အိုဇေးလ် ဟာ အခြေအနေတစ်ခုမှာ ကမ္ဘာ့အညံ့ဆုံး ကစားသမားတောင် စာရင်းဝင်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ပေါလ်မာဆင်

ဂန်းနား ကွင်းလယ်လူဟောင်း ပေါလ်မာဆင် က အာဆင်နယ် အသင်း ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ဟာ ပြိုင်ဘက် အသင်း ဘောလုံး ကိုင်ထားတဲ့ အချိန်မှာ အသင်းအတွက် လုံးဝ အသုံးမဝင်ဘဲ ကမ္ဘာ့ အညံ့ဆုံး ကစားသမား တစ်ဦး ဖြစ်ကြောင်း ဝေဖန်လိုက်ပါတယ် ။

အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မီဆွတ် အိုဇေးလ် ဟာ ဘရိုက်တန် ၊ ဆောက်သမ်တန် နဲ့ ပွဲမှာ အရန်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ကစားခွင့် မရခဲ့သလို ရှက်ဖီးယူနိုက်တက် နဲ့ ပွဲကိုလည်း နောက်ကျော ဒဏ်ရာကြောင့် လွဲချော် ခဲ့ပါတယ် ။

၂၀၁၃ ခုနှစ်က ရီးရဲလ် မက်ဒရစ် အသင်းကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ ရောက်ရှိ လာတဲ့ အိုဇေးလ် ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက အာဆင်နယ် အသင်းနဲ့ သုံးနှစ်ခွဲ စာချုပ် သက်တမ်း တိုးထားပြီး တစ်ပတ် လစာ ပေါင် ၃၅၀၀၀၀ အထိ ရရှိနေသူပါ ။

အိုဇေးလ် နဲ့ အာဆင်နယ် အသင်းတို့ရဲ့ စာချုပ် သက်တမ်းဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ် ။ အိုဇေးလ် ရဲ့ အေးဂျင့် ဖြစ်သူ အာဂတ်ဆိုဂတ် ကလည်း သူ့ရဲ့ ကစားသမားဟာ အာဆင်နယ် အသင်းမှာ စာချုပ် သက်တမ်း ကုန်ဆုံးတဲ့ အထိ ကစားသွားမှာ ဖြစ်ကြောင်း ပြောကြား ထားပါတယ် ။

ပေါလ်မာဆင် ဟာ ပြီးခဲ့တဲ့ မတ်လတုန်းကလည်းမီဆွတ် အိုဇေးလ် ရဲ့ များပြားလှတဲ့ လစာကြောင့် အသင်းဟာ အူဘာမီယန်း ကို စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ရာ အခက်တွေ့ နေကြောင်း သုံးသပ် ပြောကြား ခဲ့ပါသေးတယ် ။

ပေါလ်မာဆင် က ” မီဆွတ် အိုဇေးလ် က အလယ်အလတ် အသင်းတစ်သင်းမှာ ကစားရတဲ့ အခါမှာ ကြုံတွေ ရနိုင်တာတွေကို ပြသလိုက်တာပါပဲ ၊ သူလို ကစားသမားမျိုး က အောင်မြင်မှုတွေ ရနေတဲ့ အသင်းမှာပဲ ကစားသင့်တာပါ ။ “

” သူ့အနေနဲ့ လက်ရှိ အာဆင်နယ် အသင်းမှာ ကစားလို့ မရနိုင်ပါဘူး ၊ အသက် ၃၀ အရွယ်ရောက်မှ သူ့ နာမည်ကိုလည်း ပြန်ပြောင်းလို့ မရတော့ပါဘူး ၊ အာဆင်နယ် ကလည်း သူ့အတွက် ကစားကွက်ကို ပြောင်းလဲ ပေးနိုင်မှာ မဟုတ်ပါဘူး ။ “

” သူက နောက်ဆင်းမကူသလို ကစားသမားတွေဆီကနေလည်း ဘောလုံး လိုက်မလုပါဘူး ၊ သူလို ကစားသမားမျိုးက အပတ်တိုင်း ဘောလုံး ပိုင်ဆိုင်မှု ၇၀% ရှိတဲ့ အသင်းမှာ ကစားမှ အဆင်ပြေတာပါ ၊ သူ့ကို ဝန်းရံပြီး စိတ်ကြိုက် ကစားခွင့်ပေးမယ့် အသင်းမျိုးမှာပါ ။ “

” ကျွန်တော်တို့ အားလုံး အိုဇေးလ် ဘယ်လို ကစားသလဲ ဆိုတာ သိကြပါတယ် ၊ သူ့ကို ဘောလုံး ပေးရင် သူက ခင်ဗျားကို ရှာပြီး ဖန်တီး ပေးပါလိမ့်မယ် ၊ ဘောလုံး မရှိရင်တော့ သူက အသင်းအတွက် ဘောလုံး ပြန်လိုက်လုပေးမယ့်သူ မဟုတ်ပါဘူး ။ “

” အသင်းဘက်မှာ ဘောလုံး မရှိတဲ့ အချိန်မှာ ဘာမှ မလုပ်ပေးနိုင်တဲ့သူကို တစ်ပတ် ပေါင် သုံးသိန်းခွဲ ပေးဖို့ ဘယ်လို ဆုံးဖြတ်ချက် ချခဲ့တာလဲ ။ သူက ဘောလုံး သာ မရှိရင် ကမ္ဘာ့ အညံ့ဆုံး ကစားသမား တစ်ဦးပါပဲ ၊ အသင်းက ဘောလုံးမကိုင်ထားနိုင်တဲ့ အချိန်မှာ အသုံးမဝင်ဆုံး ကစားသမား ကို သိရင် ပြောပြပေးပါ ။ “

 

” အသင်း ဘောလုံး မရှိတဲ့ အချိန်မှာ အိုဇေးလ် လောက် ညံ့တဲ့ ကစားသမား ကျနော် မမြင်ဖူးသေးပါဘူး ။ သူ့ကို ဝန်းရံပြီး အာဆင်နယ် ကစားကွက် တည်ဆောက်နိုင်မှာလား ၊ အခု အချိန်မှာတော့ မဖြစ်နိုင်ပါဘူး ၊ သူကတော့ တစ်ပတ် သုံးသိန်းခွဲယူပြီး သာယာ နေဦးမှာပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR