ဝေဖန်သူတွေကို ဟက်ထရစ် နဲ့ အသံတိတ်စေခဲ့ပြီးနောက် ရှေ့လျှောက် ပစ်မှတ် တရပ် ကို ဖွင့်ဟလာတဲ့ #ဟာဗက်ဇ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားသွားခဲ့တဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် မှာ ဘန်စလေ အသင်း ကို သက်တောင့်သက်သာ ကစားရင်း ၊ ကိုင်ဟာဗက်ဇ် ရဲ့ ဟက်ထရစ် ၊ တမ်မီ အေဘရာဟမ် ၊ ရော့စ် ဘာကလေ ၊ လူစားဝင် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၆ဂိုးပြတ် နဲ့ ဂိုးမိုးရွာခဲ့ပါတယ် ။

ယခုနှစ် နွေရာသီ ဈေးကွက် အတွင်း လေဗာကူဆင် အသင်း ကနေ ချဲလ်ဆီး အသင်း သို့ ယူရိုသန်း ၇၀ နဲ့ ပြောင်းရွှေ့လာတဲ့ ဂျာမန် ကွင်းလယ် တိုက်စစ် ကြယ်ပွင့် ကိုင်ဟာဗက်ဇ် ဟာ အရှေ့ ပရီးမီးယားလိဂ် ၂ပွဲမှာ ခြေစွမ်း မပြနိုင်ခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ၊ မနေ့ည က ပွဲမှာတော့ ဟက်ထရစ် နဲ့ ပြန်လည် တုန့်ပြန် ချေပခဲ့ပါတယ် ။

ဒီပွဲမှာ ဟာဗက်ဇ် ဟာ သူ အားအသန်ဆုံး နေရာ ဖြစ်တဲ့ ကွင်းလယ် တိုက်စစ် ( နံပါတ် ၁၀ ပုံစံ ) မှာ ကစားခဲ့ရပြီး ၊ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် နဲ့ ပရိသတ်တွေကို သူ ဘာတွေ လုပ်ပြနိုင်လဲ ဆိုတာ တပွဲတည်းနဲ့ သက်သေပြခဲ့ပါတယ် ။

လွယ်လင့်တကူ အနိုင်ရခဲ့တဲ့ ပွဲ ဖြစ်ခဲ့ပေမယ့် ၊ ဟာဗက်ဇ် ရဲ့ သွင်းဂိုးတိုင်း ဟာ အဆင့်မြင့်ပြီး ၊ သေသပ်မှု ရှိခဲ့ပါတယ် ။ ဒါ့အပြင် ၎င်းရဲ့ အသင်းဖော်တွေသာ အဆုံးသတ် သေချာမှုတွေ ရှိခဲ့ရင် ဟာဗက်ဇ် ဟာ ဂိုးဖန်တီးမှု ၂ကြိမ်ထက် မနည်းတဲ့ မှတ်တမ်းတွေပါ ထပ်မံ ရရှိခဲ့မှာပါ ။

ပွဲအပြီး Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ဟာဗက်ဇ် က ဟက်ထရစ်ကြောင့် သူ ဘယ်လောက် ပျော်နေလဲ ဆိုတာ ဖွင့်ဟခဲ့သလို ၊ ရှေ့လျှောက်လည်း ချဲလ်ဆီး အသင်း အတွက် သွင်းဂိုးတွေနဲ့ ကူညီ ပံ့ပိုးပေးဦးမယ် လို့ ကြွေးကြော်လာပါတယ် ။

ဟာဗက်ဇ် က ” ဒီနေ့ပွဲမှာ သွင်းဂိုး ၃ဂိုး ရခဲ့လို့ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ဟုတ်တာပေါ့ ။ ဒါဟာ အသင်းသစ် က ကျွန်တော့ ရဲ့ ကစားသမား ဘဝ စတင်တဲ့ အခြေအနေ တရပ်မှာသာ ရှိပါသေးတယ် ။ နောက်ထပ် ဂိုးတွေ အများကြီး သွင်းပေးချင်ပါတယ် ။ ”

” ဒါဟာ ကျွန်တော့ ရဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်ပြီး ၊ ဒီအတွက် ကျွန်တော် အကောင်းဆုံး ဆက်လက် ကြိုးစားသွားမှာပါ ။ ဒီနေ့ပွဲမှာ ကျွန်တော် ဟက်ထရစ်ရခဲ့တယ် ၊ နောက်ပွဲတွေမှာ လည်း ဒီပုံစံမျိုး ဆက်လက် ပြသနိုင်ဖို့ မျှော်လင့်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မနေ့ည က ပွဲမှာ ဟာဗက်ဇ် ဟာ တိုက်စစ် က ချဲလ်ဆီး အသင်းဖော်တွေနဲ့ အတော်လေး အတွဲညီခဲ့ပါတယ် ။ အထူးသဖြင့် အထောင် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် နဲ့ chemistry ပိုမိခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပြီး ၊ ၎င်း ဟက်ထရစ် ရခဲ့မှု ဟာ အေဘရာဟမ် နဲ့ အများကြီး ပတ်သက်မှု ရှိနေပါတယ် ။

ဒီ အကြောင်း နဲ့ ပတ်သက်ပြီး ဟာဗက်ဇ် က ” တမ်မီ ဟာ တိုက်စစ်မှူးကောင်း တယောက် ဖြစ်ပါတယ် ။ ဒီနေ့ပွဲ က ကွင်းတွင်း ကျွန်တော်တို့ ၂ယောက် အကြား ချိတ်ဆက်မှု က အရမ်း နားလည်မှု ရှိခဲ့တယ် လို့ ထင်ပါတယ် ။ ”

” ဒါဟာ ကျွန်တော်တို့ ၂ယောက် အတူတူ တွဲကစားတဲ့ ပထမဆုံး ပွဲ ဆိုပေမယ့် ၊ သူ့ကို တိုက်စစ်မှူး တယောက် အနေနဲ့ အလွန်ပဲ သဘောကျ နှစ်သက်မိပါတယ် ။ ဒီနေ့ပွဲမှာ နံပါတ် ၁၀ ပုံစံမျိုး ကစားခဲ့ရတာ က သူနဲ့ တော်တော်လေး အတွဲညီညီ ကစားနိုင်ခဲ့တာ လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဟာဗက်ဇ် ဟာ မနေ့ည က ပွဲမှာ ဟက်ထရစ် ရပြီးပြီးချင်း ဘန်ချေဝဲလ် နဲ့ လူစားလဲ ခံခဲ့ရပြီး ၊ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် က သူဟာ ဟာဗက်ဇ် ကို ဒီထက် အနည်းငယ်စောပြီး လူစားလဲမိတော့မလို ဖြစ်ခဲ့ကြောင်း ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် က ချိန်သားကိုက် မှန်ကန်ခဲ့ပြီး ၊ ဟာဗက်ဇ် ဟာလည်း သူ့ရဲ့ ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး ဟက်ထရစ် ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ် ။

ပွဲအခြေအရ နိုင်ပွဲအတွက် သေချာသလောက် ဖြစ်နေခဲ့လို့ ၊ လမ်းပတ် ဟာ ဟာဗက်ဇ် ကို စောစောစီးစီး အနားပေးလိုခဲ့တဲ့ သဘောမှာ ရှိခဲ့တာကြောင့် လာမယ့် စနေနေ့မှာ ကစားမယ့် ဝက်စ်ဘရွန်း နဲ့ ပွဲမှာ ဟာဗက်ဇ် တယောက် ထပ်မံ ပါဝင်လာဖို့ သေချာနေပါတယ် ။

SPORTS MYANMAR