ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ရန် အခြေအနေ အကောင်းဆုံး ကစားသမား ၃ ဦးကို ပြောပြလိုက်တဲ့ အင်ဒီကိုး

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးဟောင်း အင်ဒီကိုးဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကို ရယူနိုင်ဖို့ အတွက် ဘယ်လိုတွေ အားထုတ် ကြိုးပမ်း ရသလဲ ဆိုတာ ကောင်းကောင်း သိနေတဲ့သူ ဖြစ်ပါတယ်။ ကိုးဟာ လွန်ခဲ့တဲ့ ၁၉၉၃-၉၄ ဘောလုံးရာသီက နယူးကာဆယ် အသင်း အတွက် ၃၄ ဂိုး သွင်းယူကာ ရွှေဖိနပ်ဆုကို ရယူ ခဲ့သူ ဖြစ်ပြီး အင်္ဂလန် ထိပ်တန်းလိဂ်မှာ စုစုပေါင်း ၁၈၇ ဂိုးထိ သွင်းယူ နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ ပါတယ်။

မန်ချက်စတာယူနိုက်တက် ဂန္တဝင်လည်း ဖြစ်သူ ကိုးလ်ဟာ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် တတိယမြောက် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် လက်ရှိ အချိန်မှာတော့ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ သွင်းဂိုး ဇယားထိပ်ဆုံး နေရာကို ဘယ်သူတွေ ရယူ နိုင်ဖို့ အခွင့်အရေး များသလဲ ခန့်မှန်း သုံးသပ် သွားခဲ့ ပါတယ်။

Sponsored

ကိုးလ်က အာဆင်နယ် နဲ့ အတူ ၃ နှစ် စာချုပ်သစ် ချုပ်ဆို ခဲ့သူ အသင်းခေါင်းဆောင် ပီယာအမ်းမရစ် အူဘာမီယန်းဟာ ဒီဆု အတွက် တစ်ပြေး နေသူ တစ်ဦးလို့ ယုံကြည် နေပါတယ်။ အူဘာမီယန်းဟာ လွန်ခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက မာနေး ၊ ဆာလား တို့နဲ့ အတူ ရွှေဖိနပ်ဆု ကို ပူးတွဲ ရရှိ ခဲ့သူ ဖြစ်ပြီး ဖူဟမ်ကို ၃-၀ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မှာလည်း သွင်းဂိုး ၁ ဂိုးကို လှလှပပ ကန်သွင်းယူ ခဲ့ပါတယ်။

ဒါ့အပြင် ကိုးလ်က ပြီးခဲ့တဲ့ ရာသီရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် ဂျေမီဗာဒီ ကလည်း ဒီဆုကို ၂ နှစ်ဆက်တိုက် ရယူ နိုင်စွမ်း ရှိနေတယ်လို့ မှတ်ချက် ပေးသွား ပါတယ်။ ဗာဒီဟာ ဝက်ဘရွမ်းကို ၃-၀ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ ပုံစံကောင်း မပြသ နိုင်ခဲ့ ပေမယ့်လည်း လက်စတာ တို့ ရရှိ ခဲ့တဲ့ ပင်နယ်တီ ၂ ဂိုးစလုံးကို ဝင်အောင် ကန်သွင်းယူ နိုင်ခဲ့ ပါတယ်။

Sponsored

ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှုး ရွေးချယ် လိုက်တဲ့ နောက်ဆုံး တစ်ဦး ကတော့ မန်စီးတီး တိုက်စစ်မှုး ဆာဂျီယို အဂွေးရိုး ဖြစ်ပြီး အာဂျင်တီးနား စတားဟာ ဒီဆုကို လွန်ခဲ့တဲ့ ၂၀၁၃-၁၄ ရာသီက နောက်ဆုံး ဆွတ်ခူး ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုးလ်က သူ့ရဲ့ စိတ်ထဲမှာ အသင်းအောင်မြင်မှုက ဦးစားပေး ဖြစ်ပြီး ရွှေဖိနပ်ဆုကို ဆွတ်ခူး နိုင်ဖို့ ဒုတိယ ဦးစားပေး အနေနဲ့ပဲ ရှိတယ်လို့ ဆိုသွား ပါတယ်။

ကိုးလ်က “ဒီရာသီ ပရီးမီးယားလိဂ် မှာ တိုက်စစ်မှုးကောင်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော် အာဆင်နယ် တိုက်စစ်မှုး အူဘာမီယန်းကို နှစ်သက် ပါတယ်။ သူဟာ အာဆင်နယ် အတွက် တကယ့်ကို ကြောက်စရာ ကောင်းလောက်တဲ့ စွမ်းဆောင်ရည်ကို ပြသ နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီအသင်း အပေါ် သူ့ရဲ့ ပေးဆပ်မှုက မယုံနိုင်စရာ ပါပဲ။ အကယ်၍ သူ ဒီပုံစံ အတိုင်း ဆက်သွား နိုင်ခဲ့မယ် ဆိုရင် သူဟာ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ သွင်းဂိုး ဇယားထိပ်မှာ ရပ်တည် နိုင်ဖို့ ကြီးမားတဲ့ အခွင့်အရေး ရှိနေ ပါတယ်။

အဂွေးရိုး နဲ့ ဂျေမီဗာဒီ တို့ကလည်း သူတို့ဟာ ဂိုးရှေ့မှာ ဘယ်လောက်တောင် မှီခို အားထားလို့ ရသလဲ ဆိုတာကို နှစ်ပေါင်း များစွာ သက်သေ ပြထား ခဲ့ပြီးပါပြီ။ သူတို့ဟာ တကယ့် အချိန်ကောင်းမှာ နေရာမှန်မှာ ရှိနေပါတယ်။ သူတို့ ၃ ဦးဟာ ဒီရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် အဓိက တိုက်ပွဲဝင် သွားရမယ့် သူတွေပါ။ ဒါပေမယ့် အားလုံး ကြံ့ခိုင်မှု ပြည့်၀ နေဖို့တော့ အရေးကြီး ပါတယ်။

 

ရိုးရိုးသားသား ပြောရမယ် ဆိုရင် ကျွန်တော်ဟာ တိုက်စစ်မှုး တစ်ဦး ဖြစ်ခဲ့ ပေမယ့်လည်း ကစားသမား ဘဝမှာ တုန်းက ရွှေဖိနပ်ဆု အတွက် သိပ်ပြီး စိုးရိမ် ပူပန်မှု မရှိပါဘူး။ ကျွန်တော့်ရဲ့ အသင်း ဘယ်အဆင့်မှာ ရပ်တည် နိုင်မလဲ ဆိုတာကိုပဲ စိတ်ဝင်စား ပါတယ်။ အကယ်၍ ကျွန်တော်တို့ အမှတ်ပေးဖလား ဆွတ်ခူး နိုင်တာပဲ ဖြစ်ဖြစ် ရှုံးထွက် ဖလား တစ်ခုခု ရတာပဲ ဖြစ်ဖြစ် ရာသီကုန်မှာ top 4 ဝင်တာပဲ ဖြစ်ဖြစ် ဒါကို အရင် တွေးပါတယ်။ ပြီးမှသာ အခြေအနေ ကောင်းမယ် ဆိုရင် ရွှေဖိနပ်ဆုကို ရည်မှန်း ပါတယ်။” လို့ ဆိုလိုက် ပါတယ်။