ဗန်ဒိုက်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ဂျော်ဒန်ပစ်ဖို့ အနီကတ်နဲ့ အထုတ်ခံရသင့်တယ်လို့ ဆိုလိုက်တဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဖြစ်သူ ပီတာဝယ်တန်က မာဆေးဆိုက် ဒါဘီမှာ ဗာဂျယ်ဗန်ဒိုက် အပေါ် ဆိုးရွားတဲ့ ဖျက်ထုတ်မှုနဲ့ ပြစ်ဒဏ် ကျူးလွန်ခဲ့သူ အဲဗာတန် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ် အနေနဲ့ တိုက်ရိုက် အနီကတ်နဲ့ အထုတ်ခံ ရသင့်တယ်လို့ ဆိုလိုက်ပါတယ်။ ပွဲအစ ၇ မိနစ်လောက်မှာတင် ဗာဂျယ်ဗန်ဒိုက်ဟာ လီဗာပူး အသင်းဖော် တစ်ဦးရဲ့ ဖြတ်တင်ဘောကို လူကျွံထောင်ခြောက် ကနေ ဖောက်ထွက်ပြီး ဂိုးသွင်းဖို့ ကြိုးစား ခဲ့ပြီး ရှေ့ကို တက်လာခဲ့တဲ့ ပစ်ဖို့ဒ်ဟာ ဘောလုံးကို လုံး၀ မထိဘဲ လီဗာပူး နောက်ခံလူရဲ့ ဒူးခေါင်းကို ကန်မိ ခဲ့ပါတယ်။

ဗန်ဒိုက် လူကျွံနေတာကြောင့် အဲဗာတန်ဟာ ပင်နယ်တီ ပေးခဲ့ရခြင်း မရှိပေမယ့်လည်း VAR ဒိုင်ဟာ အနီကတ် ပြသရမယ့် ပစ်ဖို့ဒ်ရဲ့ ပြစ်ဒဏ် ကျူးလွန်မှု အပေါ် လျစ်လျူရှု ခဲ့တာကြောင့် ပစ်ဖို့ဒ်ဟာ ကံကောင်းစွာနဲ့ အနီကတ် ပြစ်ဒဏ်နဲ့ ကင်းလွတ် သွားခဲ့ရပါတယ်။ ဒါပေမယ့် နောက်ခံလူ ဗာဂျယ်ဗန်ဒိုက် ကတော့ ဒူးဒဏ်ရာ ရရှိ သွားခဲ့ကာ ယနေ့မှာတော့ ဒဏ်ရာ အတိမ်အနက်ကို စကန်ဖတ် စစ်ဆေးရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဖြစ်သူ ဝယ်တန်က ဒါဟာ လူကျွံဘော ဖြစ်နေသည့် တိုင်အောင် ပစ်ဖို့ဒ်ကို အနီကတ် ပြခွင့် ရှိတယ်လို့ ဆိုလိုက်ပါတယ်။

ဝယ်တန်က “လူကျွံဘော ဖြစ်လို့ ဝီစီမှုတ်ခဲ့ ပေမယ့် ကစားသမားတွေ အနေနဲ့ ဒီလိုမျိုး ဖျက်ထုတ်မှုတွေ လုပ်သွားလို့ မရပါဘူး။ ပစ်ဖို့ဒ်ရဲ့ challenge ဟာ တအားကို နောက်ကျ နေခဲ့ပြီး ဒီအတွက်ကြောင့် ဗန်ဒိုက်ဟာ ကွင်းထဲကနေ ထွက်ခွာ သွားခဲ့ရပါတယ်။ ဒါဟာ ဆိုးရွားတဲ့ ဖျက်ထုတ်မှု ဖြစ်ပါတယ်။ မိုက်ကယ်အိုလီဗာ အနေနဲ့ VAR monitor ကို သွားရောက် ကြည့်ရှု ခဲ့သင့်ပါတယ်။

သူဟာ မော်နီတာကို သွားရောက် ကြည့်ရှု ခဲ့မယ် ဆိုရင် ကျွန်တော်တို့ မြင်တွေ့ ခဲ့ရတဲ့ အတိုင်းပဲ ဒါဟာ အနီကတ် ပြသင့်တဲ့ ဆိုးရွားတဲ့ ကစားပုံ ဆိုတာ သိရှိသွားမှာပါ။ ခင်ဗျားတို့ ကျွန်တော့်ရဲ့ အမြင်ကို မေးမယ် ဆိုရင်လည်း ဒါဟာ အနီကတ် ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်သာ VAR ဒိုင် ဆိုရင် မိုက်ကယ်အိုလီဗာကို မော်နီတာထံ သွားရောက် ကြည့်ရှုဖို့ အကြံပေး သွားမှာပါ။ အကယ်၍ ဒီလို ဖျက်ထုတ်မှုမျိုးဟာ ကွင်းလယ်မှာ ဖြစ်ခဲ့မယ် ဆိုရင် အဲဒီ ကစားသမားဟာ သေချာပေါက် အထုတ်ခံ ရမှာပါ။” လို့ ဆိုသွားပါတယ်။

ဒီအဖြစ်အပျက်ဟာ ပွဲအပေါ် သက်ရောက်မှု ကြီးမားခဲ့ပြီး ဗန်ဒိုက် ထွက်ခွာ သွားချိန်မှာ လီဗာပူးဟာ အဲဗာတန်ကို ၁ ဂိုးအသာနဲ့ ဦးဆောင် နိုင်ခဲ့တဲ့ အပြင် ခြေစွမ်းကလည်း အပြတ်အသတ် သာနေ ခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်လို ခံစစ်ကို ဦးဆောင် နိုင်တဲ့ ကစားသမား ထွက်ခွာ သွားခဲ့ရတာကြောင့် လီဗာပူးရဲ့ ဦးဆောင်ဂိုးဟာ ခဏသာ ခံခဲ့ပြီး မိုက်ကယ်ကိန်းဟာ ထောင့်ကန်ဘော ကနေ ခေါင်းတိုက် သွင်းယူ ခဲ့သလို ကလာဗန်လီဝန် ကလည်း ပင်နယ်တီ ဧရိယာထဲမှာ ရောဘတ်ဆန်ကို အသာစီး ရယူကာ ခေါင်းတိုက်ဂိုး သွင်းယူ ခဲ့ပါတယ်။

ပစ်ဖို့ဒ် ကိုယ်တိုင် ကလည်း သူ့ရဲ့ ဖျက်ထုတ်မှုဟာ အတော် ဆိုးရွားခဲ့တယ် ဆိုတာ ကောင်းကောင်း သိခဲ့ပြီး ပွဲအပြီးမှာ ဗန်ဒိုက်ကို တောင်းပန်စကား ပါးခဲ့တယ်လို့ ဟန်ဒါဆန်က ပြောခဲ့ပါတယ်။

ဟန်ဒါဆန်က “ပစ်ဖို့ဒ်ရဲ့ ဖျက်ထုတ်မှုနဲ့ ပက်သက်ပြီး လူတိုင်းက ကျွန်တော့်ကို မေးမြန်း နေကြပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ဖျက်ထုတ်မှု မဟုတ်ခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ပွဲအပြီးမှာ ပစ်ဖို့ဒ်ဟာ ကျွန်တော့်ဆီကို လာပြီး ဗန်ဒိုက်ကို တောင်းပန်တယ်လို့ ပြောပေးရန် ကျွန်တော့်ကို စကား ပါးခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဒီပွဲစဉ်မှာ အနီကတ် ပြစ်ဒဏ်လည်း ရှိခဲ့ပြီး ရစ်ချယ်လဆင်ဟာ တီယာဂို အပေါ် ဆိုးရွားတဲ့ ဖျက်ထုတ်မှု လုပ်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ပြသ ခံခဲ့ရပါတယ်။ မာနေး နဲ့ ဆာလား တို့ဟာ လီဗာပူး အတွက် ဦးဆောင်ဂိုးတွေ သွင်းယူ ပေးခဲ့ကြပြီး ဟန်ဒါဆန်ဟာ လီဗာပူး အတွက် နောက်ကျဂိုး သွင်းပေးခဲ့ပေမယ့်လည်း VAR က လူကျွံတယ်လို့ ဆုံးဖြတ် ခဲ့တာကြောင့် သရေနဲ့ ပွဲပြီးခဲ့တာပါ။ ဒါပေမယ့် ဒီအဖြစ်အပျက်မှာလည်း မာနေးဟာ လူကျွံနေခြင်း မရှိတာကို တွေ့ခဲ့ရပြီး လီဗာပူးဟာ ဒီပွဲမှာတော့ VAR ရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက် ၂ ခုနဲ့ အတူ နစ်နာမှုတွေ ရှိသွားခဲ့ပါတယ်။

SM