ချဲလ်ဆီး အသင်းသား ၂ဦး အထူး ခြေစွမ်းပြခဲ့ကြတဲ့ ချဲလ်ဆီး ၆ – ၀ ဘန်စလေ ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားသွားခဲ့တဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် တပွဲမှာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီး အသင်း ဟာ ချန်ပီယံရှစ် ကလပ် ဘန်စလေ အသင်း ကို တမ်မီ အေဘရာဟမ် ၊ ကိုင်ဟာဗက်ဇ် ၊ ရော့စ် ဘာကလေ ၊ အိုလီဗီယာ ဂျရူး တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဂိုးဒါဇင်ဝက် သွင်းကာ ၊ စတုတ္ထ အဆင့် သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှ ချဲလ်ဆီး အသင်းသား တွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ိုဂိုးသမား – ဝီလီ ကာဘယ်လာရို ( Rating – 7 )

ချန်ပီယံရှစ် ကလပ် ဘန်စလေ နဲ့ ထိပ်တိုက် တွေ့ဆုံတာ ဖြစ်လို့ ဂိုးပေါက် ကန်သွင်းခွင့်တောင် ခွင့်ပြုရလိမ့်မယ် လို့ မမျှော်မှန်းထားခဲ့ပေမယ့် ၊ တကယ်တမ်းမှာ ဘန်စလေ အသင်း ဟာ တိုက်စစ်ပိုင်း မှာ ချဲလ်ဆီး နည်းတူ အခွင့်အရေးတွေ ရရှိခဲ့ပါတယ် ။

သို့ပေမယ့် ၎င်းတို့ရဲ့ အဆုံးသတ် ကန်သွင်းမှုတွေကို ဝါရင့် ဂိုးသမားကြီး ဝီလီ ကာဘယ်လာရို က စွမ်းစွမ်းတမံ ကာကွယ်ပေးခဲ့လို့ ချဲလ်ဆီး တို့ တပွဲလုံး မှာ ပေးဂိုးမရှိခဲ့တာ ဖြစ်ပါတယ် ။ ဒီလို မှော်ဆန်တဲ့ လက်စွမ်းတွေကြောင့် ကာဘယ်လာရို ဟာ လာမယ့် စနေနေ့မှာ ကစားမယ့် ဝက်စ်ဘရွန်း နဲ့ ပွဲကိုလည်း ပွဲထွက်ခွင့် ရဖို့ သေချာနေပါတယ် ။

နောက်တန်း – အက်ဇ်ပီလီကွီတာ ၊ တိုမိုရီ ၊ သီယာဂို ဆေးလ်ဗား ၊ အီမာဆင် ( Rating – 6 )

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ည က လီဗာပူး ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်က နောက်တန်း တတန်းလုံး ကို လဲလှယ်ခဲ့ကာ ၊ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ကို ပထမဆုံး ပွဲထွက်ခွင့် ပေးခဲ့ပါတယ် ။

ပထမဆုံး တွဲမိတဲ့ ခံစစ်ကြောင်း ဖြစ်တဲ့အတွက် တယောက် နဲ့ တယောက် ချိတ်ဆက်မှု က သိပ်မမိသေးဘူး လို့ ခံစားရမှာ ဖြစ်ပေမယ့် ၊ ခံစစ်ပိုင်း တဦးချင်းစီ အမှားအယွင်း မရှိသလောက် ကို တွေ့ခဲ့ရပါတယ် ။

ဘန်စလေ အသင်း ရဲ့ ပထမပိုင်း အတွင်း တိုက်စစ်ဆင်မှု ကို ကြမ်းကြမ်းတမ်းတမ်း ဟန့်တားပြဖို့ တုန့်ဆိုင်းနေတာ က လွဲရင် ချဲလ်ဆီး ခံစစ်ကြောင်း မှာ တိုးတက်မှု အနည်းငယ် ရှိလာတယ် လို့ ဆိုရမှာပါ ။

ကွင်းလယ် – ကိုဗာဆစ် ( Rating – 6 ) ၊ ဘာကလေ ( Rating – 7 ) ၊ ဟာဗက်ဇ် ( Rating – 9 )

ဂျော်ဂျင်ဟို Role ကစားခဲ့တဲ့ ကိုဗာဆစ် ဟာ ဒီပွဲမှာ ကွင်းလယ် တိုက်စစ် ၂ဦး ဖြစ်တဲ့ ဘာကလေ နဲ့ ဟာဗက်ဇ် ၂ဦးလုံး ကို အကောင်းဆုံး ထောက်ပံ့မှုတွေ လုပ်နိုင်ခဲ့တယ် လို့ သုံးသပ်ရမှာ ဖြစ်ပါတယ် ။ ခံစစ်ပိုင်း နဲ့ ချိတ်ဆက်တဲ့ နေရာမှာတော့ အနည်းငယ် နားလည်မှု တွေ လိုအပ်သေးပေမယ့် ၊ ၎င်းဟာ အားထားရတဲ့ Box-to-Box ကွင်းလယ်လူ ဆိုတာကိုတော့ လက်ခံရပါတယ် ။

ဘာကလေ ဟာလည်း ဒီပွဲမှာ ဂျရူး ရဲ့ ဖန်တီး ပေးပို့မှု ကို တက်တက်စင် လွဲအောင် အဆုံးသတ်ခဲ့တာ က လွဲရင် တဦးချင်း စွမ်းဆောင်ရည် ၊ အလိမ်အခေါက် အရည်အသွေး ၊ ဘောလုံး ပေးပို့ပုံတွေ အတော်လေး တိုးတက်လာခဲ့ပါတယ် ။ တခုရှိတာ က ဘာကလေ အနေဲ့ နောက်ပွဲတွေမှာ အခွင့်အရေး ရတိုင်း ဒီပုံစံမျိုး ချပြဖို့ အရေးကြီးပါတယ် ။

ဟာဗက်ဇ် ကတော့ ပရီးမီးယားလိဂ် အဖွင့် ၂ပွဲဆက် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရလို့ ၊ ဝေဖန်မှုအောက် ရောက်နေချိန်မှာ ၊ ၎င်းအပေါ် သံသယဝင်နေသူတွေ အပေါ် ဟက်ထရစ် နဲ့ တုန့်ပြန် ပြသွားခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ပွဲမှာ သူ့ အတွက် out of position ဖြစ်နေလို့ ခြေစွမ်းကောင်း တွေ မတွေ့ခဲ့ရဘူး ဆိုတာ ဒီပွဲက သက်သေထူနေပါတယ် ။

နံပါတ် ၁၀ ပုံစံမျိုး ကစားခွင့် ရတဲ့ အချိန်မှာတော့ ဟာဗက်ဇ် ဆီက ဂိုးဖန်တီးမှုတွေ ၊ တိကျတဲ့ ဘောလုံး ပေးပို့မှုတွေ ၊ အဆိပ်ပြင်းတဲ့ အဆုံးသတ်တွေကို မြင်တွေ့ခဲ့ရပြီး ၊ ယူရိုသန်း ၇၀ နဲ့ ထိုက်တန်မှု ရှိတယ် ဆိုတာကို တပိုင်းတစ သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ် ။

တိုက်စစ် – ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 5 ) ၊ အေဘရာဟမ် ( Rating – 9 ) ၊ မောင့် ( Rating – 6 )

တောင်ပံ တိုက်စစ် ထွက်ကစားတဲ့ အင်္ဂလန်သား ၂ဦးလုံး ဒီပွဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ် ။ အိုဒွိုင်း အတွက်ကတော့ သူ ပိုအားသန်တဲ့ ဘယ်တောင်ပံ နေရာ ကို ကစားခွင့် မရခဲ့တာ က သာမန်ထက် မပိုတဲ့ စွမ်းဆောင်ရည် တရပ်သာ ရရှိစေခဲ့ပါတယ် ။ ပွဲအစ ၂မိနစ် အတွင်း ရခဲ့တဲ့ အပိုင် အခွင့်အရေး တကြိမ် ကိုလည်း ဖြုန်းတီးခဲ့ပါသေးတယ် ။

မောင့် ကတော့ ပြိုင်ဖက် တွေကို press လုပ်ဖို့ အတွက် ထားရမယ့် ကွင်းလယ်လူ တဦးထက် မပိုဘူး ဆိုတာ ထပ်မံ မြင်တွေ့ခဲ့ရပြီး ၊ အဆုံးသတ်ပိုင်းတွေ ထင်မှတ်မထားလောက်အောင် ညံ့ဖျင်းနေခဲ့ပါတယ် ။ သို့ပေမယ့် လက်ရှိ ရာသီသစ် ပွဲစဉ်တိုင်း ကို ပါဝင် ကစားထားတဲ့ ၎င်းအတွက် ပွဲပန်းမှုတော့ အနည်းငယ် ရှိနေတယ် လို့ ဆိုရမှာပါ ။

အေဘရာဟမ် ကတော့ အထောင် တိုက်စစ်မှူး ပွဲထွက်ခွင့် အတွက် ဗာနာ ကို ဒီပွဲက အံ့မခန်း စွမ်းဆောင်ရည် တရပ် နဲ့ ကြိုတင် သတိပေးလိုက်တယ် လို့တောင် သမုတ်ရမှာပါ ။ အရှေ့ပွဲတွေမှာ ပွဲထွက်ခွင့် မရခဲ့လို့ ၊ ဒီပွဲမှာ အေဘရာဟမ် မှာ အခွင့်အရေး ရတာနဲ့ အားသွန်ခွန်စိုက် ကြိုးစားပြခဲ့ပြီး ၊ Man of the Match ဟာဗက်ဇ် နဲ့လည်း အထူး အချိတ်အဆက် မိခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – ဇူးမား ( Rating – 5 ) ၊ ချေဝဲလ် ၊ ဂျရူး ( Rating – 6 )

SPORTS MYANMAR