ရီဂူလင် ကို ခေါ်ယူဖို့ နီးစပ်နေတဲ့ စပါး

စပါးဟာ ရီးရဲ မက်ဒရစ် အသင်းရဲ့ နောက်တန်း ကစားသမားလေး ရီဂူလင် ကို အပြီးသတ် ပုံစံမျိုး နဲ့ ခေါ်ယူဖို့ အတွက် တော်တော်လေး နီးစပ်နေပြီ ဖြစ်ပါတယ်။

Sponsored

အပြောင်းအရွှေ့ ကိစ္စအားလုံးဟာ အပြီးသတ်နိုင်ခြင်း မရှိသေးသော်လဲ ၊ ဆွေးနွေးမှု ရလာဒ်တွေက ဆက်တိုက် တိုးတက်လာနေတာကြောင့် ၊ လန်ဒန် ကလပ်ဆီ ရောက်ရှိလာတော့မယ်လို့ ယုံကြည်နေကြတာပါ။ တစ်ဖက်မှာ ဆိုးရှား ရဲ့ ယူနိုက်တက် ကလဲ ရီဂူလင် ကို ခေါ်ယူဖို့ အတွက်ပဲ ဆွေးနွေးခဲ့ပေမယ့် ၊ သဘောတူညီမှု တစ်စုံတရာတော့ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ရီဂူလင် ဟာ ဆီဗီလာ ကို အငှားနဲ့ သွားရောက် ကစားရင်း ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် အကောင်းဆုံး ခြေစွမ်းတွေ နဲ့ ကူညီပေးနိုင်ခဲ့သလို ၊ ယူရိုပါလိဂ် ဗိုလ်စွဲအောင်လဲ အဓိက နေရာကနေ စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ သို့သော် လက်ရှိ ရီးရဲ မက်ဒရစ် နည်းပြ ဇီဒန်း က ရီဂူလင် ရဲ့ ပရိသတ် မဟုတ်ပါဘူး။

Sponsored

သူတို့ နှစ်ယောက်ဟာ ဇီဒန်း အရံအသင်း နည်းပြ အဖြစ် ရှိနေစဉ် အချိန် ကတည်းက ၊ ရီးရဲ လူငယ်အသင်းမှာ လက်တွဲခဲ့ဖူးပြီး ၊ အဲဒီ တုန်းကတောင် ပြင်သစ် သားကြီး တတိယတန်း ကလပ် လော့ရိုနက် ဆီ အငှားချပစ်ခဲ့တာ ဖြစ်ပါတယ်။

စီနီယာ အသင်းကြီး နည်းပြ ဖြစ်လာချိန်မှာလဲ မာဆယ်လို ကိုသာ အဓိက ပွဲထုတ်ခဲ့သလို ၊ မာဆယ်လို အကျပိုင်း ရောက်လာချိန်မှာတော့ လီယွန် က မန်ဒီ ကို ခေါ်ယူကာ ရေရှည် အစားထိုးဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါကြောင့် ရီဂူလင် ရဲ့ ဘာနေဗျူး အနာဂတ်ဟာ မရှိသလောက် နည်းပါးနေတာကြောင့် ၊ ရီးရဲ မက်ဒရစ်က အရောင်းစာရင်း တင်ထားခဲ့တာ ဖြစ်ပါတယ်။

လူငယ် နောက်ခံ ကစားသမားလေးဟာ စပိန် လက်ရွေးစင် အသင်းကြီးမှာတောင် အရွေးချယ်ခံထားရပြီပြီ ဖြစ်တဲ့ အပြင် ၊ ဒီလထဲမှာ ပထမဆုံး ကစားခွင့်တောင် ရယူထားနိုင်ခဲ့ပါပြီ။

တစ်ဖက်မှာ စပါး နည်းပြ မော်ရင်ဟို ဟာ ဘယ်နောက်ခံလူ အဖြစ် ဘန် ဒေးဗီးလ် ကို ပိုင်ဆိုင်ထားသော်လဲ ၊ တိုက်စစ်လိုက်ပါ ကစားနိုင်မှု အပိုင်းမှာ သူ့ရဲ့ စိတ်ကြိုက် မဖြစ်သလို ၊ တန်ပြန် တိုက်စစ်အတွက်လဲ အံဝင်ခြင်း မရှိတာကြောင့်လဲ ရီဂူလင် ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

 

တကယ်လို့ ရီဂူလင်သာ ရောက်ရှိလာမယ် ဆိုရင်တော့ နဂို ကတည်းက ဘေးကို ခေါက်ထားခံရတဲ့ အင်္ဂလန် လူငယ် ကစားသမားလေး ဆက်ဇီညွန် ရဲ့ ကစားခွင့် မျှော်လင့်ချက်တွေ ကတော့ နည်းသထက် နည်းသွားဦးမှာ ဖြစ်ပါတယ် ။

စပါးဟာ ရီးရဲ မက်ဒရစ် က ရီဂူလင် တစ်ဦးတည်းကိုပဲ ခေါ်ယူဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ သူတို့ ရဲ့ ကစားသမားဟောင်း ဘေးလ် ကိုပါ ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျှက် ရှိနေပါတယ် ။

လက်ရှိ အချိန်ထိတော့ ဘေးရဲ့ အပြောင်းအရွှေ့ ကိစ္စကလဲ သဘောတူညီမှု မရသေး သလို ၊ ဘယ်လို ပုံစံမျိုး နဲ့ ဆွေးနွေးနေကြတာလဲ ဆိုတာလဲ ဘယ်သတင်းထောက်ကမှ သတင်းရယူနိုင်ခြင်း မရှိသေးပါဘူး။ သို့သော် ဘေးလ် ကိုယ်တိုင်ကလဲ စပါး ကို ပြန်လာချင်နေသလို ၊ မော်ရင်ဟို ကလဲ သူ့ရဲ့ တန်ပြန် တိုက်စစ်ပုံဖော် မှုတွေ အတွက် ပိုပြီး ရွေးချယ်ခွင့် ပိုများလာဖို့ ကြိုးစားနေတာပါ။

အကယ်၍ ဘေးလ်သာ ရောက်ရှိ လာမယ့် ဆိုရင် စပါးရဲ့ လက်ရှိ အသုံးပြုနေတဲ့ ကစားကွက်က ပြောင်းလဲ သွားဖွယ် ရှိနေပြီး ၊ လူးကပ် မော်ရာ ၊ ဆွန်ယောင်မင် တို့ ထဲက တစ်ဦးဦးဟာ ပွဲထွက် ကစားခွင့် ဆုံးရှုံးသွားဖွယ် ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။

သေချာတာ တစ်ခုက မော်ရင်ဟို ဟာ စပါး ကို သူ့ရဲ့ စိတ်ကြိုက် ကစားသမားတွေ နဲ့ တည်ဆောက်နေပြီ ဖြစ်လို့ ၊ ပိုချက်တီနို လက်ထက် က အမာခံ ဖြစ်ခဲ့တဲ့ ထိပ်တန်း ကစားသမား အချို့ဟာလဲ အသင်းပြောင်းဖို့ အနေအထားတွေကို စဉ်းစားလာဖွယ် ရှိနေပါတယ်။

SPORTS MYANMAR