ဒီပေး ကို ခေါ်ဖို့ ဘာကာမှာ ပိုက်ဆံ မရှိဘူးလို့ တုန့်ပြန်လိုက်တဲ့ လီယွန် ဥက္ကဌ

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ဘာစီလိုနာ ဟာ လီယွန် က နယ်သာလန် တိုက်စစ်မှုး ဒီပေး ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို 25 သန်း + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ထပ်မံ ပေးချေမှု 5 သန်း နဲ့ ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ခိုင်ခိုင်မာမာ ထွက်ပေါ်ခဲ့ပါတယ်။

Sponsored

အဲဒီ အချိန်က အင်တာမီလန် တိုက်စစ်မှုး လော်ရာတို မာတီနက်ဇ် ရဲ့ ပြောင်းရွှေ့ကြေးက များလွန်းတာကြောင့် သူ့ထက် ပိုပြီး ဈေးနည်းသလို ၊ နည်းပြ ကိုးမန်း ရဲ့ ဗျူဟာတွေ နဲ့လဲ အံဝင်နိုင်မယ့် ဘောလုံးသမား သေချာပေါက် ဖြစ်စေလိုတာကြောင့် ဒီပေး ကို ပြောင်းလဲ ခေါ်ယူလိုက်တာ ဖြစ်တယ်လို့ ရေးသားခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ အဲဒီ သတင်းကို လီယွန် အသင်းရဲ့ ဥက္ကဌ အူလတ်စ် ကိုယ်တိုင်က တရားဝင် ငြင်းဆိုလိုက်ပါပြီ။

“ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌက သူတို့ အသင်းဟာ ကပ်ရောဂါဆိုးကြီးကြောင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေ အလူးအလဲခံနေရတယ် လို့ တနင်္ဂနွေနေ့က ပြောသွားပါတယ်။ ဒါကြောင့် ဒီပေး အတွက် ကမ်းလှမ်းမှု တစ်စုံ တရာပြုလုပ်လာဖို့ အကြောင်းအရင်း မရှိသေးပါဘူး” လို့ Twitter ကနေ တဆင့် တုန့်ပြန်သွားခဲ့ ပါတယ်။

Sponsored

လီယွန် ဟာ သူတို့ စိတ်ကြိုက် ပြောင်းရွှေ့ကြေး ရရင် မည်သည့် ကစားသမားမျိုးမဆို ရောင်းထုတ်လေ့ရှိတဲ့ ကလပ် ဖြစ်ပြီး ၊ လူငယ် ခြေတက် ကစားသမားလေးတွေကလဲ မျိုးဆက် မပြတ် ပေါ်ထွက်နေတဲ့ ကလပ် အသင်းဖြစ်ပါတယ်။

သို့သော် ဘာစီလိုနာ ဘက်က တရားဝင် ကမ်းလှမ်းလာခြင်း အလျဉ်းမရှိလို့ အခုလို တရားဝင် ထုတ်ပြောလာတာ ဖြစ်တယ်လို့ ခန့်မှန်းရပြီး ၊ ကစားသမားရဲ့ အခြေအနေကိုလဲ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေကြောင့် ယိမ်းယိုင်သွားခြင်း မရှိအောင် ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

ဘာစီလိုနာ ဟာ ဒီပေး အတွက် ယူရို သန်း 30 တောင် ပေးပြီး ခေါ်ယူဖို့ အတွက် ဘဏ္ဍာရေး အခက်ခဲတွေ ဖြစ်နေရင် ၊ အင်တာမီလန် က မာတီနက်ဇ် ကို ခေါ်ယူဖို့ အတွက် ပိုပြီးတော့တောင် အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ သုံးသပ်ကြည့်ရမှာပါ။

 

ကတ်တလန် သတင်းစာတွေ ကတော့ နည်းပြ ရော်နယ် ကိုးမန်း အတွက် မဖြစ်မနေ လိုအပ်တယ် ဆိုရင် ကစားသမားသစ် ခေါ်ယူဖို့ ဖြစ်နိုင်ချေ နည်းလမ်းတွေ ရှာဖွေပြီး စွန့်စားသင့်တယ်လို့ အကြံပြု ရေးသားလျှက် ရှိနေပါတယ်။

• အရစ်ကျ ပေးချေမှု နဲ့ စွန့်စားခြင်း
• အသင်းမှာ မလိုတော့တဲ့ ကစားသမားတွေကို အမြန်ဆုံး ရောင်းထုတ်ပြီး ငွေပေါ်အောင် လုပ်ဆောင်ခြင်း
• ကစားသမား တစ်ဦးဦး အလိုက်ပေးပြီး ထည့်သွင်း ကမ်းလှမ်းခြင်း

စတဲ့ ပုံစံမျိုးတွေ နဲ့ ကြိုးစားကြည့်မှသာ ကစားသမားသစ်တွေ ရောက်ရှိလာဖို့ မျှော်လင့်ချက် ပိုများလာမယ်လို့ တိုက်တွန်းနေကြပါတယ်။

ဘာစီလိုနာ ဟာ အဘီဒယ် ရဲ့ နေရာကို ပလာနက် နဲ့ အစားထိုး ခန့်အပ် ထားသော်လဲ သိသာ ထင်ရှားတဲ့ လုပ်ဆောင်ချက်မျိုးတွေ လုပ်ပြထားနိုင်တာ မတွေ့ရသေးပါဘူး။ ရာကီတစ် နဲ့ လမ်းခွဲနိုင်ခဲ့ပေမယ့် ၊ ပြောင်းရွှေ့ကြေး က လက်ငင်း အများကြီး မရခဲ့သလို ၊ လက်ရှိ ဗီဒယ် ရဲ့ အပြောင်းအရွှေ့ ကနေလဲ ဝင်ငွေပြန်ရဖို့က လမ်းမြင်မိသေးပါဘူး။

အဆိုးဆုံး ကတော့ ဆွာရက် ရဲ့ ကိစ္စကို ပြေပြေလည်လည် ဖြစ်အောင် ကိုင်တွယ်နိုင်ခြင်း မရှိသေးတာပါ။ ဆွာရက်ဟာ တစ်နှစ် လုပ်ခ ယူရို 10 သန်း + 3 နှစ် စာချုပ် နဲ့ ဂျူဗီ ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်သော်လဲ ဘာစီလိုနာ နဲ့ လက်ကျန် စာချုပ် ကိစ္စကို ဖြေရှင်း နိုင်ခြင်း မရှိသေးပါဘူး။

ဘာစီလိုနာ ဘက်က သူ့ရဲ့ အပြောင်းအရွှေ့ ကနေ ပြောင်းရွှေ့ကြေး ထပ်ရဖို့တောင် မျှော်လင့်နေသည့်တိုင်အောင် ၊ ကစားသမားကလဲ ဆန္ဒမပါပဲ အတင်းပြောင်းဖို့ ဖိအားပေးခံခဲ့ရတာမို့ စာချုပ် ဖျက်သိမ်းခွင့်လျော်ကြေး ရရှိချင်နေတာ ဖြစ်ပါတယ်။

ဆွာရက်ဟာ ဘာစီလိုနာ မှာတော့ တစ်နှစ်လုပ်ခ ယူရို 15 သန်း ရရှိနေတာပါ။

ဒါကြောင့်လဲ ဂျူဗီ နဲ့ အပြောင်းအရွှေ့ ပျက်ခဲ့ရင်တောင် လာမယ့် ဘောလုံးရာသီမှာ လစာ ယူရို 15 သန်း က ရရှိမြဲ ၊ ရနေဦးမှာ ဖြစ်တဲ့ အချက်ကို ဆွဲကိုင်ထားတယ်လို့ ယူဆရပါတယ်။

SPORTS MYANMAR