အာဆင်နယ် အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုချိန်မှာ အာတီတာ နဲ့ ကလပ် အသင်းဘက်က ဘယ်လို တုန့်ပြန်ခဲ့သလဲ ဆိုတာ ပြောကြားလိုက်တဲ့ မာတီနက်ဇ်

မာတီနက်ဇ် က ပွဲထွက် ကစားခွင့် မိနစ် များများစားစား ရရှိနိုင်ရန် အတွက် အာဆင်နယ် ကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုခဲ့ချိန်မှာ နားလည် လက်ခံ ပေးခဲ့တဲ့ နည်းပြ အာတီတာ နဲ့ ကလပ် အသင်းကို ကျေးဇူး တင်ကြောင်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်း ဂိုးသမား မာတီနက်ဇ် ဟာ အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ၊ လေးနှစ် စာချုပ် နဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ် ။မာတီနက်ဇ် ဟာ အာဂျင်တီးနား ဂိုးသမားတွေထဲမှာ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

Sponsored

မာတီနက်ဇ် ဟာ အာဆင်နယ် အသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီးနောက် သူ့ရဲ့ ကစားသမား ဘဝ ရှေ့ရေးအတွက် ပွဲထွက်ခွင့် အာမခံချက် ပေးနိုင်မယ့် အက်စတွန်ဗီလာ အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ် ။

မာတီနက်ဇ် ဟာ ၂၀၁၀ ခုနှစ်မှာ အာဆင်နယ် လူငယ် အသင်းကို ရောက်ရှိလာပြီး ၂၀၁၂ ခုနှစ်မှာ အသင်း နဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့သူပါ ။ မာတီနက်ဇ် ဟာ ကစားသမား ဘဝ တစ်လျှောက် အောက်စ်ဖိုဒ့် ယူနိုက်တက် ၊ ရှက်ဖီးဝက်နက်စဒေး ၊ ရိုသာဟန် ယူနိုက်တက် ၊ ဝုလ်ဗာဟမ်တန် ၊ ဂီတာဖေး ၊ ရီးဒင်း အသင်းတွေမှာသာ အငှား ထွက်ကစားခဲ့ရပါတယ် ။

Sponsored

အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာတီနက်ဇ် ဟာ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ လီနို ဒဏ်ရာ ရရှိသွားတဲ့ အချိန် အာဆင်နယ် အတွက်ကစားခွင့် ရလာခဲ့ပြီး သူ့ရဲ့ ၁၀ နှစ်ကြာ မက်ခဲ့ရတဲ့ အိပ်မက်ကို အက်ဖ်အေဖလား နဲ့ ကွန်မြူနတီဒိုင်းကို ကိုင်မြှောက်ပြီး လက်တွေ့ အကောင်အထည် ဖော်နိုင် ခဲ့ပါတယ် ။

မာတီနက်ဇ် က အက်စတွန်ဗီလာ ကို မပြောင်းရွှေ့ခင် အာဆင်နယ် ဝက်ဆိုဒ် နဲ့ နောက်ဆုံး အင်တာဗျူးမှာ ” မနှစ်က မတိုင်ခင် အထိ ကျွန်တော် အာဆင်နယ် အသင်းမှာ အက်ဖ်အေ ဖလား ၃ ကြိမ် ၊ ကွန်မြူနတီဒိုင်း ၃ ကြိမ် ရယူနိုင်ခဲ့တယ်လို့ ထင်ပါတယ် ၊ ဒါပေမယ့် အဲ့အချိန်တွေတုန်းက ကျနော်က ပါဝင်ကစားခွင့် ရတဲ့သူ မဟုတ်ပါဘူး ၊ ကျနော် ပွဲကစားခွင့် များများစားစား မရရှိခဲ့ပါဘူး ။ ”

” ဒါကြောင့် ဒီဖလားတွေကို ဆွတ်ခူး နိုင်ခဲ့တယ်လို့ ဘယ်တော့မှ မခံစားရပါဘူး ၊ အသင်းရဲ့ လူစာရင်းမှာ ပါခဲ့ပေမယ့် ကျနော်နဲ့ သက်ဆိုင်တယ်လို့ မခံစားရပါဘူး။ ကျွန်တော် အငှားတွေ တစ်သင်းပြီး တစ်သင်း ထွက်ကစားခဲ့ရပါတယ် ၊ အခုတော့ ကျွန်တော် ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာခဲ့ပါပြီ ။ ”

” မနှစ်က ကျွန်တော် အာဆင်နယ် နဲ့ အတူ ဖလားတွေရတော့ ဒီဖလားတွေက ကျနော့်ရဲ့ အောင်မြင်မှုလို့ ခံစားရပါတယ် ။ အာဆင်နယ်က ကျနော့်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားချင်ပါတယ် ၊ ကျွန်တော် အာတီတာ ကော ကလပ် အသင်းနဲ့ကော စကားပြောဖြစ်ခဲ့ပါတယ် ။ ”

 

 

” ဒါပေမယ့် သူတို့ အားလုံး ကျနော့် ဆုံးဖြတ်ချက် ကို လေးစားပေးခဲ့ပြီး နားလည် ပေးခဲ့ပါတယ် ၊ ဒါက အာဆင်နယ် အသင်းပါပဲ ၊ ခင်ဗျား အနေနဲ့ အသင်း အတွက် ၁၀၀% ပေးဆပ် ကစား ရင် ကလပ် အသင်းဘက်ကလည်း ခင်ဗျားကို လေးစားမှု အပြည့်ထားပါတယ် ။ ”

” ဒါကြောင့် အခုလို ကစားသမား တစ်ဦး ၊ လူသား တစ်ဦး အဖြစ် ရပ်တည် နိုင်နေတဲ့ အပေါ် အရမ်း ကျေးဇူး တင်မိပါတယ် ။ ကျွန်တော် အာဆင်နယ် ကို လူငယ် ကစားသမား ဘဝ ၊ လူပျိုလူလွတ်ဘဝမှာ ရောက်လာခဲ့တာပါ ၊ အာဂျင်တီးနားလို အရမ်းဆင်းရဲတဲ့ နိုင်ငံ ၊ အရမ်းဆင်းရဲတဲ့ မိသားစုကနေ လာခဲ့တာပါ ။ ”

” အခု အသင်းက ပြန်လည် ထွက်ခွာချိန်မှာ ဇနီး နဲ့ ကလေးတွေရဲ့ ဖခင် လူကြီး တစ်ဦး ဖြစ်နေပါပြီ ။ အရာအားလုံးက အာဆင်နယ် ကြောင့် ဖြစ်လာတာပါပဲ ၊ ပရိသတ်တွေကို အဓိက ပြောချင်တာက အသင်းရဲ့ လုပ်ငန်းစဉ်ကို ယုံကြည်ပါ ၊ သူတို့အားလုံးက အာတီတာ ဦးဆောင်တဲ့ အဖွဲ့နဲ့ အတူတကွ ကောင်းကောင်း လက်တွဲ လုပ်ဆောင် နေကြတာပါ ၊ သူတို့တွေ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR