လီဗာပူးဟာ အသင်းတိုင်း မပြောနိုင်တဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတယ်လို့ ကြုံးဝါးလိုက်တဲ့ အက်ဒရီယန်

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဖလား ဒီရာသီမှာ ယူအီးအက်ဖ်အေ စူပါဖလား ၊ ကလပ်ကမ္ဘာ့ဖလား တို့အပြင် ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ကလည်း အင်္ဂလန်ရဲ့ ချန်ပီယံ ဖြစ်လာ ခဲ့ပါတယ်။ လီဗာပူး ဂိုးသမား အက်ဒရီယန် ကတော့ သူ့အသင်းရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ အတွက် ဂုဏ်ယူလျက် ရှိနေပါတယ်။

ဒီအတွက်ကြောင့် လီဗာပူး အသင်းဟာ ဥရောပဖလား ၊ ဥရောပ စူပါဖလား ၊ ကမ္ဘာ့ချန်ပီယံ နဲ့ ပြည်တွင်း အမှတ်ပေးဖလား တို့ကို ဆက်တိုက် ရရှိတဲ့ ဥရောပရဲ့ ၇ သင်းမြောက် အသင်း (ပေါ်တို ၊ အိုင်ယက် ၊ ဂျူဗီ ၊ ရီးရဲယ် ၊ ဘာကာ ၊ ဘိုင်ယန် ၊ လီဗာပူး) ဖြစ်လာခဲ့ပြီး ဗြိတန်မှာတော့ ဒါဟာ ပထမဦးဆုံးပဲ ဖြစ်ပါတယ်။

ဒါနဲ့ပက်သက်ပြီး အက်ဒရီယန် က ”ဒီအောင်မြင်မှုဟာ အံ့ဖွယ် ခံစားမှုပါပဲ။ ဒါဟာ အားလုံး အတွက် အရမ်းကို ကောင်းတဲ့ ခံစားချက်ပါ။ ဘာလို့လဲဆိုတော့ ဒီဖလား ရဖို့ ဘယ်လောက် ခက်ခဲသလဲ ဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သိလို့ပါ။ ပရိတ်သတ်တွေ ကလည်း ဒီအခိုက်အတန့်ကို စောင့်ဆိုင်း နေခဲ့ကြတာပါ။ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ ရာသီအစ ကတည်းကနေ အစွမ်းကုန် တိုက်ပွဲဝင် ကစား သွားခဲ့ကြပါတယ်။ အသင်းမှာ အလုပ်လုပ် နေတဲ့ သူတွေအားလုံး အတွက် ဒီရာသီဟာ အကောင်းဆုံး ဖြစ်နေသလို သမိုင်းဝင် ရာသီလည်း ဖြစ်ပါတယ်။ ဒီပျော်ရွှင်မှုတွေ ကြည်နူးမှုတွေကို ကျွန်တော်တို့ လီဗာပူး ပရိတ်သတ်တွေကို ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒါနဲ့ ထိုက်တန်လို့ပါ။

ကြာသပတေးနေ့ ကတော့ ပျော်ရွှင်မှုတွေ စုံသွားတာပဲဗျာ။ ခင်ဗျားတို့ သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့ ဒီအခိုက်အတန့်ကို အကြာကြီး စောင့်ဆိုင်း နေခဲ့တာပါ။ ကျွန်တော်တို့ အစကတည်းက တိုက်ပွဲဝင် ခဲ့ကြတာပါ။ ဒါပေမယ့် ဘဝဆိုတာ အတက်အကျတွေတော့ ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီက လီဗာပူးဟာ ပြည်တွင်း အမှတ်ပေးဖလား ပြိုင်ပွဲမှာ စိတ်ပျက်စရာ အဆုံးသတ်ကို ရခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တစ်မှတ်တည်းနဲ့ ပရီးမီးယားလိဂ်ကို လက်လွှတ်ခဲ့ရလို့ပါ။ ဒါပေမယ့် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပြီး ဖာထေးခဲ့ပါတယ်။

ဒီရာသီမှာ အားလုံးဟာ ပထမ စက္ကန့်ကတည်းက ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးချင်ခဲ့ ကြပါတယ်။ အားလုံးမှာ တူညီတဲ့ ပစ်မှတ် ရှိခဲ့ပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာကော ကွင်းထဲမှာပါ အစွမ်းကုန် အားထုတ်ခဲ့ကြတာကြောင့် ဒါနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဒီအခိုက်အတန့်ကို ပျော်ရွှင်စွာ ဖြတ်သန်း သွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဆက်သွားရ ပါအုံးမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လက်ကျန် ၇ ပွဲကစားဖို့ ကျန်နေသေးလို့ပါ။”

လီဗာပူးရဲ့ လက်ကျန် ပွဲစဥ်တွေထဲက ပထမဦးဆုံး ပွဲကတော့ ပြီးခဲ့တဲ့ ၂ ရာသီဆက် ချန်ပီယံ မန်စီးတီး ကို အဝေးကွင်းမှာ သွားကစားရမယ့် ပွဲစဥ်ပဲ ဖြစ်ပါတယ်။ လီဗာပူးဟာ တနင်္ဂနွေနေ့မှာ လေ့ကျင့်ခန်း ပြန်ဆင်း ခဲ့ပြီး မန်စီးတီးနဲ့ ကြာသာပတေးနေ့မှာ ကစားရမယ့် ပွဲစဥ်အတွက် စတင် ပြင်ဆင် ခဲ့ပါတယ်။

အက်ဒရီယန် က ”အားလုံးရဲ့ မျက်နှာမှာ အပြုံးတွေ ပါပဲ။ ဥရောပ ချန်ပီယံ ၊ ကမ္ဘာ့ချန်ပီယံ ၊ အင်္ဂလန်ရဲ့ ချန်ပီယံ ဆိုတဲ့ စကားကို အသင်းတိုင်း မပြောနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ချန်ပီယံတွေ ဖြစ်ကြပါတယ်။ လီဗာပူး ပရိတ်သတ်တွေ အားလုံးကလည်း ချန်ပီယံတွေပါ။ ကျွန်တော်တို့ ဒီအခိုက်အတန့်နဲ့ ထိုက်တန်ပါတယ်။ စီးတီးကွင်းကို ချန်ပီယံ အဖြစ်နဲ့ သွားရတာဟာ အားလုံး အတွက် အရမ်းကို ခမ်းနားတဲ့ ခံစားချက်ပါ။ ဒါပေမယ့် သိကြတဲ့ အတိုင်းပဲ။ ဒါဟာ ဘောလုံးပါ။ ဒါ့ကြောင့် ကျွန်တော်တို့ ရပ်တန့်နေမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ လာမည့် ၇ ပွဲကို အကောင်းဆုံး အားထုတ်သွား ရမှာ ဖြစ်ပြီး မန်ချက်စတာစီးတီးရဲ့ ရမှတ် ၁၀၀ စံချိန်ကိုလည်း ချိုးဖျက်နိုင်ဖို့ ကြိုးစား သွားမှာပါ။ ကျွန်တော်တို့ ဒီစံချိန်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ကျွန်တော်တို့ အတွက် နောက်တဆင့်ဟာ အဲဒီမှာ အနိုင်ရရှိဖို့ ပါပဲ။”

SM