ကိုဗစ် စည်းမျဉ်း ကို ချိုးဖောက်ခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့် ၂ဦးဖက်က ကာကွယ်ပေးသွားတဲ့ #လမ်းပတ်

ချဲလ်ဆီး အသင်း ရဲ့ အင်္ဂလန် ကစားသမား ၂ဦး ဖြစ်တဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် နဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် တို့ဟာ ပြီးခဲ့တဲ့ ၂ပတ် အတွင်း ကစားခဲ့တဲ့ ခြေစမ်းပွဲ တပွဲ နဲ့ ဥရောပ နေရှင်လိဂ် အုပ်စု ပွဲစဉ် ၂ပွဲ အတွက် အရွေးခံခဲ့ရပေမယ့် ထိုမတိုင်ခင် က အင်္ဂလန် ဖက်မှ ချမှတ်ထားခဲ့တဲ့ ကိုဗစ် စည်းမျဉ်း ကို ချိုးဖောက်ခဲ့ကြပါတယ် ။

အေဘရာဟမ် နဲ့ ဘန်ချေဝဲလ် တို့ဟာ ဒေါ့မွန် အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဂျေဒင် ဆန်ချို နဲ့ အတူ မွေးနေ့ပါတီ တခု ကို တက်ရောက်ခဲ့လို့ ၊ ဝေးလ်စ် နဲ့ ခြေစမ်းပွဲမှာ လက်ရွေးစင် အသင်း ကနေ ချန်လှပ်ခံခဲ့ရပါတယ် ။

အဲ့ဒီနောက် ဘန်ချေဝဲလ် ကတော့ လက်ရွေးစင် အသင်း မှာ ဆက်လက် အရွေးခံခဲ့ရပေမယ့် ၊ တိုက်စစ်မှူး အလုံအလောက် ရှိနေလို့ အေဘရာဟမ် ကိုတော့ အင်္ဂလန် အသင်းဖက်က ပြန်လည် ဆင့်ခေါ်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

ပြန်လည် အရွေးခံခဲ့ရတဲ့ ချေဝဲလ် ဟာလည်း ကြံ့ခိုင်မှု ပြဿနာကြောင့် အင်္ဂလန် အတွက် ကစားပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။ မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ကတော့ အေဘရာဟမ် နဲ့ ဘန်ချေဝဲလ် တို့ဟာ ဖြူစင်တဲ့ အမှား တရပ်ကိုသာ ကျူးလွန်ခဲ့ခြင်း ဖြစ်တယ် လို့ ဖြေရှင်းချက် ပေးခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော်တို့ဟာ ဒီ ကပ်ဘေး လှိုင်းလုံးထဲမှာ အချိန် အတော်ကြာ ဖြတ်သန်းနေရပါတယ် ။ ဒီတော့ လေ့ကျင့်ရေး အစီအစဉ် အတွက် ချမှတ်ထားတဲ့ စည်းမျဉ်း ကို အတိအကျ လိုက်နာရပါမယ် ။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့က ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေ သာမက ၊ ပြည်သူလူထု တရပ်လုံး ရဲ့ တာဝန်ပါ ။ “

” တခါတလေကျတော့လည်း ဒါကို မသိကျိုးနွံပြုပြီး ၊ စည်းမျဉ်း အနည်းငယ် ချိုးဖောက်မိတဲ့ လုပ်ရပ်မျိုး က သိပ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ဖို့ မလိုဘူး လို့ ထင်ပါတယ် ။ ဒါဟာ ကျွန်တော့ ဖက်က စည်းမျဉ်း ချိုးဖောက်တဲ့ အသင်းသားတွေ အတွက် ဆင်ခြေပေးနေတာ မဟုတ်ပါဘူး ။ “

” သူတို့တွေဟာ အမှား ကျူးလွန်ခဲ့ကြတာ မှန်ပါတယ် ။ သူတို့ကိုလည်း တာဝန်ယူစိတ် အပြည့်ထားဖို့ အကြောင်း သတိပေးထားခဲ့ပြီးပါပြီ ။ ဒီကို ပြန်ရောက်တော့ သူတို့နဲ့ ကျွန်တော် အနီးကပ် ဆွေးနွေးမှု လုပ်အပြီးမှာတော့ သူတို့ရဲ့ လုပ်ရပ် က ဖြူစင်တဲ့ အမှားအယွင်းတွေလို့ ကောက်ချက်ချမိပါတယ် ။ “

” တဖက်မှာ သူတို့ဟာလည်း ကိုယ့်အမှား အကြောင်း ကိုယ်နားလည်နေကြပါပြီ ။ ဒီတော့ ဖြစ်ပြီးတာတွေ မေ့ပစ်ပြီး ရှေ့ဆက်ရပါမယ် ။ နောက်တကြိမ် ဒါမျိုး ထပ်မဖြစ်ဖို့ ကျွန်တော့ဖက်က မျှော်မှန်းထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အေဘရာဟမ် နဲ့ ချေဝဲလ် တို့ဟာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် မကစားပေးနိုင်ခဲ့ချိန် ၊ အခြား ချဲလ်ဆီး အသင်းသား ၂ဦး ဖြစ်တဲ့ မေဆင်မောင့် နဲ့ ရိစ်ဂျိမ်းစ် တို့ကတော့ အင်္ဂလန် လက်ရွေးစင် အသင်းမှာ အသီးသီး နေရာရခဲ့ပြီး ခြေစွမ်း အတော်အသင့် ပြသနိုင်ခဲ့ပါတယ် ။

 

မောင့် ၊ ဂျိမ်းစ် တို့နဲ့ ပတ်သက်ပြီးလည်း လမ်းပတ် က ” အခိုက်အတန့် တော်တော်များများ မှာ ခင်ဗျား အနေနဲ့ သူတို့ကို international break အတွက် လွှတ်ပေးတာက ကောင်းကျိုး ရှိတယ် ဆိုတာကို မြင်တွေ့ရမှာပါ ။ နိုင်ငံ ပွဲစဉ်တွေကို စေလွှတ်ပေးလို့ ထိုက်တန်တဲ့ ရလဒ် တခုခု ခံစားရစေတယ် လို့တော့ ကျွန်တော် မြင်ထားပါတယ် ။ “

” ရိစ် ဆိုရင် အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပထမဆုံး ပွဲထွက်ခွင့် မှာ ထူးရှယ် ခြေစွမ်းပြခဲ့သလို ၊ မေဆင် ဆိုရင်လည်း ပထမဆုံး ဝင်ဘလေ သွင်းဂိုး အပြင် ၊ ကစားခွင့် ရခဲ့တဲ့ ၂ပွဲလုံး မှာ ဖြန့်ဝေမှု အများအပြား လုပ်နိုင်ခဲ့ပါတယ် ။ သူတို့တွေနဲ့ ပတ်သက်ပြီး ဒီရာသီ အတွင်း ကျွန်တော် မကြာခဏ ထောက်ပြခဲ့တဲ့ အချက် တချက် ကို ထပ်ပြောချင်ပါတယ် ။ “

” သူတို့တွေဟာ ရာသီကြို ပြင်ဆင်မှု လုံလုံလောက်လောက် မရှိတဲ့ အတွက် ၊ အခုလို နိုင်ငံပွဲတွေ က ကြားခံအနေနဲ့ သူတို့ကို မိနစ် နည်းနည်းပါးပါး ထပ်ဖြည့်ပေးခဲ့လို့ ၊ ကျွန်တော်တော့ ဝမ်းသာ ပျော်ရွှင်ရပါတယ် ။ “

” တခါတလေကျရင် ကိုယ့်အသင်း ရဲ့ အဓိက ကစားသမား တယောက်ယောက် က နိုင်ငံ အသင်း ပွဲမှာ မိနစ် ၉၀ အပြည့် အသုံးချခံလိုက်ရလို့ ၊ ပွဲပန်းဒဏ် ခံရတဲ့ အဖြစ်တွေ အတွက် ညည်းညူမိတာတွေ ရှိကောင်းရှိပါမယ် ။ ဒါဟာလည်း ခင်ဗျား ဟာ ကိုယ့် ကိုင်တွယ်နေတဲ့ ကလပ် အသင်း ကောင်းဖို့ အတွက် တကိုယ်ကောင်းဆန်တဲ့ စိတ်ကြောင့် ဖြစ်ပါတယ် ။ “

” ဒါပေမယ့် လောလောဆယ် အခိုက်အတန့်မှာတော့ ကျွန်တော့ ကစားသမားတွေဟာ ပွဲအတွေ့အကြုံ အတွက် မိနစ် နည်းနည်းပါးပါး ကစားဖို့ လိုကိုလိုနေပါတယ် ။ ဒီတော့ ကစားခွင့် ရခဲ့တဲ့ အသင်းသားတွေ အတွက် ကျွန်တော် ကျေနပ်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR