ဟန်ဒါဆန်ရဲ့ အချိန်ပို သွင်းဂိုး ပယ်ဖျက်ခံခဲ့ရတာကြောင့် ဒါဘီမှာ သရေနဲ့ကျေနပ်ခဲ့ရတဲ့ အဲဗာတန် ၂-၂ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

အဲဗာတန်ဟာ မြို့ခံပြိုင်ဘက် လီဗာပူးကို နောက်ကနေ လိုက်ကစား ခဲ့ရပေမယ့်လည်း ၂ ကြိမ် တိုင်တိုင် ပြန်လည် ချေပခဲ့ကာ ဇယားထိပ်မှာ ဆက်လက် ရပ်တည် နိုင်ခဲ့ပါတယ်။ ဧည့်သည်အသင်းဟာ မာနေးကို ဗီလာနဲ့ ပွဲမှာ လွမ်းဆွတ် ခဲ့ရတယ်ဆိုတာ အသေအချာ ဖြစ်ပြီး ဆီနီဂေါစတားဟာ ပွဲအစ ၃ မိနစ်မှာတင် ရောဘတ်ဆန် ရဲ့ ဖြတ်တင်ဘောကို ပိတ်သွင်းကာ ဦးဆောင်ဂိုး ရယူ ပေးခဲ့ပါတယ်။ အဲဒီနောက် ပစ်ဖို့ဒ်ကြောင့် ဗန်ဒိုက် ဒဏ်ရာ ရရှိ သွားခဲ့တာဟာ လီဗာပူးအတွက် အတော် နစ်နာလှပြီး ခံစစ်ပိုင်း အားနည်း သွားခဲ့ရပါတယ်။

ဒါ့ကြောင့်လည်း ပွဲချိန် မိနစ် ၂၀ မှာ မိုက်ကယ်ကိန်းဟာ ထောင့်ကန်ဘော ကနေ ခေါင်းတိုက် သွင်းယူ သွားခဲ့ပြီး ပထမပိုင်း အပြီးမှာ ၁-၁ နဲ့ ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာ အဲဗာတန်ရဲ့ ကစားပုံ ပိုကောင်းခဲ့ပြီး ကလာဗန်လီဝန် ၊ ရစ်ချယ်လဆင် တို့ အခွင့်အရေးကောင်းတွေ လွဲချော် ခဲ့ပါတယ်။ မိနစ် ၇၀ လောက်မှာတော့ လီဗာပူးရဲ့ ကစားဟန် ပိုကောင်းလာခဲ့ပြီး ၇၂ မိနစ်မှာ ဆာလားက မီနာရဲ့ ရှင်းထုတ်မှုကို မြေမကျ ကန်သွင်းယူ ခဲ့ပြီး ဦးဆောင်ဂိုး ရယူ ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း လူးကပ်ဒင်းရဲ့ ဖြတ်တင်ဘော ကနေ ကလာဗန်လီဝန်က ခေါင်းတိုက် ချေပခဲ့ပြီး အဲဒီနောက် တီယာဂိုကို ရစ်ချယ်လဆင် ကစားပုံ ကြမ်းခဲ့တာကြောင့် အနီကတ် ပြခံခဲ့ရပါတယ်။ ထို့နောက် လီဗာပူးဟာ အဲဗာတန် ဘက်ကို ဖိကစားခဲ့ကာ ၉၂ မိနစ်မှာ မာနေးရဲ့ ဖြတ်တင်ဘောကို ဟန်ဒါဆန်က ပိတ်သွင်းယူ ခဲ့ပေမယ့်လည်း VAR အရ လူကျွံနေခဲ့တာကြောင့် လီဗာပူးတို့ သရေတစ်မှတ်နဲ့ ကျေနပ် ခဲ့ရပါတယ်။

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေ ကတော့

၁~ဒဏ်ရာပြသနာတွေ ထပ်တိုးခဲ့ပြန်တဲ့ လီဗာပူး


လီဗာပူးဟာ ဒီရာသီမှာ ဒဏ်ရာ ပြသနာတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ကြုံတွေ့ နေခဲ့ရပြီး ဗီလာနဲ့ ပွဲစဉ်မှာ အလီဆွန် ၊ ဟန်ဒါဆန် ၊ မာနေး ၊ တီယာဂို တို့လို ကစားသမားတွေကို ဆုံးရှုံး ခဲ့ရသလို ဒီပွဲစဉ်မှာလည်း နောက်ထပ် အဓိက ကစားသမား ဖြစ်သူ ဗန်ဒိုက်ဟာ ဒဏ်ရာရ ကစားသမား စာရင်းထဲ ဝင်သွား ခဲ့ပြန်ပါပြီ။ နယ်သာလန် အသင်းခေါင်းဆောင်ဟာ မာဆေးဆိုက် ဒါဘီမှာ ၁၀ မိနစ်လောက်သာ ကစားခဲ့ရပြီး ပစ်ဖို့ဒ်ရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရကာ ဂိုးမက်ဇ်နဲ့ လူစားလဲခဲ့ရပါတယ်။ အဲဗာတန် ဂိုးသမား အနေနဲ့ ဒီလို ဖျက်ထုတ်မှု အတွက် အနီကတ် မထိတာ အတော့်ကို ကံကောင်းခဲ့ပါတယ်။

အဲဗာတန် ကတော့ ဗန်ဒိုက် ထွက်ခွာ သွားမှုတွေကို အခွင့်ကောင်း ရယူ နိုင်ခဲ့ကာ ထောင့်ကန်ဘော ကနေ တဆင့် ကိန်းက ခေါင်းတိုက်ဂိုး သွင်းယူ ခဲ့ပါတယ်။ လီဗာပူးရဲ့ ခံစစ်ဟာ ဗန်ဒိုက်ကို တည်ကာ ဖွဲ့စည်းထား ခဲ့တာ ဖြစ်ပြီး မာတစ် ပြန်ပါလာခဲ့တာ သတင်းကောင်း ဖြစ်ပေမယ့်လည်း ဗန်ဒိုက်ရဲ့ နေရာမှာ ဝင်ကစား သွားမယ့် ဂိုးမက်ဇ်ဟာ အမြင့်ဘော အားသန်မှု မရှိခြင်း ၊ ကစားပုံ ပျော့ခြင်း တို့ကြောင့် လာမည့် ပွဲစဉ်တွေဟာ လီဗာပူး အတွက် စိုးရိမ်စရာ ပါပဲ။

၂~ကံကောင်းခဲ့တဲ့ ပစ်ဖို့ဒ် နဲ့ မေးခွန်းထုတ်စရာ VAR


ဗန်ဒိုက် အပေါ် အန ္တရာယ် များလွန်းတဲ့ ဖျက်ထုတ်မှုကို ကျုးလွန်ခဲ့တဲ့ ပစ်ဖို့ဒ် အပေါ် အနီကတ် မပြသခဲ့တာကြောင့် VAR ရဲ့ ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ထပ်မံ ငြင်းခုန်မှုတွေ ဖြစ်ပေါ် နေအုံးမှာ ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ အဆိုပါ အဖြစ်အပျက် မတိုင်မီ လူကျွံနေခဲ့ပေမယ့်လည်း ဒီလို ဆိုးရွားတဲ့ ဖျက်ထုတ်မှု အတွက် ဥပဒေအရ ကစားသမား တစ်ဦး အနေနဲ့ အနီကတ် ပြသခံရနိုင်ခြေ ရှိနေတုန်း ဖြစ်ပါတယ်။ VAR ဟာ အချိန်ယူကာ ဒီအဖြစ်အပျက်ကို ကြည့်ခဲ့ပေမယ့်လည်း offside ဖြစ်ခြင်း မဖြစ်ခြင်းကိုသာ ကြည့်သွားခဲ့ပြီး ပစ်ဖို့ဒ် အနေနဲ့ အနီကတ် ပြသ ခံရသင့်သလား ဆိုတာကို check လုပ်ခဲ့ခြင်း မရှိခဲ့တာ ကတော့ အငြင်းပွားဖွယ်ရာ ပါပဲ။

VAR အခန်းထဲက ဒိုင်နဲ့ မိုက်ကယ်အိုလီဗာ တို့ကလွဲပြီး လူတော်တော်များများ ကတော့ အင်္ဂလန် ဂိုးသမား အနေနဲ့ အစောပိုင်း ကတည်းက အနီကတ် ပြသ ခံရသင့်တယ်လို့ ယူဆ နေကြပါတယ်။ VAR နဲ့ ပက်သက်ပြီး ဒီရာသီ အငြင်းပွားစရာတွေ ဆက်တိုက် ဖြစ်ပေါ် နေသလို ဒီအဖြစ်အပျက် ကလည်း VAR ကို တာဝန်ယူတဲ့ လူတွေရဲ့ နောက်ထပ် ပြသနာ တစ်ခု ဖြစ်ပါတယ်။

၃~လီဗာပူး အတွက် ဂိုး၁၀၀ ပြည့်မြောက် သွားခဲ့ပြီ ဖြစ်တဲ့ ဆာလား
မိုဆာလားဟာ ဂွတ်ဒီဆင်ပက် ပွဲကို လွှမ်းမိုး ကစားနိုင်ဖို့ ရုန်းကန် နေခဲ့ရပေမယ့်လည်း ပွဲချိန် တစ်လျှောက်လုံး တောက်လျှောက် ကြိုးစား ကစား သွားခဲ့သလို အခွင့်အရေး တစ်ကြိမ် ဆိုရင် တစ်ကြိမ် သိသာလှပြီး မထင်မှတ်ထားတဲ့ အခြေအနေကနေ ဂိုးသွင်းယူ ခဲ့ပါတယ်။ ဆာလားဟာ အခုဆိုရင် လီဗာပူး အတွက် သွင်းဂိုး ၁၀၀ ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပြီး ဒီမှတ်တိုင်ကို ဖောင်လာ ၊ အိုဝင် ၊ အီရန်ရပ်ရှ် နဲ့ ကန်ဒီဒဲလ်ဂလစ်ချ် တို့ထက် မြန်မြန် စိုက်ထူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆာလားဟာ လီဗာပူး အတွက် ၁၅၉ ပွဲမြောက်မှာ ဒီမှတ်တမ်း ရရှိ ခဲ့တာ ဖြစ်ပြီး ရော်ဂျာဟန့် (၁၄၄ ပွဲ) ၊ ဂျက်ပက်ကင်ဆန် (၁၅၃ ပွဲ) တို့သာ ၎င်းထက် သာခဲ့ပါတယ်။

 

၄~အပိုင်ဂိုးတွေ ကာကွယ်ခဲ့ပေမယ့် စိတ်ချလို့ မရသေးတဲ့ ပစ်ဖို့ဒ်
အဲဗာတန်ဟာ နွေရာသီက အလန် ၊ ဟားမက် ၊ ဒူကိုရေး တို့အတွက် ငွေကြေးများစွာ သုံးစွဲကာ တောင့်တင်း သွားခဲ့ပေမယ့်လည်း ဂိုးသမားပိုင်း ကတော့ အားနည်းမှု ရှိနေဆဲ ဖြစ်ပါတယ်။ အဲဗာတန်ဟာ ဒီရာသီ ပုံစံကောင်း ရရှိနေပြီး လီဗာပူးနဲ့ သရေကျ ခဲ့ပေမယ့်လည်း ထိပ်ဆုံးမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရှောင်ရှားလို့ ရနိုင်တဲ့ အမှားတွေ ကနေ အမှတ်တွေ ဆုံးရှုံးနိုင်တယ် ဆိုတဲ့ ခံစားမှု ကတော့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ပစ်ဖို့ဒ်နဲ့ အမှားဟာ ဒွန်တွဲနေပြီး လီဗာပူးနဲ့ ပွဲမှာ ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ပေးခဲ့ပေမယ့်လည်း ဗန်ဒိုက် အပေါ် ၎င်းရဲ့ အလောတကြီး ဖျက်ထုတ်မှုဟာ အတော်ကို ဆိုးရွားလှပြီး ကံကောင်းစွာနဲ့ အဲဗာတန်တို့ စောစောစီးစီး လူတစ်ယောက် မလျော့ ခဲ့တာ ဖြစ်ပါတယ်။ ပစ်ဖို့ဒ် အနေနဲ့ နောက်ပွဲစဉ်တွေမှာ တိုးတက်မှုတွေ မပြသနိုင်ခဲ့ပါက အသစ်ခေါ်ယူထားတဲ့ အော်ဆင်ကို နေရာလွဲပေးရမှာ ဖြစ်ပါတယ်။

၅~ဘာတွေ လာမလဲဆိုတာ ပြသခဲ့တဲ့ တီယာဂို
တီယာဂိုဟာ ပြီးခဲ့တဲ့ နွေရာသီ လီဗာပူးတို့ ၎င်းကို ဘာကြောင့် ခေါ်ယူခဲ့သလဲ ဆိုတာ ပြသခဲ့ပြီး ဂွတ်ဒီဆင်ပက်မှာ ပထမဦးဆုံး ပွဲထွက် ကစား သွားခဲ့ပါတယ်။ စပိန် ကွင်းလယ်လူဟာ အစောပိုင်းမှာ ကြံ့ခိုင်မှု အသားပေး ကစားဟန်နဲ့ အသားကျဖို့ အချိန်ယူ ခဲ့ရပေမယ့်လည်း ပွဲရှိန်ရလာတာနဲ့ အမျှ ကစားကွက်ကို စတင် ချုပ်ကစား လာနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တီယာဂိုရဲ့ ကစားပုံ ပိုမို ကောင်းမွန် လာခဲ့ပြီး ၎င်းရဲ့ passing တွေ ၊ တမ်ပို အတင်အချ ကစားမှုတွေနဲ့ အတူ လီဗာပူးရဲ့ တိုက်စစ် ကစားဟန်ကို ပိုမို ထက်မြက် စေခဲ့ပါတယ်။

အသက် ၂၉ နှစ် အရွယ် ကစားသမားဟာ တကယ့် ထိပ်တန်း အရည်အသွေး ရှိသူ ဖြစ်ပြီး ယာဂန်ကလော့ရဲ့ နည်းစနစ်နဲ့ အသားတကျ ဖြစ်လာလေလေ ပိုကောင်းလာလေလေ ဖြစ်လာမှာပါ။ လီဗာပူး ပရိတ်သတ်တွေ ကတော့ ဒီပွဲစဉ်က တီယာဂိုရဲ့ ကစားဟန်ကို ကြည့်ကာ အနာဂတ်မှာ ဘာတွေ လာအုံးမလဲ ဆိုတာ ရင်ခုန် စိတ်လှုပ်ရှား နေကြမှာ ဖြစ်ပါတယ်။

SM