ယူရိုပါလိဂ် လူစာရင်းမှာ ချန်လှပ်သွားမှာ ဖြစ်ကြောင်း အိုဇေးလ် နဲ့ ဆိုကရက်တစ် တို့ကို ခက်ခက်ခဲခဲ ပြောကြားခဲ့ရကြောင်း ဖွင့်ဟလာတဲ့ အာတီတာ

အာဆင်နယ် အသင်းဟာ ဒီရာသီ ယူရိုပါလိဂ် အုပ်စု အဆင့် ပွဲစဉ်တွေအတွက် အပြီးသတ် လူစာရင်း ၂၅ ယောက် ကြေညာရာမှာ ဝါရင့် ကစားသမားတွေ ဖြစ်ကြတဲ့ ဆိုကရက်တစ် နဲ့ မီဆွတ် အိုဇေးလ် တို့ကို ချန်လှပ် ခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ က ယူရိုပါလိဂ် လူစာရင်းမှာ အိုဇေးလ် နဲ့ ဆိုကရက်တစ် တို့ကို ချန်လှပ်သွားမှာ ဖြစ်ကြောင်းကို ကာယကံရှင်တွေဆီ ပြောပြဖို့ ခက်ခက်ခဲခဲ ကြိုးစား ခဲ့ရကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

အာတီတာ က မန်စီးတီး နဲ့ ပွဲကြို အင်တာဗျူးမှာ ” လူစာရင်း မထုတ်ပြန်ခင် အချိန်မှာ ကျွန်တော် သူတို့နဲ့ မျက်နှာချင်းဆိုင် စကားပြောဖြစ် ခဲ့ပါတယ် ။ သူတို့ကို ချန်လှပ် ခဲ့ရတဲ့ အကြောင်းအရင်း နဲ့ ပတ်သက်ပြီး သေချာ ရှင်းပြ ခဲ့ရပါတယ် ။ “

 

” သူတို့ကို ဒီလို ပြောပြဖို့ အတော်လေး ခက်ခဲ ခဲ့တာပါ ၊ ဒါပေမယ့် ကန့်သတ်ချ​က်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိနေတာ ကြောင့် မပြောမဖြစ် ပြောပြ ခဲ့ရပါတယ် ။ “

” ကျွန်တော်တို့ အနေနဲ့ အခု ဆုံးဖြတ်ချက်ကို လေးစား လိုက်နာဖို့ လိုအပ်ပါတယ် ၊ အခု လက်ရှိ အချိန်မှာ အသင်းကို အထောက်အကူ ပြုဖို့ရာ အကောင်းဆုံး နည်းလမ်း နဲ့ ကြိုးစား လေ့ကျင့် သွားရမှာပါ ၊ ဒီဇင်ဘာ မှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ဆက်လက် စောင့်ကြည့် ရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ ဟာ ပြီးခဲ့တဲ့ မတ်လ နောက်ပိုင်းကတည်းက အိုဇေးလ် ကို တရားဝင် ပြိုင်ပွဲတွေမှာ အသုံးပြုခြင်း မရှိတော့သလို ပရီးမီးယားလိဂ် ပြိုင်ပွဲ လူစာရင်းကနေလည်း ချန်လှပ် ခံရဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။

အာဆင်နယ် အသင်း တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ် ကတော့ အိုဇေးလ် ဟာ ဒီရာသီမှာ အသင်း အတွက် ထပ်မံ ကစားခွင့် ရတော့မှာ မဟုတ်ကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

” ဒီရာသီမှာ အိုဇေးလ် ဟာ အာဆင်နယ် အတွက် ထပ်မံ ကစားခွင့် ရလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး ၊ နောက်ထပ် ဘယ်တော့မှ ကစားခွင့် ရတော့မှာ မဟုတ်ပါဘူး ။ အကြောင်းအရင်း ခိုင်ခိုင်လုံလုံ ရှိပါတယ် ၊ သူက အသင်းကို ဆန့်ကျင် ခဲ့ပါတယ် ၊ ဒါကြောင့် သူ အသင်းမှာ ပြန်ပါခွင့်ရဖို့ မမြင်မိပါဘူး ။ “လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR