မန်ချက်စတာ ယူနိုက်တက် တို့ လိုအပ်နေတဲ့ တိုက်စစ်မှူး စစ်စစ်ဆိုတာ ဘယ်လိုလူလဲ ပြောပြလိုက်တဲ့ မြူလန်စတင်း

မန်ချက် စတာ ယူနိုက်တက် အသင်းရဲ့ လက်ထောက် နည်းပြ တစ်ဦး ဖြစ်ခဲ့တဲ့ မြူလန်စတင်း ကတော့ ယူနိုက်တက် ဟာ ဂိုးဧရိယာ ထိပ်မှာ ခြိမ်းခြောက်မှု အပြည့် ပေးနိုင်တဲ့ တိုက်စစ်မှူး စစ်စစ် တစ်ဦး ကို ခေါ်ယူ ရမှာ ဖြစ်ပြီး အီဒီဆင် ကာဗာနီ နဲ့ ဈေးကွက် ကို ပိတ်သိမ်း လိုက်မှု အပေါ် မေးခွန်း ထုတ် သွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ဒေါ့မွန် တိုက်စစ်မှူး အာလင်း ဟာလန်း ကို သြစတြီးယား မှာ ကစားစဉ် ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စား ခဲ့ ပေမယ့် မအောင်မြင် ခဲ့ပါဘူး ။

ဒါကြောင့် ယူနိုက်တက် ဟာ နွေရာသီ အပြောင်း အရွှေ့ မှာ တိုက်စစ်မှူး သစ် တစ်ဦး ကို ရှာဖွေ ခဲ့ရပြီး ဈေးကွက် ပိတ်မယ့် နောက်ဆုံးနေ့ မှာတော့ အသင်း လက်မဲ့ ဖြစ်နေတဲ့ PSG တိုက်စစ်မှူးဟောင်း အီဒီဆင် ကာဗာနီ ကို ခေါ်ယူ သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး ဖာဂူဆန် ထံမှာ လက်ထောက် နည်းပြ အဖြစ် လုပ်ဆောင် ခဲ့ဖူးတဲ့ မြူလန်စတင်း ကတော့ ယူနိုက်တက် ဟာ ဒေါ့မွန် တောင်ပံ ကစား သမား ဂျေဒန်ဆန်ချို ကို ကြိုးစား နေမယ့် အစား အာလင်းဟာလန်း လို တိုက်စစ်မှူး စစ်စစ် တစ်ဦး ကို ပြောင်းလဲ ပစ်မှတ် ထားသင့် တယ်လို့ အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

“ယူနိုက်တက် က တကယ့် တိုက်စစ်မှူး စစ်စစ် ကို လိုနေ တာပါ ။ အာလင်း ဟာလန်း လို လူမျိုးပေါ့ ။ ရှေးရိုး ဆန်တဲ့ တိုက်စစ်မှူးတွေ က အခုထိ အလုပ် ဖြစ်နေတုန်းပါ ။ ဘိုင်ယန် ကို ကြည့်မလား ၊ စပါး ကို ကြည့်မလား ၊ ဒါမှ မဟုတ် လက်စတာ ကို ကြည့်မလား ။ သူတို့ မှာ တကယ် အစွမ်းထက်တဲ့ အထောင်တိုက်စစ်မှူးတွေ ရှိပါတယ်”

“ယူနိုက်တက် မှာတော့ သွင်းဂိုးတွေ က တိုက်စစ်မှူး ဆီကနေ အဓိက လာမနေ ပါဘူး ။ ရက်ဖိုဒ့် က တိုက်စစ်မှူး လို ကစား နိုင်ပါတယ် ၊ ဒါပေမယ့် သူက ဒီလိုလူ စစ်စစ် မဟုတ်ပါဘူး ။ အန်တိုနီ မာရှယ် လည်း အဲ့ဒိ နေရာမှာ ကစားပြီး ဂိုးတွေ သွင်းနိုင် ပါတယ် ။ ဒါပေမယ့် သူက တိုက်စစ်မှူး စစ်စစ်တွေ လို ဂိုးသွင်းသူ မဟုတ်ပါဘူး”

“အခု သူတို့မှာ အီဒီဆင် ကာဗာနီ ရှိနေ ပါပြီ ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ဟာ နွေရာသီ တစ်ခုလုံး အလုပ်များ နေပြီး နောက်ဆုံး မှ အသက် ၃၃ နှစ် အရွယ် တိုက်စစ်မှူး ကို ခေါ်လိုက်တာ ကတော့ သဘာ၀ မကျ ပါဘူး” လို့ မြူလန် စတင်း က ပြောဆို သွားခဲ့ ပါတယ် ။

ကာဗာနီ ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ၂ နှစ် စာချုပ် ချုပ်ဆို ခဲ့ပြီး လက်ရှိ မှာတော့ ကိုဗစ် စည်းမျဉ်းတွေ ကြောင့် ကွာရင်တိုင်း ဝင်နေ ခဲ့ရ ပါတယ် ။ ဒါကြောင့် ဒီကနေ့ ည ကစားမယ့် နယူးကာဆယ် နဲ့ ပွဲ ကို မပါဝင် နိုင်ခဲ့ ပါဘူး ။ ဒါ့အပြင် စပါး နဲ့ ပွဲမှာ အနီကတ် ထိခဲ့တဲ့ အန်တိုနီ မာရှယ် ဟာလည်း ဒီပွဲ က စပြီး ၃ ပွဲပယ် အပြစ်ဒဏ် ကို စတင် ကျခံ ရမှာ ဖြစ်ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ယခု ပွဲ အပြီး မှာတော့ PSG ၊ ချဲလ်ဆီး ၊ အာဆင်နယ် ၊ လိုက်ပ်ဇစ် စတဲ့ အသင်းတွေ နဲ့ ဆက်တိုက် တွေ့ဆုံမှာ ဖြစ်ပြီး ၂၁ ရက် အတွင်း မှာ ပွဲကြပ် 7 ပွဲ ကို ယှဉ်ပြိုင် ကစား ရတော့ မှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR