ရိုနယ်ဒို စိတ်ကူးကြည့်ဖူးမှာတောင်မဟုတ်တဲ့ မှတ်တမ်းစာရင်းထဲကို ဝင်နိုင်တော့မယ့် မက်ဆီ

လီယွန်နယ် မက်ဆီ ရဲ့ အရည် အသွေးတွေ အကြောင်း ဖွဲ့ဆို ကြမယ် ဆိုရင် သွင်းဂိုးတွေ နဲ့ တင် မပြီး သေးပါဘူး ။ ဘောလုံး သမိုင်း တစ်လျောက် အကောင်းဆုံး ကစား သမား ရယ်လို သတ်မှတ် ခံထားရတဲ့ မက်ဆီ ဟာ ဂိုးပေါင်း 700 ကျော် သွင်းထား ရုံသာမက မြောက်များ လှတဲ့ ဖန်တီးမှုတွေ ၊ ပါးစပ် အဟောင်းသား ဖြစ်ရ လောက်တဲ့ အကွက်မြင် ပေးပို့မှုတွေ ၊ ပြိုင်ဘက်တွေ အချင်းချင်း ဝင်တိုက် လဲပြို သွားစေ လောက်တဲ့ လိမ်ခေါက် ကျော်ဖြတ်မှုတွေ နဲ့ ဆယ်စုနှစ် တစ်ခုခွဲကျော် ဖျော်ဖြေ ပေးလာခဲ့ပြီး ဖြစ်ပါတယ် ။

 

ဒီ စွမ်းရည်တွေ ထဲမှာ နောက်ပိုင်း သိသာ လာတာ ကတော့ ဂိုးဖန်တီးမှု ပါပဲ ။ အသက် အရွယ် ကြီးလာ တာကြောင့် ယခင်လို ၃-၄-၅ ယောက်ကို ကျော်ဖြတ်ပြတာ မျိုးတွေ မလုပ်နိုင်တော့ ပေမယ့် မက်ဆီ ဟာ အလယ်အထိ ဆင်းပြီး အသင်းဖော်တွေ ကို ဖန်တီးမှု များစွာ ပြုလုပ် ပေးလာ ခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ ပွဲစဉ် အပြီး မှာတော့ မက်ဆီ ဟာ ဘောလုံး ကမ္ဘာ မှာ ထူးရှယ် လူနည်းစုသာ ပိုင်ဆိုင် ထားတဲ့ မှတ်တမ်း စာရင်းထဲ ကို ဝင်ရောက် ဖို့ လက်တကမ်း အလိုကို ရောက်လာခဲ့ ပါပြီ ။ ဒီ မှတ်တမ်း ဟာ ဂိုးသွင်းဖို့ ကိုသာ အဓိက ထားတတ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒို အနေနဲ့ တစ်ကြိမ် တစ်ခါမှ မနီးစပ် ခဲ့ဖူးတဲံ မှတ်တမ်းလည်း ဖြစ်ခဲ့ ပါတယ် ။

အဲ့ဒါကတော့ တစ်ရာသီ အတွင်း လိဂ်ဂိုး ဖန်တီးမှု အကြိမ် ၂၀ ပြည့်မြောက် တာပါပဲ ။ တစ်ရာသီ အတွင်း အမှတ်ပေး ပြိုင်ပွဲမှာ ဂိုး ၂၀ ပြည့်အောင် သွင်းဖို့ ဆိုတာ လွယ်ကူပါတယ် ။ ဂိုး ၂၀ ပြည့်အောင် ဖန်တီး ပေးဖို့ ဆိုတာ ကတော့ မလွယ်လှ ပါဘူး ။ ဒါကြောင့်လည်း ဒီ မှတ်တမ်း ရှင်တွေ ဟာ လေးစား တန်ဖိုးထား ခံခဲ့ ကြရ ပါတယ် ။

တစ်ရာသီ အတွင်း အမှတ်ပေး ပြိုင်ပွဲ ဖန်တီးမှု ၂၀ ပြည့်မြောက်သူတွေ ထဲမှာ အကျော်ကြားဆုံး ကတော့ သီယာရီ အွန်နရီ ပါပဲ ။ တိုက်စစ်မှုး တစ်ယောက် ဖြစ်ပေမယ့် ဂိုးဖန်တီး ပေးရတာ ကိုလည်း အားသန်တဲ့ အွန်နရီ ဟာ ၂၀၀၃ – ၂၀၀၄ ဘောလုံး ရာသီ မှာ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု အကြိမ်ပေါင်း ၂၀ ရရှိခဲ့ပြီး စံချိန် မှတ်တမ်းရှင် အဖြစ် ရပ်တည် နိုင်ခဲ့ ပါတယ် ။ အခုထိ ပရီးမီးယားလိဂ် မှာ အွန်နရီ ရဲ့ ခြေရာကို လိုက်နင်းနိုင်သူ မရှိခဲ့ ပါဘူး ။

ဒီလို ထူးရှယ် မှတ်တမ်းမျိုးကို အွန်နရီ တစ်ယောက်တည်း ရခဲ့ဖူးတာ မဟုတ်ပါဘူး ။ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ဆိုရင် ကစား သမား ၁၁ ဦး ဟာ ဒီလို မှတ်တမ်းကောင်း တွေကို ပိုင်ဆိုင် ခဲ့ဖူး ပါတယ် ။ ဥရောပ ထိပ်သီး လိဂ် ၅ ခု ထဲမှာပဲ ဆိုရင်တော့ အွန်နရီ ၊ ဇာဗီ ၊ ဒီဘရိုင်း နဲ့ မူလာ တို့ ၄ ဦး သာ ရှိသေးတယ် လို့ ဆိုရမှာပါ ။

ဒါကြောင့် မက်ဆီ အနေနဲ့ လက်ကျန် လာလီဂါ ၄ ပွဲမှာ အနည်းဆုံး ၁ ဂိုး ဖန်တီးပေးလိုက်ရုံ နဲ့ ဒီ ဂုဏ်ယူ စရာ မှတ်တမ်း ကောင်းကို ရယူ ပိုင်ဆိုင် နိုင်မှာ ဖြစ်ပြီး ဂိုးသွင်း ကောင်းရုံသာမက ဂိုးဖန်တီးမှုမှာလည်း ကဝိ တစ်ပါး ဖြစ်ကြောင်း လက်ဆုပ်လက်ကိုင် ပြစရာ နဲ့ သက်သေထူ နိုင်တော့ မှာပဲ ဖြစ် ပါတယ် ။

၂၀၀၀ ခုနှစ်က စပြီး ဘောလုံးတစ်ရာသီအတွင်း အမှတ်ပေး ပြိုင်ပွဲ ဂိုးဖန်တီးမှု ၂၀ နဲ့ အထက် ရရှိ ခဲ့ကြသူတွေ ကတော့ –

၁ ။ ဂျာအို ပင်တို ( ၂၀၀၁-၀၂ ) စပို့တင်းလစ္စဘွန်း
၃၃ပွဲ – ၂၀ ဂိုး ( ဖန်တီးမှု )

၂ ။ သီယာရီ အွန်နီ ( ၂၀၀၂-၀၃ ) အာဆင်နယ်
37 ပွဲ – ၂၀ ဂိုး

၃ ။ ဂျော်ဒီဗစ် ( ၂၀၀၂-၀၃ ) အိုလံပီယာကော့စ်
၂၉ ပွဲ – ၂၁ ဂိုး

၄ ။ အဲလက်စ် ( ၂၀၀၅-၀၆ ) ဖီနာဘာချီ
၃၁ ပွဲ – ၂၃ ဂိုး

၅ ။ ဟာဆန်ဆား ( ၂၀၀၅-၀၆ ) ဂါလာတာစာရေး
၂၆ ပွဲ – ၂၀ ဂိုး

၆ ။ စတီဖင် ဟော့ဖ်မန်း ( ၂၀၀၇-၀၈ ) ရက်ပစ် ဗီယာနာ
၃၆ ပွဲ – ၂၅ ဂိုး

၇ ။ ဇာဗီ ဟာနန်ဒက်စ် ( ၂၀၀၈-၀၉ ) ဘာစီလိုနာ
၃၅ ပွဲ – ၂၂ ဂိုး

၈ ။ လူစီယာနို နာဆီနက် ( ၂၀၁၁-၁၂ ) ဟီဗန်ရင်း
၃၄ ပွဲ – ၂၂ ဂိုး

၉ ။ ကီဗင် ဒီဘရိုင်း ( ၂၀၁၄ – ၁၅ ) ဝုဖ်ဘတ်
၃၄ ပွဲ – ၂၁ ဂိုး

၁၀ ။ အော်စကာ ( ၂၀၁၇-၁၈ ) ရှန်ဟိုင်း SIPG
၂၉ ပွဲ – ၂၂ ဂိုး

၁၁ ။ သောမတ်စ် မူလာ ( ၂၀၁၉ – ၂၀၂၀ ) ဘိုင်ယန်မြုးနစ်
၃၃ ပွဲ – ၂၁ ဂိုး

မက်ဆီ – ၃၄ ပွဲ – ၁၉ ဂိုး . . . . .

ဒီစာရင်းထဲကို မက်ဆီ ဝင်နိုင်မလား . . . ရာသီ အကုန်မှာ သူ့ရဲ့ ဖန်တီးမှု အရေအတွက် က ဘယ်လောက် ဖြစ်မလဲ ဆိုတာ စောင့်ကြည့် ကြရအောင်ဗျာ ။

SPORTS MYANMAR