၎င်းရဲ့ အကောင်းဆုံး မန်နေဂျာကို ရွေးချယ်ရာမှာ ဘင်နီတက် နဲ့ မော်ရင်ညို တို့ကို လျစ်လျူရှုခဲ့တဲ့ ဖာနန်ဒိုတောရက်စ်

ဖာနန်ဒိုတောရက်စ်ဟာ ကစားသမား ဘ၀ အတွင်း လက်တွဲ ခဲ့ဖူးတဲ့ မန်နေဂျာ တွေမှာ သူ့ရဲ့ အကောင်းဆုံး မန်နေဂျာကို ရွေးချယ် ပေးလိုက်ပြီး လူအများစု မျှော်လင့် ထားတဲ့ လီဗာပူး နည်းပြဟောင်း ရာဖေးဘင်နီတက်ဇ် နဲ့ ချဲလ်ဆီး နည်းပြဟောင်း ဂျိုးဆေးမော်ရင်ညို တို့တော့ မဟုတ် ခဲ့ဘဲ အက်သလက်တီကို မက်ဒရစ် နဲ့ စပိန် လက်ရွေးစင် နည်းပြဟောင်း လူးဝစ်အာရာဂိုးနက် ကသာ သူ့ရဲ့ အကောင်းဆုံး မန်နေဂျာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

Sponsored

 

တောရက်စ်ဟာ နည်းပြ အာရာဂိုးနက် လက်အောက်မှာ အက်သလက်တီကို ရဲ့ ထွန်းတောက်လာမယ့် ကြယ်ပွင့် တစ်ဦး အဖြစ် ပေါ်ထွက် လာခဲ့တာ ဖြစ်ပြီး အဆိုပါ မန်နေဂျာရဲ့ လက်အောက်မှာပဲ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က စပိန်နဲ့ အတူ ဥရောပ ဖလား ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တောရက်စ်ဟာ သူ့ကစားသမား ဘဝရဲ့ အတောက်ပဆုံး အချိန်ကို နည်းပြ ရာဖေးဘင်နီတက်ဇ်ရဲ့ လက်အောက်မှာ ကစား နေစဉ် ကြုံတွေ့ ခဲ့ရပြီး အန်ဖီးမှာ ကစား ခဲ့တဲ့ ၃ ရာသီမှာ ၇၂ ဂိုးထိ သွင်းယူ နိုင်ခဲ့ပါတယ်။

၂၀၁၃-၁၄ ဘောလုံးရာသီ မှာ နည်းပြ ဂျိုးဆေး မော်ရင်ညို ချဲလ်ဆီး အသင်းကို ဒုတိယ အကြိမ် ပြန်လည် မရောက်ရှိမီ တောရက်စ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဘင်နီတက်ဇ် နဲ့ ခဏတာ လက်တွဲ ခဲ့ရပြီး ယူရိုပါလိဂ် ဖလားကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တောရက်စ်က အာရာဂိုးနက်ဟာ သူ့အတွက် အကောင်းဆုံး မန်နေဂျာ ဖြစ်တယ်လို့ ပြောပြ သွားခဲ့ ပါတယ်။

Sponsored

တောရက်စ်က “နည်းပြ တစ်ဦးချင်းစီ ကနေ လေ့လာသင်ယူ ရတာဟာ အကျိုးတရားတွေ ရှိပါတယ်။ အကယ်၍ လက်တွဲ ခဲ့ဖူးတဲ့ နည်းပြတွေ ထဲက အကောင်းဆုံးကို ရွေးချယ် ရမယ် ဆိုရင် ကျွန်တော် လူးဝစ် အာရာဂိုးနက် ကိုပဲ သေချာပေါက် ရွေးချယ် သွားမှာပါ။ ဒါပေမယ့် ကျွန်တော်ဟာ လက်တွဲ ခဲ့ဖူးတဲ့ မန်နေဂျာ တွေဆီကနေ လေ့လာ သင်ယူမှုတွေ ပြုလုပ် ခဲ့ပါတယ်။ သူတို့ဟာ စီမံခန့်ခွဲမှုတွေ လုပ်ရသလို ၊ နေစဉ် လုပ်ငန်းဆောင်တာတွေ နဲ့ လေ့ကျင့်ရေး အစီအစဉ် စတဲ့ အရာ အများကြီးကို ထိန်းချုပ် ထားရပါတယ်။

သူတို့ ဒီလိုတွေ လုပ်ရတာ ဘယ်လောက်တောင် ခက်ခဲ သလဲ ဆိုတာ အခုတော့ နားလည် သွားပါပြီ။ ဒါပေမယ့် ဘောလုံးသမား တစ်ဦး ဖြစ်နေတုန်း ကတော့ ဒါကို ဘယ်တော့မှ အရေးတယူ မရှိ ခဲ့ပါဘူး။ အကယ်၍ တစ်နေ့နေ့ တစ်ချိန်ချိန် ကျွန်တော် မန်နေဂျာ တစ်ဦး ဖြစ်လာ ခဲ့မယ် ဆိုရင် ဒီအလုပ်ဟာ ကျွန်တော့် အတွက် အရမ်းကို ခက်ခဲပြီး အပြင်းအထန် ကြိုးစား သွားရမှာ ကတော့ သေချာ ပါတယ်။

ဒီအလုပ်ဟာ တကယ့်ကို စိတ်ရောကိုယ်ပါ အားစိုက် လုပ်ရ ပါတယ်။ ကျွန်တော် ဒါကို အစောကြီး ကတည်းက တွေ့ခဲ့တာပါ။ ကျွန်တော့် အနေနဲ့ ကတော့ လက်တွဲ ခဲ့ဖူးတဲ့ မန်နေဂျာ တွေဆီက လုပ်ဆောင်ပုံ တွေကို အနည်းငယ် ယူသွား မှာပါ။ ဒါပေမယ့် အကောင်းဆုံး မန်နေဂျာကို ရွေးချယ် သွားရမယ် ဆိုရင်တော့ ဒါဟာ လူးဝစ် ပဲ ဖြစ်မယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။

 

ကျွန်တော် သူ့နဲ့ ပထမ အကြိမ် လက်တွဲ ခဲ့တုန်းက အရမ်းကို ငယ်ရွယ် ပါသေးတယ်။ ကျွန်တော်ဟာ သူ ကျွန်တော့်ကို ပြောခဲ့တဲ့ အရာအားလုံးကို နားလည် ရလောက်အောင် လုံလောက်တဲ့ ရင့်ကျက်မှု မရှိခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော် သင်ခန်းစာတွေ အများကြီး လက်လွှတ် ဆုံးရှုံး ခဲ့ပါတယ်။” လို့ ဆိုသွား ပါတယ်။

SPORTS MYANMAR