ဗာနာ ကိုပင် အားမနာခဲ့တဲ့ အထိ ဆိုးရွားလှတဲ့ ခံစစ် နဲ့ အတူ စိတ်ပျက်ဖွယ် ၃ဂိုးစီ သရေပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဆောက်သမ်တန် အသင်း ကို ၂ကြိမ်တိုင်တိုင် ဦးဆောင်နေပြီးမှ ၊ စုတ်ပြတ်လှတဲ့ ခံစစ်ကြောင့် ချေပဂိုးတွေ ၃ကြိမ်တိုင်တိုင် ခွင့်ပြုခဲ့ရကာ ၊ သရေ တမှတ်နဲ့ ကျေနပ်ခဲ့ရပါတယ် ။ ထို ပွဲစဉ် အပြီး ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ ( Rating – 4 )

ပေးဂိုး ၃ဂိုးလုံး ဟာ ကီပါ ရဲ့ တိုက်ရိုက် အမှားတော့ မဟုတ်ခဲ့ပေမယ့် ၊ ပထမ ချေပဂိုး ၂ဂိုး မှာ ၎င်းဆီက အားစိုက်ထုတ်မှု နည်းခဲ့တာကို တွေ့ရပါတယ် ။ ပထမ ချေပဂိုး မှာ ဆိုရင် ရှေ့တက်ဖမ်းနေမှ လက်ဆန့်ထုတ်ပြီး ၊ ဒန်နီအင့်စ် ရဲ့ အလိမ်အခေါက် ကို တားဆီးခဲ့သင့်ပါတယ် ။

ဒုတိယဂိုးမှာလည်း ဇူးမား ရဲ့ နောက်ပြန်ပေးပို့ပုံ အမှား ကို လိုက်ဖာထေးဖို့ ကြိုးစားရာမှာ ၊ ကီပါ အနေနဲ့ ပြတ်သားတဲ့ လျှောထိုး ဖျက်ထုတ်မှုမျိုး လုပ်နိုင်ခဲ့သင့်ပါတယ် ။ ပွဲချိန် အတွင်း ကာကွယ်မှုကောင်း တချို့ စွမ်းဆောင်နိုင်ခဲ့ပေမယ့် ၊ ပေးဂိုး ၃ဂိုး အထိ ရှိခဲ့လို့ ကီပါ ကို ဘယ်သူမှ ချီးကျူးနိုင်ကြမှာ မဟုတ်ပါဘူး ။

နောက်တန်း – အက်ဇ်ပီလီကွီတာ ၊ ခရစ်တန်ဆန် ( Rating – 6 ) ၊ ဇူးမား ( Rating – 5 ) ၊ ဘန်ချေဝဲလ် ( Rating – 8 )

ပထမပိုင်း ပြီးခါနီး ဟာဗက်ဇ် ရဲ့ ပေါ့ဆမှု ကနေ စတင်ခဲ့တဲ့ ပေးဂိုးကြောင့်သာ မဟုတ်ရင် ၊ ချဲလ်ဆီး ခံစစ် ဟာ ဒီပွဲ တပွဲလုံး အခုထက် ပိုကောင်းမယ့် အရိပ်အယောင်တွေကို မြင်ခဲ့ရမှာ သေချာပါတယ် ။ သို့ပေမယ့်လည်း အဖွင့် ချေပဂိုး က ချဲလ်ဆီး ခံစစ် ရဲ့ ပြာယာခတ်တဲ့ ဇစ်မြစ် ကို စတင် တူးဆွပေးလိုက်သလို ဖြစ်ခဲ့ပါတယ် ။

တဦးချင်း စွမ်းဆောင်ရည် အရ ဒုတိယ ချေပဂိုး အတွက် ဇူးမား ရဲ့ အမှား က ဆောက်သမ်တန် အသင်း ရဲ့ ယုံကြည်မှု ကို ပိုမို တက်စေခဲ့ပါတယ် ။ အရင်ပွဲတွေမှာ ဇူးမား ဟာ သူ့ရဲ့ ကျစ်လျစ် တောင့်တင်းတဲ့ ကစားပုံ အတွက် ချီးကျူးခံခဲ့ရပေမယ့် ၊ ဒီပွဲမှာ ဒီ အမှား တချက်ကြောင့် ဝေဖန်မှုတွေ သူ့ဆီ ပြန်ရောက်လာပါပြီ ။

အလားတူ ခရစ်တန်ဆန် ဟာ ဒီ သွင်းဂိုး ၃ဂိုးလုံး အတွက် အမှားကြီး မှားခဲ့တာမျိုး မရှိခဲ့ပေမယ့် ၊ ထုံးစံအတိုင်း လေယူရာ ယိမ်းတတ်တဲ့ ပုံစံကြောင့် ၊ ဇူးမား ရဲ့ စွမ်းဆောင်ရည် ကျဆင်းတာနဲ့ သူပါ လိုက်ပြီး ကျသွားတာကို တွေ့ရပါတယ် ။ ဒီတော့ သီယာဂို ဆေးလ်ဗား ကို ချဲလ်ဆီး တို့ ဘာကြောင့် လိုအပ်လဲ ဆိုတာ ဒီပွဲက ကြီးကြီးမားမားကို သက်သေထူနေပါတယ် ။

အစွန် နောက်ခံလူ ၂ဦး မှာ ဘယ်အခြမ်း က ဘန်ချေဝဲလ် ဟာ ပထမပိုင်း တပိုင်းလုံး တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ကို ပြသခဲ့ပြီး ၊ ဗာနာ ရဲ့ ပထမ သွင်းဂိုး အတွက် စတင် ပေးပို့မှု ကို လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် တိုက်စစ်ပိုင်း ကို လိုက်ပါရာမှာလည်း အတော်လေး ကောင်းမွန်ခဲ့တာကို တွေ့ရပါတယ် ။

အက်ဇ်ပီလီကွီတာ ကတော့ မနေ့ည က ချဲလ်ဆီး ခံစစ်မှာ ပြာယာခတ်မှု အနည်းဆုံး လို့ ဆိုရပေမယ့် ၊ လိုအပ်ချက်တွေ ရှိနေသေးတာကိုတော့ လက်ခံရပါမယ် ။

ကွင်းလယ် – ဂျော်ဂျင်ဟို ၊ ကန်တေ ၊ ဟာဗက်ဇ် ( Rating – 6 )

ဗာနာ ရဲ့ ဒုတိယ သွင်းဂိုး အတွက် အဝေးဘော ပေးပို့မှု မှာ ဂျော်ဂျင်ဟို ရဲ့ အကွက်မြင်မှု ကို ချီးကျူးရမှာ ဖြစ်ပေမယ့် ၊ ဒုတိယပိုင်း မှာတော့ ဆောက်သမ်တန် ရဲ့ ဖိကစားပုံကြောင့် ၎င်းဆီက ဘောလုံး ဖြန့်ဝေမှုတွေလည်း မမြင်ခဲ့ရပါဘူး ။

ကန်တေ ကတော့ ပထမပိုင်း အတွင်းမှာ ဆိုးရွားတဲ့ ဘောလုံး ပေးပို့မှုတွေနဲ့ ၊ အနည်းငယ် ပြာယာခတ်တာ ကို တွေ့ခဲ့ရပါတယ် ။ ဒုတိယပိုင်း မှာတော့ ချဲလ်ဆီး အသင်း ဟာ တိုက်စစ်ပိုင်းထက် ခံစစ် ကို ပိုအားပြုခဲ့ရလို့ ၊ ကန်တေ ရဲ့ အခန်း ကဏ္ဍ ပြန်ပြီး အသက်ဝင်ခဲ့ရပါတယ် ။

ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရခဲ့တဲ့ ဟာဗက်ဇ် ဟာ မနေ့ည က ဆောက်သမ်တန် ရဲ့ ချေပဂိုး အတွက် အဓိက ဗီလိန် တရပ် လို့ ပြောရပါမယ် ။ ဒါ့အပြင် ၎င်းရဲ့ လျော့တိလျော့ရဲ ကစားပုံကြောင့် မလိုလားအပ်တဲ့ အရဲစွန့်မှုတွေကို ကန်တေ နဲ့ ဂျော်ဂျင်ဟို တို့က တာဝန်ယူခဲ့ရပါတယ် ။

တိုက်စစ် – ပူလီဆစ် ( Rating – 6 ) ၊ ဗာနာ ( Rating – 9 ) ၊ မောင့် ( Rating – 5 )

ဒီပွဲရဲ့ စွမ်းဆောင်ရည် အဆိုးရွားဆုံး ချဲလ်ဆီး အသင်းသားတွေထဲမှာ မောင့်လည်း တယောက် အပါအဝင်ပါပဲ ။ ပထမပိုင်းမှာ နာရီဝက်လောက် အထိ တိုက်စစ် အတွက် အကောင်းစာ ချိတ်ဆက်မှုတွေ လုပ်နိုင်ခဲ့ပေမယ့် ၊ လက်ကျန် ပွဲချိန် တလျှောက် ၎င်းကို ကွင်းထဲမှာ ရှိနေတယ် လို့တောင် မခံစားခဲ့ရပါဘူး ။

ပူလီဆစ် ကတော့ ဟာဗက်ဇ် ရဲ့ သွင်းဂိုး အတွက် အရင်ဆုံး ဘောလုံး လမ်းကြောင်း တည်ပေးခဲ့တာ မှန်ပေမယ့် ၊ ပွဲချိန် ၄ပုံ ၃ပုံလောက်ကို ၎င်းအားသန်တဲ့ ဘယ်တောင်ပံ တိုက်စစ် မှာ ကစားခဲ့ရတာ မဟုတ်လို့ ၊ တခုခု လိုနေတယ် လို့ ခံစားခဲ့ရပါတယ် ။

ဗာနာ ကတော့ မနေ့ည က ပွဲမှ ချဲလ်ဆီး အသင်း ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ပြီး ၊ ရခဲ့တဲ့ သွင်းဂိုး ၃ဂိုးလုံး ဟာ ၎င်းရဲ့ ရာနှုန်းပြည့် ကြိုးစားမှုတွေကြောင့် ရခဲ့တာ ဖြစ်ပါတယ် ။ ပထမပိုင်း တပိုင်းလုံး ဆောက်သမ်တန် ခံစစ် က ဗာနာ ကို တားဆီးဖို့ ကြံရာမရ ဖြစ်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – ဇီယက်ချ် ( Rating – 5 ) ၊ ရိစ်ဂျိမ်းစ် ၊ အေဘရာဟမ် ( N/A )

SPORTS MYANMAR