မက်ဆီ ရော်နယ်ဒို တို့ရဲ့ ခြေရာကို နင်းနိုင်မယ့် ကစားသမား ၃ ဦးကို ပြောပြလိုက်တဲ့ ဘာဘာတော့ဖ်

မန်ယူနိုက်တက် နဲ့ စပါး တိုက်စစ်မှုးဟောင်း ဒီမီတာ ဘာဘာတော့ဖ်က နေမာ ၊ ကီလီယန် အမ်ဘက်ပေ နဲ့ မေဆင် ဂရင်းဝုဒ် တိုကဟာ အနာဂတ် မှာ ခရစ်စတီယာနို ရော်နယ်ဒို ၊ လီယွန်နယ် မက်ဆီ တို့ရဲ့ ခြေရာကို နင်းနိုင်ရန် အလားအလာ ရှိနေတဲ့ သူတွေလို့ မှတ်ချက် ပေးလိုက်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒို တို့ဟာ ပြီးခဲ့တဲ့ ၁၂ နှစ် အတွင်း ဘလွန်းဒီအောဆုကို ၎င်းတို့ ၂ ဦးပေါင်း ၁၁ ကြိမ်ထိ ဆွတ်ခူး ထားခဲ့ကြပြီး ဘောလုံး သမိုင်း တစ်လျှောက် အကြီးကြယ်ဆုံး ကစားသမား ၂ ဦး အဖြစ် သတ်မှတ် ထားခြင်း ခံနေရသူတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ၎င်းတို့ ၂ ဦး စလုံးဟာ အခု ချိန်မှာ ကစားသမား ဘ၀ နှောင်းပိုင်း ကာလတွေကို ရောက်ရှိ လာခဲ့ပြီး ကစားသမား ဘ၀ ကနေ အနားယူဖို့ အချိန် နီးကပ် လာနေကြပြီ ဖြစ်ပါတယ်။ ပီအက်ဂျီ တိုက်စစ်မှုးတွေ ဖြစ်ကြတဲ့ နေမာ နဲ့ အမ်ဘက်ပေ တို့ဟာ ရော်နယ်ဒို နဲ့ မက်ဆီ တို့ ဘောလုံးလောက ကနေ အနားယူ သွားခဲ့တဲ့ အခါ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကြယ်ဆုံး ကြယ်ပွင့် ၂ ဦး ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးမှုတွေ ခံနေရပြီး ၎င်းတို့ ၂ ယောက်ဟာ ပီအက်ဂျီ အသင်းကို အလွန် မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ရောက်လာ ခဲ့သူတွေ ဖြစ်ကြ ပါတယ်။

ဆက်လက်ပြီး ဘာဘာတော့ဖ် က ဒီရာသီ မန်ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၅ ဂိုး သွင်းယူ ပေးခဲ့ပြီး ပရီးမီးယားလိဂ် restart ပြီးနောက် အကောင်းဆုံး ခြေစွမ်းပြ နေတဲ့ ဂရင်းဝုဒ် ကလည်း တစ်နေ့မှာ အမြင့်ဆုံး အဆင့်ကို ရောက်ရှိ လာမယ့်သူလို့ ပြောလိုက် ပါတယ်။

ဘာဘာတော့ဖ်က “ပြီးခဲ့တဲ့ သောကြာနေ့က ကျွန်တော့်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဖော်ဟောင်း ခရစ်စတီယာနို ရော်နယ်ဒို ဂျူဗင်တပ် နဲ့ စာချုပ်ချုပ် ခဲ့တာ ၂ နှစ်ပြည့် ခဲ့တဲ့ အချိန်ပါ။ ခရစ်စတီယာနိုဟာ အီတလီမှာ အကောင်းဆုံး မလုပ်ပြ နိုင်ဘူး ဆိုပြီး ဘယ်သူမှ မပြောနိုင် ပါဘူး။ သူ အခု အသက် ၃၅ နှစ် ရှိနေပါပြီ။ လက်ရှိ စွမ်းဆောင်ပြ နေမှုဟာ တကယ့်ကို မယုံနိုင်စရာ ပါပဲ။ ကစားသမား အများစုဟာ ဒီအသက်အရွယ်မှာ စွမ်းရည် ကျဆင်း သွားခဲ့ပါပြီ။ သူ အခု လုပ်ပြနေတာတွေဟာ မယုံနိုင်စရာ ပါပဲ။

သူဟာ ကိုယ့်ကိုကိုယ် တအား ဂရုစိုက်ပါတယ်။ အရင်ကထက်တောင် ပိုပြီး ဂရုစိုက်တယ်လို့ ပြောလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီအသက်အရွယ်မှာ ပုံစံကောင်းမှာ ရှိနေဖို့ အတွက် ပိုပြီး အလုပ် ကြိုးစားဖို့ လိုအပ်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒို တို့ကို ကျွန်တော်တို့ အမြတ်တနိုးထား ကြည့်နေသင့် ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ အနားယူ သွားခဲ့တဲ့ အခါ အားလုံး နှမြောတသ ဖြစ်နေကြမှာ ဖြစ်လို့ပါ။ သူတို့ဟာ စပယ်ရှယ်ထက်ကို ပိုမို ပါတယ်။

တစ်နေ့နေ့ တစ်ချိန်ချိန် ရော်နယ်ဒို ဘောလုံးလောက ကနေ အနားယူ သွားခဲ့တဲ့ အခါ ဒါဟာ ကမ္ဘာ့ဘောလုံးလောက အတွက် ဝမ်းနည်းစရာ အကောင်းဆုံး နေ့တစ်နေ့ ဖြစ်နေ မှာပါ။ သူ့ကို မကြိုက်တဲ့ သူတွေတောင် သူ့ရဲ့ စွမ်းဆောင်မှုကို လေးစား ရပါတယ်။ ဒီလို နေ့က ရောက်လာမှာပါ။ ဒါပေမယ့် နှစ်အနည်းငယ် ကြာမှာ ဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်။ အခြား ကစားသမားတွေလည်း ပေါ်ထွက် လာအုံးမှာပါ။ ပီလီ မာရာဒိုနာ တို့ နေရာတောင် အစားဝင် နိုင်ခဲ့ကြပါတယ်။ ဘ၀ ဆိုတာ စက်ဝန်း တစ်ခု လိုပါပဲ။

လက်ရှိ ကျွန်တေ်ာတို့ ဘောလုံးလောက မှာ နေမာ ၊ အမ်ဘက်ပေ ၊ ဂရင်းဝုဒ် နဲ့ အခြား လူငယ် ကြယ်ပွင့်တွေ ရှိနေပါတယ်။ သူတို့ တစ်နေ့နေ့ တစ်ချိန်ချိန် မယုံနိုင်စရာတွေကို နှစ်ပေါင်း များစွာ လုပ်ပြ ထားခဲ့တဲ့ မက်ဆီ ရော်နယ်ဒို တို့ရဲ့ အဆင့်မျိုး ရောက်လာဖို့ မျှော်လင့် မိပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ရော်နယ်ဒိုဟာ မန်ယူနိုက်တက် ၊ ရီးရဲယ်မက်ဒရစ် နဲ့ ဂျူဗင်တပ် တို့လို အသင်းတွေမှာ ကစားသမားဘဝကို ကျင်လည် ခဲ့ပြီး ရောက်တဲ့ အသင်းတိုင်းမှာ အောင်မြင်မှုတွေ ရယူ နိုင်ခဲ့တဲ့ နာမည် တစ်ခုကို တည်ဆောက် ထားနိုင် ခဲ့ပါတယ်။

ဘာဘာတော့ဖ်က “ရီးရဲယ်မက်ဒရစ်ဟာ သူ ထွက်ခွာသွားပြီး ကတည်းက အရင်ကလို မဟုတ်တော့ ပါဘူး။ သူဟာ အဲဒီအသင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ပါတယ်။ သူဟာ ကြောက်စရာ သွင်းဂိုး ပမာဏကို သွင်းယူ ပေးခဲ့ပြီး ဆုဖလားများစွာ ဆွတ်ခူး နိုင်ခဲ့ပါတယ်။ သူထွက်ခွာ သွားခဲ့တဲ့ အခါ အဲဒီမှာ ကြီးမားတဲ့ ဟာကွက်ကြီး ဖြစ်နေ ခဲ့ပါတယ်။ မက်ဒရစ်ဟာ ရှေ့ကို ဆက်သွားမှာပါ။ အရင်ကလည်း ဒီလိုမျိုးတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ရီးရဲယ်တို့ သေချာပေါက် လွမ်းနေရတဲ့သူပါ။

အကယ်၍ မက်ဆီ ဘာစီလိုနာ အသင်း ကနေ ထွက်ခွာ သွားခဲ့မယ် ဆိုရင် ဒီဟာကွက်ကို ဘယ်လို ဖြည့်ဆည်း သွားမှာလဲ? သူတို့ ရှေ့ဆက် သွားရမှာပါ။ ဒါပေမယ့် မတူညီတဲ့ လမ်းကြောင်းနဲ့ပေါ့။ ရော်နယ်ဒို နဲ့ တွဲကစား ခဲ့တုန်းက ကျွန်တော် အနှစ်သက်ဆုံး အခိုက်အတန့် ကတော့ သူ့ကစားသမား ဘဝရဲ့ အလွယ်ကူဆုံး ဂိုးကို ပေးခဲ့တာ ပါပဲ။ ဝက်ဟမ်းနဲ့ ပွဲဖြစ်ပါတယ်။ ကျွန်တော် ကိုယ့်ဘာသာ အဆုံးသတ် လိုက်လို့ ရပါတယ်။ ဒါပေမယ့် အဲဒီနေ့က ကျွန်တော် အတော် ရက်ရော နေခဲ့ပါတယ်။

သူဟာ ပရော်ဖက်ရှင်နယ် ဘယ်လောက်ကျသလဲ ဆိုတာ ကျွန်တော်တို့ မြင်တွေ့ ထားခဲ့ပြီးသားပါ။ ကျွန်တော်တို့ သူ့လို တအား ကြိုးစား ချင်ကြပါတယ်။ ဒါ့ကြောင့်လည်း သူဟာ အောင်မြင်မှုတွေ အများကြီး ရရှိတာ ဖြစ်ပါတယ်။ ကစားသမားတွေဟာ တစ်ဦးနဲ့ တစ်ဦး လေ့လာ ရပါတယ်။ မေးနေစရာ မလိုပါဘူး။ ဒီလိုပဲ လေ့လာ သင်ယူ ရတာပါ။

သူဟာ ဆယ်ကျော်သက် ကတည်းက တအား ကောင်းခဲ့ပါတယ်။ သူဟာ ဘယ်တော့မှ အကြံဉာဏ် ပေးဖို့ မလိုခဲ့ပါဘူး။ သူဟာ လေ့ကျင့်ရေး အစီအစဉ် ပြီးတိုင်း အမြဲတမ်း ကွင်းထဲမှာ နေခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ဂစ် ၊ စခိုးလ် ၊ ရွန်းနီး ၊ ဂယ်ရီနဗီး စတဲ့ ကစားသမားတွေနဲ့ တစ်သင်းတည်းမှာ တွဲဖက် ကစားရတာ ကံကောင်းပါတယ်။ ကစားသမား အားလုံးဟာ တစ်ဦးနဲ့ တစ်ဦး လေ့လာလို့ ရခဲ့ပါတယ်။”