လောကဓံ ရိုက်ချက်တွေ အကြားမှာ ကြံ့ကြံ့ခံရင်း ၊ ယိုင်လဲ မသွားဖို့ အားတင်းထားနေရှာတဲ့ ဂျိုးဟတ်

ဂျိုးဟတ် ဆိုတာ ပရီးမီးယားလိဂ် သမိုင်းထဲက ဂန္တဝင် ဂိုးမား တစ်ယောက်ပါ။ 2011 ကနေ 2013 ခုနှစ် အထိ ပရီးမီးယားလိဂ် ရွှေလက်အိတ် ဆုကို 3 ကြိမ် ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သလို ၊2014-2015 ဘောလုံးရာသီမှာလဲ နောက်ထပ် တစ်ကြိမ် ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။

သူဟာ ခေတ်သစ် မန်စီးတီး ရဲ့ အောင်မြင်မှု အဆောက်အဦးကြီးကို အခြေခံ အုတ်မြစ်ချပေးခဲ့တဲ့ ဂိုးသမား တစ်ယောက်ဆိုရင်လဲ မှားမယ် မထင်ပါဘူး။

ငယ်စဉ်က အပျော်တမ်း အသင်းလေးမှာ ကစားခဲ့ရင်းကနေ ၊ ကြိုးစားလာခဲ့ရာ နောက်ဆုံးမှာတော့ အင်္ဂလန် ရဲ့ လက်ရွေးစင် ဂိုးသမားကြီး အဖြစ်ပါ အောင်မြင်ခဲ့တဲ့သူလဲ ဖြစ်ပါတယ်။ဒါ့အပြင်မန်စီးတီး နဲ့ အတူ ပရီးမီးယားလိဂ် ဖလား 2 ကြိမ် ၊ အက်ဖ်အေ ဖလား 1 ကြိမ် နဲ့ ကာရာဘောင် ဖလား 2 ကြိမ် အထိ သိမ်းပိုက် နိုင်ခဲ့ပြန်ပါတယ်။

သို့သော် ဂျိုးဟတ် ရဲ့ ရွှေရောင်နေ့ရက်တွေကကုန်ဆုံးသွားခဲ့ပါပြီ။အမှောင်ထုတွေဘယ်လောက်အထိ ကြီးစိုးလာနေသလဲ ဆိုရင် ၊ အသက် 33 နှစ် အရွယ်သာ ရှိသေးတဲ့ လက်ရွေးစင်ဟောင်း ဂိုးသမား တစ်ယောက်ဟာ အသင်း လက်မဲ့ အခြေအနေမျိုးကို 17 နှစ် တာ ကာလ အတွင်းမှာ ပထမဆုံး အကြိမ် ရင်ဆိုင်ရလျှက် ရှိနေပါတယ်။

ဘန်လေ ဟာ 2018 ခုနှစ် က သူ့ကို ပေါင် 3.5 သန်း ဝန်းကျင်နဲ့ ခေါ်ယူစာချုပ် ချုပ်ဆိုခဲ့ပေမယ့် ၊ အဲဒီ စာချုပ်သက်တမ်းဟာ ဒီကနေ့မှာပဲ ကုန်ဆုံးသွားပြီ ဖြစ်လို ၊ အသင်းနဲ့လဲ တရားဝင် လမ်းခွဲလိုက်ပါပြီ။

သို့သော် ဂျိုးဟတ် ကတော့ သူ့ရဲ့ စိတ်ဓါတ်ကို ကြံ့ကြံ့ခံကာ ၊ အနာဂတ်ကောင်းတစ်ခုပေါ်ထွက်လာဖို့ မျှော်လင့်ထားတဲ့ အကြောင်း အခုလို ရင်ဖွင့်ထားခဲ့ ပါတယ်။

“ ကျနော် ဘန်လေ ရဲ့ အရံထိုင်ခုံတန်းမှာ 18 လ လောက် ထိုင်ပြီး အချိန်တွေ ကုန်ဆုံးသွားခဲ့ပေမယ့် ၊ အဲဒီ ကာလတွေဟာ ကျနော့်ရဲ့ စိတ်ဓါတ်တွေကို ပြိုလဲ မသွားစေနိုင်ပါဘူး။

ကျနော် က ဘယ်ဘ၀ ကနေ လာခဲ့တာလဲ ဆိုတာ ကိုယ့်ကိုယ်ကို သိပါတယ်။ အပျော်တမ်း လိဂ်က အသင်းလေး တစ်သင်းမှာ ကစားရင်း ရှယ်ရီဘူရီတောင်းကလပ်လေးမှာဝင်ခွင့်ရဖို့ဘယ်လောက်အထိ ကြိုးစားခဲ့ရလဲ ဆိုတာ အခုထိ မှတ်မိနေတုန်းပါပဲ။ဘ၀ရဲ့ပြင်းထန်လွန်းတဲ့သင်ခန်းစာတွေကိုငယ်ငယ် ကတည်းက သင်ယူခဲ့ဖူးပြီသားပါ။ ဒါကြောင့်မို့ အကောင်းဘက်ကို မျှော်ကြည့်ရင်း ဆက်လျှောက်နေဦးမှာပါပဲ။

ဘောလုံး အကြောင်းတွေ ပြန်ပြောကြမယ် ဆိုရင် ကိုယ် အောင်မြင်ခဲ့တဲ့ နေ့ရက်တွေ လဲ ရှိမယ် ၊ အဲဒီလိုအောင်မြင်နေတဲ့အပေါ်သာယာနေမိခဲ့လို့၊ကိုယ့်ကိုယ်ကိုအပြစ်တင်ချင်တဲ့အခိုက်အတန့်တွေလဲ ရှိချင်လဲ ရှိမယ်။ အပြင်ကလူတွေကတော့ ဒါတွေကို ဝေဖန်ဖို့ အတွက်လောက်ပဲ စိတ်ဝင်စားတာလေ။

ကျနော်ကတော့ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေအများကြီးကျန်နေသေးတယ်ဆိုတာယုံကြည်ထားပြီးသားပါ။ ဂျိုးဟတ် ကို ယုံယုံကြည်ကြည် နဲ့ အခွင့်အရေး ပေးမယ့် တစ်စုံတစ်ယောက်သောသူပဲ လောလောဆယ် လိုအပ်နေပါတယ်။ သူ့ရဲ့ ယုံကြည်မှုတွေ အတွက် ကျနော့်ဘက်ကလဲ ပြန်ပြီး ပေးဆပ်ဖို့ အသင့်ပါပဲ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ကမ္ဘာ့ ကပ်ရောဂါ ကြီးရဲ့ ရိုတ်ခတ်မှုကြောင့် ထိပ်တန်းအသင်းကြီးတွေ ရဲ့ ဘဏ္ဍာရေး ဝင်ငွေတွေဟာ သက်ရောက်မှု အများကြီး မရှိခဲ့သော်လဲ ၊ ပရိသတ်တွေ ရဲ့ ကွင်းဝင်ကြေး အပေါ်မှာ အများကြီး မှီခိုနေရတဲ့ အလယ်အလတ်တန်း နဲ့ အသင်းငယ်လေးတွေဟာ ဘဏ္ဍာရေး အကျပ်အတည်းတွေကို ဆက်တိုက ခံစားရလျှက် ရှိနေပါတယ်။

သူတို့ တစ်တွေဟာ ဝန်ထမ်း လစာ ပေးချေမှုပိုင်းမှာကို မနည်း ရုန်းကန်နေကြရတာ ဖြစ်လို့ ၊လာမယ့် ဘောလုံးရာသီအတွက်ပြင်ဆင်မှုတွေပြုလုပ်တဲ့အချိန်မျိုးရောက်ရင်အသင်းကြီးတွေကလူငယ်ခြေတက် ကစားသမားလေးတွေ ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားလာနိုင်သလို ၊ အလွတ်ကြေး နဲ့ ရရှိနိုင်မယ့် ကစားသမားတွေကိုလဲ ခေါ်ယူဖို့ ဦးစားပေး လာဖွယ် ရှိနေပါတယ်။

လက်ရှိ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂျိုးဟတ် အတွက်တော့ အဲဒီလို ပေါ်ထွက်လာမယ့် ကလပ်တွေကို စောင့်မျှော်ရင်း ၊ ကံကောင်းမှုတွေ ပေါ်ပေါက်လာပါစေကြောင်း ဆုတောင်း ပေးလိုက်ပါတယ်။

SPORTS MYANMAR