ဘရိုက်တန် နဲ့ ပွဲမှာ ပွဲထွက်ခွင့် စတင်ရရှိခဲ့ပြီးနောက် ၊ ပရီးမီးယားလိဂ် နဲ့ ဘွန်ဒက်စ်လီဂါ ရဲ့ အကြီးမားဆုံး ကွာဟချက် တချက် ကို ဖြေကြားခဲ့တဲ့ #ဗာနာ

ပြီးခဲ့တဲ့ ဇွန်လ အတွင်း မှာ ရက်ဒ်ဘူးလ် လစ်ပ်ဇစ် အသင်း ကနေ ချဲလ်ဆီး အသင်း သို့ ယူရိုသန်း ၅၀ နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ည က ကစားခဲ့တဲ့ ဘရိုက်တန် နဲ့ ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ကို စတင် ရရှိခဲ့ပါတယ် ။

Sponsored

အဲ့ဒီပွဲမှာ ဗာနာ ဟာ ဂိုးတော့ မသွင်းယူနိုင်ခဲ့ပေမယ့် ၊ ချဲလ်ဆီး ပရိသတ်တွေရဲ့ အသည်းနှလုံး ကို သိမ်းပိုက် သွားခဲ့တယ် လို့ ပြောရမှာပါ ။ ၎င်းရဲ့ ပွဲအစအဆုံး ကြိုးစားအားထုတ်မှု ၊ ကွင်းလယ် အထိ ဘောလုံး ဆင်းဆယ်ယူမှု ၊ လျင်မြန်တဲ့ ကစားအားတွေဟာ ယခင် ချဲလ်ဆီး အသင်း မှာ တိုက်စစ် ကစားသမား တယောက်ဆီကနေ မြင်တွေ့ခဲ့ခြင်း မရှိခဲ့တဲ့ အရာတွေ ဖြစ်ပါတယ် ။

အဖွင့် ပင်နယ်တီ ဂိုးဟာလည်း တီမို ဗာနာ ရဲ့ လျင်မြန်မှု နဲ့ ပါးနပ်မှု ပေါင်းစပ်ပြီး ဖြစ်လာခဲ့တဲ့ ပင်နယ်တီ လို့ ပြောရမှာပါ ။ တိုက်စစ် မှာ ပိုမို နားလည်မှု ရှိတဲ့ အတွဲအဖက် တွေသာ ရှိခဲ့မယ် ဆိုရင် ဗာနာ အတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် မှာ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး တချို့ ကို စတင် ရရှိခဲ့မှာ အသေအချာပါပဲ ။

သို့ပေမယ့် ယခင် က ပရီးမီးယားလိဂ် မှာ အခြေချခဲ့ဖူးခြင်း မရှိတာကြောင့် ၊ ကြံ့ခိုင်မှု အပိုင်း နဲ့ ပတ်သက်ပြီး ဗာနာ ကို စိန်ခေါ်မှု များစွာ ရှိနိုင်ပေမယ့် ၊ ပထမ ပွဲတပွဲတော့ ဗာနာ တယောက် အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ခဲ့ပါတယ် ။ အဲ့ဒီ ပွဲအပြီးမှာ ဗာနာ ဟာ ဒဏ်ရာ အသေးလေး တခု ရခဲ့လို့ ၎င်းရဲ့ ခြေထောက်မှာ ရေခဲကပ်ခဲ့ရပါတယ် ။

Sponsored

ပွဲအပြီး အင်တာဗျူး မှာတော့ ဗာနာ ဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် အဖွင့်ပွဲမှာပဲ ဘွန်ဒက်စ်လီဂါ မှာ တခါမှ မကြုံဖူးတဲ့ ခံစစ် ကစားပုံ နဲ့ စတင် မိတ်ဆက်ခံခဲ့ရကြောင်း ၊ ဂျာမနီ မှာတုန်းက အရပ်ထောင်ထောင်မောင်းမောင်း နဲ့ ဗဟို ခံစစ်မှူးမျိုး နဲ့ ရင်ဆိုင်ခဲ့ရခြင်း မရှိခဲ့တဲ့ အကြောင်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ် ။

ဗာနာ က ” ဒီမတိုင်ခင် ပရီးမီးယားလိဂ် နဲ့ ပတ်သက်ပြီး လူတိုင်း ကျွန်တော့ ကို ပြောဖူးခဲ့ကြတဲ့ အတိုင်း ၊ တကယ်ပဲ ဒီလိဂ် ဟာ ဘွန်ဒက်စ်လီဂါ နဲ့ ကွဲပြားခြားနားမှု ရှိပါတယ် ။ ဒီနေ့ပွဲဟာ ခက်ခဲတဲ့ ပွဲတပွဲပါ ။ ဒုတိယပိုင်း ၁ – ၁ သရေဖြစ်နေခဲ့တဲ့ အချိန် အထိ ကို ကျွန်တော်တို့ရဲ့ ကစားပုံ က ထင်သလောက် မကောင်းခဲ့ပါဘူး ။ ”

” အဲ့ဒီနောက် ရိစ် ရဲ့ အံ့သြဖွယ် ကန်ချက် သွင်းဂိုးနဲ့ ကျွန်တော်တို့ ပွဲကို ပြန်လည် ဦးဆောင်နိုင်ခဲ့သလို ၊ သူ့ရဲ့ ထောင့်ကန်ဘော ကပဲ ဒီပွဲ အတွက် အဆုံးအဖြတ် ဖြစ်စေခဲ့ပါတယ် ။ ဒီနေ့ နိုင်ပွဲ အတွက် ကျွန်တော် အရမ်း ပျော်ရွှင်နေပြီး ၊ နောက်ပိုင်း ပွဲတွေမှာလည်း နိုင်ပွဲတွေ ဆက်လက် ရှာဖွေနိုင်ဖို့ မျှော်လင့်ပါတယ် ။ ”

” ကျွန်တော် ဟာ ဒီနေ့ ပွဲမှာ ခန္ဓာကိုယ် ထုထည်ကြီးမားလွန်းတဲ့ ခံစစ်မှူး ၃ယောက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။ ဒါမျိုး ဂျာမနီ မှာ ခင်ဗျား ကြုံရမှာ မဟုတ်ပါဘူး ။ ဒီပွဲ က လုံးဝ ကို ကွဲပြားခြားနားမှု ရှိပါတယ် ။ တချို့ အခြေအနေ တွေမှာ ကျွန်တော် တို့ဟာ နေရာလွတ် များစွာ ရခဲ့ပါတယ် ။ ”

 

” ဘောလုံးကွင်း ကလည်း အရမ်း ကျယ်တော့ ခင်ဗျား အဖို့ လွတ်လွတ်လပ်လပ် ပြေးလွှားနိုင်ပါတယ် ။ ပထမပိုင်း ၁ – ၀ နဲ့ ဦးဆောင်ပြီး နောက်ပိုင်း အနေအထားမျိုးပေါ့ ။ အဲ့ဒီနောက် ဒုတိယပိုင်းလည်း ပြန်စရော ၊ ပွဲက ပုံစံ တမျိုး ထပ်ပြောင်းခဲ့ပြန်ပါတယ် ။ ဘရိုက်တန် အသင်း ဟာ ကျွန်တော်တို့ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ လာမယ့် တနင်္ဂနွေနေ့မှာ လက်ရှိ ချန်ပီယံ လီဗာပူး အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ လက်ခံ ကစားရမှာ ဖြစ်ပြီး ၊ ဒီပွဲအတွက်လည်း ဗာနာ က အသင့်ဖြစ်နေကြောင်း ကို အခုလိုပဲ ဖွင့်ဟလာခဲ့ပြန်ပါတယ် ။

ဗာနာ က ” ( ပင်နယ်တီ ရခဲ့တဲ့ အခြေအနေ ) ကျွန်တော့ အနေနဲ့ အရင် ခြေလှမ်း တလှမ်း ကြိုလှမ်းနိုင်ခဲ့ရင်တော့ ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့မှာပါ ။ ဒါပေမယ့် မဖြစ်လာခဲ့ပါဘူး ။ အဆုံးမှာတော့ ပင်နယ်တီ ဆိုတာ ရှင်းလင်း ပြတ်သားနေခဲ့ပါတယ် ။ ”

” ပွဲအခြေအနေ အရ အဲ့ဒီ အချိန်မှာ အဖွင့်ဂိုးစရဖို့က အရမ်း အရေးကြီးခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့ဟာ ဒီနေ့ပွဲ အတွင်း ကစားပုံ သိပ်မကောင်းခဲ့လို့ပါပဲ ။ ဘရိုက်တန် ဖက်ကလည်း ကျွန်တော်တို့ကို ပွဲစတာနဲ့ ဖိအားပေးနေခဲ့တာကြောင့် ပုံစံကောင်း ရဖို့ ရုန်းကန်ခဲ့ရတာပါ ။ ”

” ဒုတိယပွဲမှာတော့ ကျွန်တော် ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရချင်ရလာနိုင်ပါတယ် ။ ဒါပေမယ့် လီဗာပူး နဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့ အတွက် ဂိုးရဖို့ ပိုပြီး ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ ။ ဒီနေ့ပွဲရဲ့ အဖွင့်ဂိုး အတွက် တဖက်တလမ်း က အထောက်အကူ ပေးနိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR