အက်ဖ်အေဖလားကို အရယူပြီး ယူရိုပါလိဂ် ဝင်ခွင့် ရယူဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ် နည်းပြ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က သူတို့ အသင်း အနေနဲ့ ဒီရာသီမှာ အက်ဖ်အေဖလား ကို အရယူပြီး ယူရိုပါလိဂ် ဝင်ခွင့် ရယူ သွားမယ်လို့ ရှက်ဖီး ယူနိုက်တက် နဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းမှာ အက်ဖ်အေ ဖလား ကွာတားဖိုင်နယ်မှာ ရှက်ဖီးယူနိုက်တက် ကို နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင် ရခဲ့ပြီး ဆီမီးဖိုင်နယ် မှာတော့ မန်ချက်စတာ စီးတီး အသင်း နဲ့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ အက်ဖ်အေ ဖလားကို ၁၃ ကြိမ် အထိ ရယူဖူးပြီး အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေတဲ့ အသင်းလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ၂၀၁၆-၂၀၁၇ ခုနှစ် တုန်းက အက်ဖ်အေ ဖလားကို နောက်ဆုံး အကြိမ် ရယူနိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ အက်ဖ်အေ ဖလားကို ဆွတ်ခူး နိုင်ခဲ့မယ်ဆိုရင် ယူရိုပါလိဂ် ဝင်ခွင့် ရရှိသွားမှာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို ရောက်ရှိနေပြီး အဆင့် ၅ က ဝုလ်ဗာဟမ်တန် နဲ့ ၉ မှတ် အထိ ကွာဟ နေပါတယ် ။

အာတီတာက ရှက်ဖီးယူနိုက်တက် အသင်းကို အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို အကြိမ် ၃၀ မြောက် တက်ရောက်နိုင်ခဲ့တဲ့ အပေါ် ” ကျွန်တော် အမှန်တကယ် အားရ ကျေနပ်မိပါတယ် ၊ သူတို့ကွင်းမှာ အနိုင် ကစားဖို့ ဆိုတာ ခက်ခဲပါတယ် ၊ ကျွန်တော်တို့ ဝင်ဘလေ ကို ပြန်လာနိုင်ခဲ့ပါပြီ ။ ”

” ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ၊ ခံယူချက် နဲ့ ပတ်သက်ပြီးလည်း ပျော်ရွှင် မိပါတယ် ၊ ဒီဖလားကို ရယူဖို့ ကြိုးစား သွားမှာ ဖြစ်ပြီး ဥရောပ ပြိုင်ပွဲမှာ ကစားခွင့် ရဖို့ တကယ့် အခွင့်အရေးကောင်း တစ်ခုပါပဲ ။ ” လို့ ဆိုပါတယ် ။

ဆက်လက်ပြီး အာတီတာ က ” ဘောလုံး ပွဲတွေ ပြန်စ ကတည်းက ကျွန်တော်တို့ အဝေးကွင်းချည်း လေးပွဲဆက် ကစား ခဲ့ရပါတယ် ။ သုံးရက် တစ်ပွဲ အဝေးကွင်းတွေချည်း ကစားခိုင်းခဲ့တဲ့ ပရီးမီးယားလိဂ် ကိုလည်း ကျေးဇူး တင်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ မနက်ဖြန် ဗုဒ္ဓဟူး နေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) အဖြစ် အမှတ် ပေးဇယား အောက်ဆုံးက နောဝှစ်ချ် စီးတီး အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ လက်ခံ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR