အက်စတွန်ဗီလာ အသင်းကို ပြောင်းတော့မှာဖြစ်တဲ့အတွက် အာဆင်နယ် အသင်း နဲ့ ပရိသတ်တွေကို ကျေးဇူးတင် နှုတ်ဆက်လိုက်တဲ့ မာတီနက်ဇ်

အာဆင်နယ် အသင်း ဂိုးသမား မာတီနက်ဇ် ဟာ အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ၊ လေးနှစ် စာချုပ် နဲ့ အပြီးသတ် ပြောင်းရွှေ့တော့မှာဖြစ်ပါတယ် ။မာတီနက်ဇ် ဟာ အာဂျင်တီးနား ဂိုးသမားတွေထဲမှာ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

မာတီနက်ဇ် ဟာ အာဆင်နယ် အသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီးနောက် သူ့ရဲ့ ကစားသမား ဘ​ဝ ရှေ့ရေးအတွက် ပွဲထွက်ခွင့် အာမခံချက် ပေးနိုင်မယ့် အက်စတွန်ဗီလာ အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ် ။

Sponsored

မာတီနက်ဇ် ဟာ ၂၀၁၀ ခုနှစ်မှာ အာဆင်နယ် လူငယ် အသင်းကို ရောက်ရှိလာပြီး ၂၀၁၂ ခုနှစ်မှာ အသင်း နဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့သူပါ ။ မာတီနက်ဇ် ဟာ ကစားသမား ဘဝ တစ်လျှောက် အောက်စ်ဖိုဒ့် ယူနိုက်တက် ၊ ရှက်ဖီးဝက်နက်စဒေး ၊ ရိုသာဟန် ယူနိုက်တက် ၊ ဝုလ်ဗာဟမ်တန် ၊ ဂီတာဖေး ၊ ရီးဒင်း အသင်းတွေမှာသာ အငှား ထွက်ကစားခဲ့ရပါတယ် ။

အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာတီနက်ဇ် ဟာ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ လီနို ဒဏ်ရာ ရရှိသွားတဲ့ အချိန် အာဆင်နယ် အတွက်ကစားခွင့် ရလာခဲ့ပြီး သူ့ရဲ့ ၁၀ နှစ်ကြာ မက်ခဲ့ရတဲ့ အိပ်မက်ကို အက်ဖ်အေဖလား ကိုင်မြှောက်ပြီး လက်တွေ့ အကောင်အထည် ဖော်နိုင် ခဲ့ပါတယ် ။

Sponsored

မာတီနက်ဇ် က အင်စတာဂရမ် မှာ ” ကျွန်တော် အာဆင်နယ်မှာ အခွင့်အရေးတွေ ရခဲ့ပါတယ် ၊ တစ်ရာသီပြီး တစ်ရာသီ ကျွန်တော် အသင်းကို ပြန်လာတဲ့ အချိန်မှာ အခွင့်အရေး ရဖို့ အမြဲတမ်း ကြိုးစား ခဲ့ပါတယ် ။ ကျွန်တော် ဘာလုပ်နိုင်သလဲ ဆိုတာ လုပ်ပြခဲ့ပြီးပါပြီ ၊ နောက်ပြီး တကယ့်ကို ခက်ခဲတဲ့ အချိန်တွေကိုလည်း ကျော်ဖြတ် ခဲ့ရပါတယ် ၊ ဘောလုံးက အများထင်သလောက် မလွယ်ကူပါဘူး ။ “

” ကျွန်တော် မိသားစုတွေကော အသင်းဖော်တွေကိုကော စကားပြောဖြစ် ခဲ့ပါတယ် ၊ ကျွန်တော့် အချိန် ရောက်လာခဲ့ပြီလို့ပေါ့ ၊ ကျွန်တော့် အသက် က ၂၇ နှစ် ရှိပါပြီ ၊ ကျွန်တော် ပွဲတွေအများကြီး ကစားရဖို့ ကြုံလာရပါတယ် ၊ အသင်းမှာက အရည်အသွေးရှိတဲ့သူတွေရာ ပါဝါ ရှိတဲ့သူတွေရော ရှိနေကြတာပါ ၊ အသင်းက ကျွန်တော့်အပေါ် ယုံကြည်မှုပေးခဲ့ပါတယ် ။ “

” ကျွန်တော် ဆောက်သမ်တန် နဲ့ ပွဲမှာ ကစားတယ် ၊ Clean-Sheet ရတယ် ၊ နောဝှစ်ချ် နဲ့ ပွဲမှာ ကစားတယ် ၊Clean-Sheet ရတယ် ။ နောက်တော့ ကျွန်တော် အပတ်တိုင်း ကစားခဲ့ရပါတယ် ၊ ဒီလိုကစားနိုင်ဖို့ အတွက် ကျွန်တော် စိတ်ပိုင်းဆိုင်ရာ အများကြီး ပြင်ဆင် ခဲ့ရပါတယ် ။”

” ဆိုးရွားတဲ့ ကာလတွေကို ကျော်ဖြတ် နိုင်ခဲ့တဲ့ အတွက် ဝမ်းသာမိပါတယ် ၊ ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းက ဒီအသင်းကို ပြောင်းရွှေ့လာရတာ ကျွန်တော့် အတွက် ဘယ်လောက် အထိ အဓိပ္ပာယ် ရှိသလဲ ဆိုတာ ပြသ နိုင်ခဲ့ပါတယ် ။ ဂိုးသမား တွေက တစ်ယောက်နဲ့တစ်ယောက် အချိန် ၊ သွားနေတဲ့ လမ်းကြောင်းခြင်း ကွဲပြားကြပါတယ် ၊ ကျွန်တော့်အတွက်ကတော့ ခက်ခဲခဲ့ပါတယ် ၊ ဒါပေမယ့် ဥမင်လှိုဏ်ခေါင်းရဲ့ အဆုံးမှာ အလင်းရောင်ဆိုတာ ရှိစမြဲပါပဲ ။ “

 

” ရာသီကုန်ခါနီးမှာ ကျွန်တော် ဇနီး ဖြစ်သူကို ပြောဖြစ် ခဲ့ပါတယ် ၊ ကျွန်တော် ပွဲဘယ်လောက်အထိ ကစားရမယ်မှန်း မသိပေမယ့် ဝင်ဘာလေ ကိုတော့ အရောက်လှမ်းမယ်ပေါ့ ၊ ဝင်ဘာလေမှာ ကစားခွင့်ရတဲ့ အချိန်ကျ တကယ်ပျော်ခဲ့ရပါတယ် ၊ ကျွန်တော့်မှာ စိုးရိမ်ကြောင့်ကြ နေတာမျိုး မရှိခဲ့ပါဘူး ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေခဲ့ပြီး ကျွန်တော့် အချိန်ရောက်ပြီလို့ပဲ ရေရွှတ်မိနေခဲ့တာပါ ။ “

” မိသားစု နဲ့ စကားပြောပြီးတဲ့ အခါမှာ ကျွန်တော်တို့ ဆုံးဖြတ်ချက် လိုက်ပါတယ် ၊ ဒီအသင်းမှာ ရှိနေတာ ၁၁ နှစ် ကျော်ပါပြီ ၊ ၁၀ နှစ်လုံးလုံး အပြင်းအထန် ကြိုးစားခဲ့ပြီးပါပြီ ၊ ဒါကြောင့် အခု အချိန်မှာ အသင်းရဲ့ ရှေ့တံခါးပေါက်ကနေ ထွက်ခွာနိုင်ပြီလို့ ဆုံးဖြတ် လိုက်ပါတယ် ။ “

” ကျွန်တော့်အတွက်က ပရိသတ်တွေရဲ့နားလည်မှု ၊ အားပေးမှုကို ရရှိပြီး မှထွက်ခွာရတာ ပျော်စရာမကောင်းပါဘူး ။ အာဆင်နယ် မှာ ကစားခဲ့ရတဲ့ ၁၁ နှစ် အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ၊ ကျွန်တော့်အတွက် ခက်ခဲတဲ့ လျှောက်လမ်း ဖြစ်ခဲ့ပါတယ် ၊ ကျွန်တော် အများကြီး ဖြတ်ကျော် ခဲ့ရပါတယ် ။ “

” အခုလက်ရှိမှာတော့ ကျွန်တော် အရမ်း ပျော်ပါတယ် ၊ အပြင်းအထန် ကြိုးစားခြင်းရဲ့ ရလဒ်သိအောင် လူငယ် ဂိုးသမားတွေကို ပြသ နိုင်ခဲ့ပါပြီ ။ အပြင်းအထန် ကြိုးစားတဲ့ အခါမှာ အချိန်ပြည့် ပျော်နေရမှာ မဟုတ်ပါဘူး ၊ ဆိုးရွားတဲ့ အချိန်ဆိုတာလည်း ရှိတတ်ပါတယ် ၊ ဒါတွေကိုကျော်ဖြတ်ဖို့ကလည်း အလုပ် ကြိုးစားမှ ရမှာပါ ။ “

” အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ရင် အလင်းရောင်ကို မြင်တွေ့ ရပါလိမ့်မယ် ၊ ဒါကို ကျွန်တော် အက်ဖ်အေဖလား နဲ့ ကွန်မြူနတီဒိုင်း ရပြီးတဲ့ အချိန်မှာ သိလိုက်ရတာပါ ။ ကျွန်တော် ကောင်းကင်ပြာကြီးကို မြင်​တွေ့ ခဲ့ရပါတယ် ၊ နောက်တစ်ဆင့်တက်ဖို့ အချိန်ကောင်းပါပဲ ၊ အာဆင်နယ်ကလူတွေအားလုံးကလည်း နားလည်ကြပါတယ် ၊ ကျွန်တော့် ဆုံးဖြတ်ချက်ကိုလည်း အားပေး ထောက်ခံကြပါတယ် ။ “

” ကျွန်တော့် အတွက် အာဆင်ဝင်းဂါး နဲ့ ဂယ်ရီ ပီတို့က ခေါင်းဆောင်တွေပါပဲ ၊ တိုနီ ရောဘတ် နဲ့ ဆာဘီဘို တို့ကလည်း ကျနော့်ကို ကြိုဆို ခဲ့ကြသူတွေပါ ၊ ကျွန်တော် သူတို့ရဲ့ နွေးထွေးမှုကို ခံစားရပါတယ် ၊ သူတို့က ကျွန်တော့် ဘဝ အတွက် အရေးပါတဲ့သူတွေပါ ။ “

” အာဆင်နယ် ပရိသတ်ထုကြီးကလည်း ကျွန်တော့်ဘက်က အမြဲတမ်း ရှိနေပေးကြသူတွေပါ ၊ သူတို့ရဲ့ အချစ်ကို ခံစားမိပါတယ် ၊ လီနို ဒဏ်ရာ ရနေတဲ့ အချိန်မှာ ကျွန်တော့်ကို စာတွေ အများကြီး ပို့ကြပါတယ်။ အီမီ ငါတို့ မင်းကို ယုံတယ် ၊မင်းက ငါတို့ရဲ့ ဂိုးသမား ၊ မင်း က အကယ်ဒမီကလာတာ ၊ မင်းအကောင်းဆုံး လုပ်နိုင်မယ်ဆိုတာ ငါတို့ သိတယ်လို့ စာတွေ ပို့ကြတာပါ ၊ ဒီလို အားပေးစကားတွေကြောင့်ပဲ ယုံကြည်မှု ပိုရှိလာပြီး ပွဲတွေ အနိုင်ရအောင် ၊ အခုလို ဂိုးသမား ဖြစ်လာခဲ့တာပါ ။ “

” သူတို့ ဖလားနှစ်လုံး ရတဲ့ အတွက် အရမ်း ဝမ်းသာမိပါတယ် ၊ သူတို့ ကျနော့် ဘဝ အကြောင်းကို နားလည် ကြသလို ကျနော့်ရဲ့ ကြိုးစား အားထုတ်မှုကိုလည်း အသိအမှတ်ပြုကြပါတယ် ၊ ဒါကြောင့် အာဆင်နယ် မိသားစုဝင် အဖြစ် ၁၁ နှစ်ကြာ ဖြတ်သန်း ခဲ့ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR