“ ဒီဘရိုင်း က သူ့ခြေဖျားတောင် မမှီတဲ့ ကစားသမားတွေကို လက်ခုပ်တီးပြီး ဂုဏ်ပြုပေးရမှာလား? ဒါဟာ အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်မျိုးပါလို့ ဝေဖန်လိုက်တဲ့ ဒန်နီ မာဖီ

လီဗာပူး ဟာ နှစ်ပေါင်း 30 ကျော် ကွာဝေးနေတဲ့ ပရီးမီးယားလိဂ် ဖလားကြီးကို ပြန်လည် သိမ်းပိုက် သွားနိုင်ခဲ့ပါပြီ။ လက်ကျန် ကစားရမယ့် ပွဲစဉ်ပေါင်းကလဲ 7 ပွဲ အထိ ကျန်နေသေးတာမို့ ၊ သူတို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းမှာ လက်ကျန်ပွဲ အများဆုံး အရေအတွက် နဲ့ သိမ်းပိုက် နိုင်တဲ့ ချန်ပီယံ အသင်းဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုကိုလဲ ပိုင်ဆိုင်ထားပြီးပြီ ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ လက်ရှိ ချန်ပီယံသစ် လီဗာပူး ဟာ ချန်ပီယံဟောင်း မန်စီးတီး ရဲ့ အိမ်ကွင်း အီတီဟတ် ကို သွားရောက် ကစားရမှာပါ။ အဲဒီ ပွဲစဉ်မှာတော့ မန်စီးတီး အသင်းသားတွေဟာ လီဗာပူး ရဲ့ အောင်မြင်မှု နဲ့ စွမ်းဆောင်ရည်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ လက်ခုပ်တီးကာ ကြိုဆို ဂုဏ်ပြုပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို နည်းပြကြီး ပက်ဂွာဒီယိုလာ ကတောင် အတည်ပြု ပြောဆိုထားတာကြောင့် ၊ လီဗာပူး ကစားသမားတွေဟာ အနီးကပ် ပြိုင်ဘက်ကြီး ရဲ့ ဧည့်ခံကြိုဆိုမှုတွေကို ရရှိသွားဖို့ သေချာလျှက်ရှိနေပါတယ်။

Guard of Honor ပြုလုပ်ပေးတဲ့ ဓလေ့ဟာ အင်္ဂလန် တစ်နေရာထဲမှာပဲ ကျင့်သုံးတာမျိုး မဟုတ်ပဲ ၊ ဥရောပ ထိပ်သီးလိဂ် တော်တော်များများ မှာ အသုံးပြုနေခဲ့ကြတာ ကြာပါပြီ။ အထူးသဖြင့် အောင်ပွဲဆင်နိုင်သူ အတွက် ဂုဏ်ပြု အသိအမှတ်ပြုတဲ့ အစဉ်အလာမျိုး ဖြစ်လို့ ၊ ဒါဘီ ပြိုင်ဘက်တွေ အကြားမှာတောင် အခုလိုမျိုး အစဉ်အလာတွေကို ချိုးဖောက်လေ့ မရှိပါဘူး။

သို့သော် လီဗာပူး ကစားသမားဟောင်း မာဖီ ကတော့ Guard of Honor အလေ့အထ ဟာ ဘောလုံး လောကမှာ လုံး၀ မရှိသင့်ဘူးလို့ ဝေဖန်လိုက်ပြီး ၊ ဒါဟာ ပြိုင်ဘက်တွေ ရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ လုပ်ရပ်မျိုး ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ “ ဒီဘရိုင်း လို အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ယောက်က သူ့ခြေဖျားတောင် မမှီတဲ့ ကစားသမားတွေကို ကြိုဆိုရမှာလား” ဆိုတဲ့ စကားလုံးမျိုးကိုပါ သုံးနှုန်း ပြောဆိုသွားတာကြောင့် လီဗာပူး ကစားသမား တစ်ချို့ နဲ့ ပရိသတ်တွေ ကတော့ မာဖီ ရဲ့ စကားကို လက်ခံချင်မှာ မဟုတ်ပါဘူး။

 

Talk Sports က တင်ဆက်ခဲ့တဲ့ အစီအစဉ်မှာတော့ လီဗာပူး ကွင်းလယ် ကစားသမားဟောင်းကြီး က “ Guard of Honor ဆိုတာ က လေးစားမှု နဲ့ ကြိုဆိုတယ် ဆိုတဲ့ အဓိပ္ပါယ် ကို ဆောင်တဲ့ ပုံစံမျိုးပါ။ ဘောလုံး လောကမှာ အသင်းတစ်သင်းဟာ အခုလို အောင်မြင်မှုတွေ ဆွတ်ခူးနိုင်တယ် ဆိုရင် ၊ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ် ပြုတဲ့ အနေနဲ့ လုပ်ဆောင်ပေးကြတာ မှန်ကန်တဲ့ လုပ်ရပ်မျိုးလို့တော့ ပြောလို့ ရပါတယ်။

ဒါပေမယ့် မန်စီးတီး အခု လုပ်ဆောင်ရမယ့် ပုံစံ ကကြတော့ ၊ ကိုယ့်ရဲ့ မာနတွေကို နှိမ့်ချပြီးမှ “ လီဗာပူး ရေ ….မင်း တို့ ချန်ပီယံ ဆုကို သိမ်းပိုက်သွားတာ အရမ်းမိုက်တယ်ကွာ” ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတာပါ။ ဒါဟာ လုံး၀ အဓိပ္ပါယ်မဲ့လွန်း နေပါတယ်။

ဒီအစဉ်လာကြီးကို ဘယ်နေရာမှာ ၊ ဘယ်အချိန် ကနေ စတင်ခဲ့ကြသလဲ ဆိုတာ ကျနော်လဲ မသိပါဘူး။ ဒါပေမယ့် ကျနော် ကိုယ်တိုင် လုပ်ရမယ် ဆိုရင်တော့ ၊ ဝတ္တရား အရသာ လုပ်ပေးတာမျိုး ဖြစ်နိုင်ပေမယ့် လုံးဝကို စိတ်ထဲက ပါမှာ မဟုတ်ပါဘူး။ ပြောရရင် လုပ်ကို မလုပ်ပေးချင်ဘူးဗျာ။

ကျနော် လီဗာပူး ကစားသမားဘဝတုန်း က ဆိုရင် ၊ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးတာပဲလေ။ သူတို့ဟာ ကျနော်တို့ထက် ပိုကောင်းလို့ ဖလားတွေ ရခဲ့တာ ၊ အဲဒီ အချက်ပေါ် လေးစားမှု ရှိပြီးသားပါ။ ကိုယ်လဲ သူတို့လို ဖြစ်အောင် ကြိုးစားခဲ့တာပါပဲ။

ပရိသတ်တွေ ကတော့ သူတို့ ကစားသမားတွေ ဒါမျိုးတွေ လုပ်ပေးနေရတာ မြင်ချင်မှာ မဟုတ်ပါဘူး။ ကစားသမားတွေကလဲ ကြိုဆိုပေးချင်မှာ မဟုတ်ပါဘူး။ ဒါဟာ အဓိပ္ပါယ်မဲ့လွန်း နေသလို ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလဲ ရှိလာနိုင်ပါတယ်။

ဥပမာဗျာ….ဒီဘရိုင်း ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားလို့တောင် ပြောလို့ ရပါတယ်။ သူလို ကစားသမား တစ်ယောက်က ကိုယ့်ခြေဖျားတောင် မမှီတဲ့ ဘောလုံးသမား တစ်ချို့ ကို ဘာဖြစ်လို့ လက်ခုပ်တီးပြီး ဂုဏ်ပြုပေးချင်မှာလဲ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR