ သွားနိုင်ခဲ့ ပါတယ် ။ ဒါက အမှားတွေ ကျူးလွန်မှုနဲ့အတူ ဖိအားတွေအောက် ကျရောက်နေခဲ့တဲ့ မက်ဂွားယား အတွက် အဖိုးတန် ခြေပဂိုး ဖြစ်သွား ခဲ့ရ ပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်း 86 ၊ 90 နဲ့ 97 မိနစ် တွေမှာ ဘရူနို ၊ ဘစ်ဆာကာ နဲ့ ရပ်ရှ်ဖို့ တို့က တစ်ဂိုးစီ သွင်းယူပေးနိုင်ခဲ့ ကြတဲ့ အတွက် ယူနိုက်တက် တို့ဟာ ဂိုးပြတ် နိုင်ပွဲ ရရ နိုင်ခဲ့ ကြတာပဲ ဖြစ်ပါတယ် ။ ဒါဟာ ရှေ့ဆက် ပွဲကြပ်တွေ ဆက်တိုက် ကစာရတော့မယ့် ယူနိုက်တက် အတွက် ယုံကြည်မှုတွေ အားကောင်း စေမယ့် နိုင်ပွဲ ဖြစ်သွား ခဲ့ရ ပါတယ် ။

အဆိုပါ နိုင်ပွဲ အပြီးမှာတော့ ယူနိုက်တက် အသင်းရဲ့ အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယား က သူတို့ တွေဟာ လက်ရှိ ဘောလုံး ရာသီသစ် အတွက် ပွဲစဉ် အနည်းငယ်မျှသာ ကစားထားခဲ့တဲ့ အနေအထား တစ်ရပ်မှာ ကြုံတွေ့ ရင်ဆိုင် နေခဲ့ရတဲ့ ဝေဖန်မှုတွေက ရူးသွပ်ဖွယ်ကောင်းလောက်အောင် ကြီးမား နေခဲ့ကြောင်း တုန့်ပြန် သွားခဲ့လိုက် ပါတယ် ။

” ဒါက ရူးသွပ်ဖွယ် ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ လက်ရှိ ဘောလုံး ရာသီမှာ ကစားခဲ့တဲ့ ပွဲစဉ်က အရမ်းကို နည်းပါး နေခဲ့ပြီး ဝေဖန် ထိုးနှက် ခံရမှု တွေက အရမ်းကို ကြီးမား နေခဲ့လို့ ပါပဲ ။ ဒါက ဒီ ရာသီ အတွင်း ကစားခဲ့ ရတဲ့ ကျွန်တော် တို့ရဲ့ စတုတ္ထမြောက် ပွဲစဉ်ပါ ။ ကျွန်တော်တို့ နှစ်ပွဲ နိုင်ပြီး နှစ်ပွဲ ရှုံးနိမ့် ခဲ့ကြ ပါတယ် ”

” ကျွန်တော်တို့ တွေဟာ ပွဲစဉ် နှစ်ပွဲမှာ အရမ်းကို ညံ့ဖျင်းခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ တွေဟာ အဲ့တာထက် အများကြီး ပိုကောင်းအောင် ကစား နိုင်တယ် ဆိုတာ သိကြ ပါတယ် ။ ဒီနှစ် ကျွန်တော်တို့ အိုးလ် ထရပ်ဖို့ဒ် မှာ ကစားခဲ့ ကြတဲ့ ပွဲစဉ် နှစ်ပွဲက စွမ်းဆောင်ရည် တွေဟာ ပရိသတ်တွေ အတွက်တော့ ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိ ပါဘူး ”

” ဒီအတွက် ကျွန်တော်တို့ မေးခွန်းတွေ ထုတ်ခဲ့ ကြပြီး လေ့ကျင့်ရေး ကွင်းထဲမှာလည်း အလုပ်တွေ အများကြီး ကြိုးစား ခဲ့ကြရ ပါတယ် ။ ကျွန်တော်တို့ ခမ်းနားတဲ့ အစုအဖွဲ့ တစ်ခုကို ပိုင်ဆိုင်ထားကြ ပါတယ် ။ ကျွန်တော်တို့ အကောင်းဆုံး ပြန်လာရမယ် ၊ ဒါက အရေးကြီး လွန်းတဲ့ ၊ ခမ်းနားတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်တယ် ဆိုတာကိုလည်း ကျွန်တော်တို့ သိရှိ ခဲ့ကြ ပါတယ် ”

” ကျွန်တော်တို့ တွေဟာ ဝေဖန်ခံရမှု တွေကို ပြန်လည် တုန့်ပြန် နိုင်ဖို့ အကောင်းဆုံး အခွင့်အလမ်း ပိုင်ဆိုင် နိုင်ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်လို့ ပွဲစဉ်တွေ အများကြီး ကစားကြရပါ ဦးမယ် ။ ကျွန်တော်တို့ ဆက်လက် တိုးတက် ကောင်းမွန်ဖို့ ကြိုးစား ရပါ ဦးမယ် ။ ဘယ်လိုပဲ ဖြစ်နေ ပါစေ ၊ ဒီနေ့ည မှာတော့ ကျွန်တော်တို့ တွေဟာ အနိုင် သုံးမှတ် နဲ့ ထိုက်တန် ခဲ့ကြ ပါတယ် ” လို့ မက်ဂွားယား က ပြန်လည် တုန့်ပြန် သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar