နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲဆက် လူစာရင်းကနေ ချန်လှပ် ခံခဲ့ရတဲ့ ဂွမ်ဒူဇီ ကို သတိပေး စကားဆိုလိုက်တဲ့ ရေးပါလာ

အာဆင်နယ် အသင်း ကစားသမားဟောင်း ရေးပါလာကဂွမ်ဒူဇီအနေနဲ့သူ့ရဲ့အာဆင်နယ်ကစားသမား ဘဝကို ကယ်တင်ချင်ရင် နည်းပြ ပြောစကားကို သေချာ လိုက်နာ နားထောင် သင့်ကြောင်းသတိပေး စကား ပြောကြား လိုက်ပါတယ် ။

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီ ဟာ ဘရိုက်တန် နဲ့ ပွဲမှာ ပြိုင်ဘက် တိုက်စစ်မှူး မောပေး နဲ့ အချင်းများခဲ့ပြီး လည်ပင်း ညစ်ခဲ့တာကြောင့် အရေးယူခံရမယ့် အရေးနဲ့ ရင်ဆိုင် ရခဲ့ပါတယ် ။

ဒါပေမယ့်လည်းအက်ဖ်အေဟာဂွမ်ဒူဇီကိုအရေးမယူခဲ့ဘဲကစားသမားတွေကိုထိန်းသိမ်းဖို့ပျက်ကွက်ခဲ့တဲ့အာဆင်နယ်နဲ့ဘရိုက်တန်ကိုသာသတိပေးမှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီရန်ပွဲရဲ့အကျိုးဆက် အနေနဲ့ အာဆင်နယ် နည်းပြ အာတီတာ ကတော့ ဂွမ်ဒူဇီ ကို ဆောက်သမ်တန်၊ ရှက်ဖီးယူနိုက်တက် နဲ့ ပွဲ လူစာရင်းကနေ ချန်လှပ် ခဲ့ပါတယ် ။

ဂွမ်ဒူဇီ ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ ဒူဘိုင်း လေ့ကျင့်ရေး အစီအစဉ်မှာလည်း နည်းပြအဖွဲ့နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် အာတီတာ ရဲ့ ပွဲထွက် လူစာရင်းကနေ ချန်လှပ် ခံခဲ့ရပြီး ရောင်းထုတ် ခံရဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ် ။

ဂွမ်ဒူဇီ ဟာ အာဆင်နယ် ကနေ ထွက်ခွာ လိုကြောင်း ဘုတ်အဖွဲ့ကို အသိ ပေးထားကြောင်း သတင်းတွေ ထွက်ပေါ် နေပေမယ့် ဘုတ်အဖွဲ့ကတော အသင်း ကနေ ထွက်ခွာခွင့် ပေးသွားမှာ မဟုတ်ကြောင်း အကြောင်းပြန် လိုက်တယ်လို့ နောက်ဆက်တွဲ သတင်းတွေအရ သိရပါတယ် ။

ပြင်သစ်သားကို ခေါ်ချင်ကြတဲ့သူတွေထဲမှာ မန်ယူနိုက်တက် ၊ ဂျူဗင်တပ်စ် ၊ အင်တာမီလန် တို့ ပါဝင် နေတယ်လို့ သိရပါတယ် ။ ရေးပါလာ က ဂွမ်ဒူဇီ ဟာ အာဆင်နယ် အသင်း နည်းပြ အာတီတာ ရဲ့ အနာဂတ် အစီအစဉ်မှာ ပါဝင်တဲ့ ကစားသမား လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပြီး နည်းပြ စကား နားထောင်ဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။

ရေးပါလာက Goal မှာ ” သူ့အနေနဲ့ လူကြီးတွေ ပြောစကားကို လေးစား လိုက်နာဖို့ လိုအပ်ပါတယ် ၊ သူက တကယ့် အင်ပြည့်အားပြည့် ကစားတတ်သူ ဖြစ်သလို အရမ်းကောင်းတဲ့ ကစားသမား တစ်ဦးပါ ။ အခု အခြေအနေက အာတီတာ က နည်းပြ တစ်ဦး အနေနဲ့ သူ့ရဲ့ ဩဇာ အာဏာကို ပြသလိုက်တဲ့ သဘောပါပဲ ၊ သူ့အတွက် ကစားသမားတွေရဲ့လေးစားမှု ရဖို့ အရေးကြီးပါတယ် ။ “

” မက်တီယို ကို သူ ချန်လှပ်သင့်လို့ ချန်လှပ်ထားတာပါ ၊သူ့အနေနဲ့ကွင်းထဲမှာတခြားမလိုလားအပ်တဲ့ အရာတွေကို ရှောင်ရှား သင့်ပါတယ်။ ကျွန်တော်ကတော့ သူကစားတာကို သဘောကျပါတယ် ၊ သူက ကစားအားလည်း ရှိပါတယ်။ သူက လေ့ကျင့်ရေးကွင်းမှာ ဘယ်လို လူစားမျိုးလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး ။ “

“သူကအာတီတာရဲ့အစီအစဉ်ထဲမှာပါနေသေးတယ်ဆိုတာတော့ယုံကြည်ပါတယ်၊အာတီတာကကစားသမားတွေ သူ့ကို လေးစား လာအောင် လုပ်ဆောင် နေတာပါ ။ အာတီတာ က အားလုံး နဲ့ အဆင်ပြေပြီး ကစားသမားတွေရဲ့ အကျင့် ၊ ခံစားချက်ကို သိအောင်လုပ်နေသူဆိုတာ ကျနော် သိထားပါတယ် ။ မက်တီယို က သိပ်မဟုတ်သေးတာကြောင့် ချန်လှပ်ထားတာ ဖြစ်နိုင်ပါတယ် ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR