ဆိုးရွားတဲ့ ပုံစံသာ ပြသနိုင်ခဲ့တဲ့ လက်စတာ နဲ့ ပွဲရဲ့ ပထမပိုင်း အပြီး လမ်းပတ် ဘာပြောခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ #ဘာကလေ

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ည က ကစားသွားခဲ့တဲ့ အက်ဖ်အေ ဖလား ကွာတားဖိုင်နယ် အဆင့် ပွဲစဉ် မှာ လက်စတာ အသင်း ကို အဝေးကွင်း မှာ ကွင်းလယ်လူ ရော့စ် ဘာကလေ ရဲ့ တလုံးတည်းသော သွင်းဂိုး နဲ့ အတူ အနိုင်ရခဲ့ကာ ၊ ဆီမီးဖိုင်နယ် အဆင့် ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။

ကျဉ်းမြောင်းတဲ့ ရလဒ် နဲ့ တက်ရောက်သွားခဲ့တာ ဖြစ်တာနဲ့ အညီ ၊ ပွဲချိန် တော်တော်များများ မှာ ချယ်လ်ဆီး အသင်း အနေနဲ့ ကစားကွက် တည်မရခဲ့တာ က များခဲ့ပါတယ် ။ အထူးသဖြင့် ပထမပိုင်း အတွင်းမှာ ဖြစ်ပြီး ၊ အရန် ကစားသမား တွေကို ပွဲထွက် စာရင်း တဝက် အထိ အသုံးပြုခဲ့တဲ့ အတွက် အချိတ်အဆက် နဲ့ နားလည်မှု အပိုင်း မှာ လိုအပ်ချက် တွေ ရှိခဲ့ပါတယ် ။

ဒီ အနေအထား ကပဲ ဆိုးရွားတဲ့ ကစားဟန် ကို ဦးတည်သွားစေခဲ့တာ ဖြစ်ပေမယ့် ၊ အိမ်ရှင် လက်စတာ ဖက်ကလည်း တည်ငြိမ်တဲ့ ပုံစံ ၊ ကြောက်စရာကောင်းတဲ့ ထိုးစစ်မျိုး မပြုလုပ်နိုင်ခဲ့တဲ့ အတွက် ချယ်လ်ဆီး တို့ သက်သာရာ ရခဲ့ပါတယ် ။

ဒုတိယပိုင်း မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ မိမိ အားမရတဲ့ နေရာ ၃နေရာမှာ အဓိက ကစားသမား ၃ဦး ကို ထည့်သွင်းပြီး လူစားလဲခဲ့ပါတယ် ။ ၎င်းရဲ့ တုန့်ဆိုင်းနေခြင်း မရှိခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် ချယ်လ်ဆီး တို့ ပြန်လည် ဦးမော့လာခဲ့ပြီး ၊ လူစားဝင် ကစားသမား တွေရဲ့ ကြိုးစားမှု တွေကနေပဲ တလုံးတည်းသော အနိုင်ဂိုး ကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ် ။

 

 

ဒီပွဲမှာ ချယ်လ်ဆီး အတွက် လူစားဝင် ကစားကာ တလုံးတည်းသော အနိုင်ဂိုး ကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ရော့စ် ဘာကလေ ကတော့ ပထမပိုင်း အပြီးမှာ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် က အသင်းသားတွေကို ဒီကစားပုံ နဲ့ ပေးဆပ်မှု တွေနဲ့ ဆိုရင် ချယ်လ်ဆီး အသင်း လိုဂို နဲ့ မထိုက်တန်ဘူး လို့ ဝေဖန်ခဲ့ကြောင်း အခုလို ပြောပြလာပါတယ် ။

BT Sport နဲ့ အင်တာဗျူး မှာ ဘာကလေ က ” ပထမပိုင်း ရဲ့ ဆိုးရွားတဲ့ ကစားပုံ အပြီး နည်းပြကြီး က ကျွန်တော် တို့ကို ဒီလို စွမ်းဆောင်ရည် နဲ့သာ ဆိုရင် ချယ်လ်ဆီး အသင်း လိုဂို နဲ့ ထိုက်တန်မှု မရှိဘူး လို့ ပြောပါတယ် ။ ကျွန်တော် တို့ အနေနဲ့ ထိရောက်မှု ရှိရှိ ၊ ချိတ်ဆက် ထိုးဖောက်နိုင်ဖို့ လိုကြောင်းလည်း သူက ပြောပါတယ် ။ “

” အထူးသဖြင့် Final pass လို သဘောမျိုးတွေနဲ့ တိုက်စစ် ခြိမ်းခြောက်မှု တွေ လိုအပ်ခဲ့ပါတယ် ။ ဒီနေ့ပွဲ မှာ ကျွန်တော်တို့ဟာ အကောင်းဆုံး ပုံစံ မှာ ရှိမနေခဲ့တာတော့ မှန်ပါတယ် ။ တချို့ အနေအထား တွေမှာ ကျွန်တော်တို့ ဒီထက် စွမ်းဆောင်နိုင်ခဲ့သင့်တာတွေ ရှိခဲ့ပါတယ် ။ “

” ကျွန်တော် တို့ အနေနဲ့ လက်ရှိ အနိုင်ရလဒ် တွေကြောင့် စိတ်ဓာတ် တက်ကြွနေတာတွေကို ဆက်ထိန်းထားနိုင်ဖို့ လိုပါတယ် ။ ကျွန်တော် တို့ဟာ ဘောလုံးပွဲ တွေ ပြန်စကတည်းက အခုအထိ မရှုံးသေးပါဘူး ။ ဒါပေမယ့် ဆီမီးဖိုင်နယ် ကို တက်ရောက်နိုင်ခဲ့တာ က အရေးကြီးဆုံး အရာ တခုပါပဲ ။ “

” နောက်ပြီး နည်းပြကြီး က ပင်နယ်တီ ဧရိယာထဲကို ဝင်ပြီး ၊ ဂိုးရဖို့ အတွက် ဖိအားပေး ကစားဖို့ ကိုလည်း မှာကြားခဲ့ပါတယ် ။ ဒီပုံစံမျိုး ကို ကျွန်တော်တို့ လေ့ကျင့်ရေး အစီအစဉ် တွေမှာလည်း ကြိုးစားခဲ့ကြပါတယ် ။ ကွင်းလယ်လူ တွေဟာလည်း ပင်နယ်တီ ဧရိယာထဲ အထိ ဝင်ရောက် ကြိုးစားရင် ဂိုးရနိုင်ခြေ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ မနက်ဖြန် ညမှာ လန်ဒန်မြို့ခံ ပြိုင်ဖက် ဝက်စ်ဟမ်း အသင်း ကို အဝေးကွင်း မှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ် ပွဲကိုတော့ လာမယ့် ဇူလိုင် ၁၈ ရက်နေ့မှာ ကစားရဖို့ ရှိပါတယ် ။

SPORTS MYANMAR