အပြောင်းအရွှေ့ ဈေးကွက်မှာ ဝင်ကြမ်းဖို့ ဟန်ပြင်နေတဲ့ ရှိတ်မန်ဆော် ရဲ့ မန်စီးတီး

ပြီးခဲ့တဲ့ ဘောလုံး 2 ရာသီ အတွင်း ၊ အဓိက လိုအပ်မယ့်နေရာ တစ်နေရာလောက်သာ ဦးစားပေး ဖြည့်တင်းခဲ့တဲ့ မန်စီးတီးဟာ ဒီနှစ်မှာတော့ ၊ အဲဒီ အစဉ်အလာကို ချိုးဖောက်ဖို့ အတွက် ဟန်ပြင်နေပါတယ်။

2018-2019 ဘောလုံးရာသီ မှာ မာရက် တစ်ဦးကိုသာ ပြောင်းရွှေ့ကြေး များများပေးပြီး ခေါ်ယူခဲ့တာကလွဲရင် အခြား ကစားသမားတွေ က လူငယ်တွေ ဖြစ်သလို ၊ 2019-2020 ဘောလုံးရာသီမှာလဲ ဝါရင့် ကွင်းလယ် ကစားသမားကြီး ဖာနန်ဒင်ဟို ရဲ့ နေရာကို အစားထိုးဖို့ ရည်ရွယ်ပြီး ရိုဒရီ ကိုသာ ခေါ်ယူခဲ့ပါတယ်။

ဒန်နီလို နဲ့ အလဲအထပ် လုပ်ခဲ့တဲ့ ကန်စယ်လို ကတေ့ာ အသင်းအတွက် အလုပ်မဖြစ်သေးဘူးလို့ပဲ ဆိုရဦးမှာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းခေါင်းဆောင် ကွန်ပနီ ရဲ့ နေရာကို အစားထိုးဖို့ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့တဲ့ အချက်ဟာ တော်တော်လေးကို နစ်နာခဲ့ပါတယ်။ ကွန်ပနီ ဟာ ခြေစွမ်းပိုင်း အရရော ၊ ခေါင်းဆောင်မှု အပိုင်းမှာပါ အရေးပါခဲ့သူ ဖြစ်လို့ ၊ သူချန်ထားခဲ့တဲ့ ကွက်လပ် က တော်တော်လေးကို ကြီးမားခဲ့ပါတယ်။

ဒီကြားထဲမှာ အဓိက ခံစစ်မှုး ဖြစ်တဲ့ လာပေါ်တေး က ဒဏ်ရာ ရသွားခဲ့တဲ့ အပြင် ၊ ဂျွန်စတုန်း နဲ့ အော်တာမန်ဒီ တို့ရဲ့ ပုံမှန်ခြေစွမ်းတွေ ပျောက်ဆုံးခဲ့မှုကလဲ အသင်းအတွက် အထိနာခဲ့ရပါတယ်။ လက်ရှိ အချိန်မှာတော့ စီးတီးတာဝန် ရှိသူတွေဟာ အပြောင်းအရွှေ့ ဈေးကွက်ကို ဝင်ရောက် လေ့လာမှုတွေ ပြုလုပ်နေပြီ ဖြစ်ပြီး ၊ ဖြစ်နိုင်ချေ ရှိတဲ့ ပစ်မှတ်တွေ သတ်မှတ်ကာ ၊ အသေးစိတ် တွက်ချက်လျှက် ရှိနေပါတယ်။

အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဒေးဗစ် ဆေးဗား ဟာ ဒီရာသီ အကုန်မှာ လမ်းခွဲဖွယ် ရှိနေသလို ၊ လူငယ် တောင်ပံ ကစားသမား ဖြစ်တဲ့ ဆာနေး ကလဲ စာချုပ်သစ် ကမ်းလှမ်းမှုကို အကြိမ်ကြိမ် ငြင်းပယ်ထားလို့ အသင်းပြောင်းဖို့ သေချာသလောက် ရှိနေပါတယ်။

ဆာနေး ဟာ ဘိုင်ယန် မြူးနစ်ကို ပြောင်းရွှေ့မှာ ဖြစ်ပြီး ၊ စာချုပ် ဆိုင်ရာ အချက်အလက်တွေ က ကြိုတင် သဘောတူညီမှု ရရှိထားပြီးလောက်ပြီ လို့ ခန့်မှန်း ရတာမို့ ၊ ကလပ် အသင်း နှစ်သင်းအကြားမှာပဲ ပြောင်းရွှေ့ကြေး ပမာဏ ကို ညှိနှိုင်းရဖွယ် ရှိနေပါတယ်။

ဂျာမန် ကလပ်ဟာ ပေါင် 35 သန်း လောက်သာ ပေးချင်နေပုံ ရှိပေမယ့် ၊ မန်စီးတီး ဘက်ကတော့ ပေါင် သန်း 50 ထက် နည်းပါးတဲ့ ပမာဏမျိုး နဲ့ဆို လုံး၀ လက်ခံ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ပက်ဂွာဒီယိုလာ ရဲ့ အနာဂတ် အစီအစဉ်တွေ ထဲမှာတော့ ဒေးဗစ် ဆေးဗား ရဲ့ နေရာကို အစားထိုးဖို့ အတွက် လူငယ် ကစားသမားလေး ဖိုဒန် ကို လျာထား ထားတာ ဖြစ်ပါတယ်။ ဖိုဒန် ကိုယ်တိုင်လဲ နောက်ပိုင်းပွဲစဉ်တွေ မှာ ပါဝင် ကစားခွင့်ရတိုင်း ခြေစွမ်းပြလျှက် ရှိနေသလို ၊ သွင်းဂိုးတွေပါ ရယူပေးနေတာပါ။

သို့သော် ဒီမနက်မှာတော့ မန်စီးတီး တာဝန်ရှိသူတွေဟာ ယူနိုက်တက် က မျက်စိကျနေတဲ့ ဗီလာ ကွင်းလယ် တိုက်စစ် ကစာသမား ဂရေးလစ်ချ် ကိုပါ စိတ်ဝင်စားလာပါတယ်။ အထူးသဖြင့် ဆာနေးသာ ထွက်ခွာသွားခဲ့ရင် သူ့ရဲ့ နေရာကို နောက်ထပ်တောင်ပံ ကစားသမားသစ် ထပ်ပြီး အစားထိုးတော့မှာ မဟုတ်ပဲ ၊ ဂရေးလစ်ချ် ကိုသာ ခေါ်ယူဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။

ပက် ကိုယ်တိုင်လဲ ကာရာဘောင် ဖလား ဗိုလ်လုပွဲ မတိုင်ခင်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ၊ ဂရေးလစ်ချ် ရဲ့ စွမ်းဆောင်ရည်တွေ သဘောကျမိတယ်လို့ ထုတ်ဖော် ပြောဆိုထားခဲ့ပါတယ်။

ဒါကြောင့် အက်စ်တွန်ဗီလာ သာ တန်းဆင်းသွားခဲ့ရင် ၊ အသင်းခေါင်းဆောင် ဂရေးလစ်ချ် ရဲ့အပြောင်းအရွှေ့ သတင်းတွေဟာ မန်ချက်စတာ သတင်းစာတွေ အကြားမှာ လွန့်လူးလာဖွယ် ရှိနေပါတယ်။

နောက်ထပ် ပက်ဂွာဒီယိုလာ ရဲ့ ဦးစားပေး ပစ်မှတ်ကတော့ လာပေါ်တေး နဲ့ တွဲဖက် ဖို့ အတွက် ဗဟိုခံစစ်မှုး တစ်ယောက် ထပ်မံ ခေါ်ယူဖို့ အတွက်ပါ။ လောလောဆယ်မှာတော့ နာပိုလီ က ကူလီဘယ်လီ ၊ အင်တာမီလန် က ရှရွန်နီးယား တို့က ထိပ်ဆုံးကနေ ရေပန်းစားလျှက် ရှိနေပါတယ်။

ရှရွန်နီးယား ကို လုံး၀ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ အင်တာမီလန် အသင်း တာဝန်ရှိသူတွေ က သတိပေးမှုတွေ ပြုလုပ်ထားပေမယ့် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ အသင်းပြောင်းဖို့ အလားအလာ ရှိနိုင်တယ် ဆိုတဲ့ သတင်းတွေကို အီတလီ သတင်းစာတွေက တွင်တွင်ကျယ်ကျယ် ရေးသားလာကြပါတယ်။

ကူလီဘယ်လီ ကိုတော့ ယူရို သန်း 100 လောက်ရရင် ရောင်းထုတ်မှာဖြစ်တယ်လို့ နာပိုလီ ဥက္ကဌ ကိုယ်တိုင်က ဈေးခေါ်ထားတာကြောင့် ၊ စီးတီး ဘက်ကသာ အာရုံစူးစိုက်မှု အပြည့်နဲ့ ချဉ်းကပ်မယ် ဆိုရင် ၊ ခံစစ်မှုး ရှာပုံတော်ဖွင့်မှုဟာ စီးရီးအေမှာပဲ အဖြေရှာတွေ့သွားဖွယ် ရှိနေတယ်လို့ ဆိုပါရစေ။

ပက်ဟာ ဒီရာသီ မှာ အမှားများလွန်းတဲ့ မန်ဒီ ရဲ့ အခြေအနေကိုလဲ အကဲခတ်နေဆဲ ဖြစ်သလို ၊ အဲဒီ နေရာအတွက်တော့ လက်စတာ က ဘန်ချိဝဲလ် ကို မျက်စိကျနေပါတယ်။

SPORTS MYANMAR