ဂီလ်မာ ၊ ဂျိမ်းစ် ၊ မောင့် နဲ့ အေဘရာဟမ် တို့ဟာ ချယ်လ်ဆီး အတွက် ပေါင်သန်း ၄၀၀လောက် တန်တဲ့ ကစားသမားတွေပါ ‘ – ဂျိုကိုးလ်

ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံခဲ့ရခြင်း နဲ့ စတင်ခဲ့ရတဲ့ အတွက် အပြောင်းအရွှေ့ ဈေးကွက်ထဲ မဝင်ရောက်နိုင်ခဲ့ပဲ ၊ ရှိရင်းစွဲ စီနီယာ ကစားသမား တွေနဲ့ အကယ်ဒမီထွက် လူငယ် ကစားသမား တွေနဲ့ အသင်း ကို အတတ်နိုင်ဆုံး မယိုင်နဲ့အောင် ဆက်လက် ထိန်းထားခဲ့ရပါတယ် ။

ကံကောင်းချင်တော့ ချယ်လ်ဆီး အသင်း ဟာ ၎င်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ် ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး ၊ လမ်းပတ် ဟာ ချယ်လ်ဆီး လူငယ် တွေကို အကောင်းဆုံး ထိန်းကျောင်းခဲ့ကာ ၊ ရဲရဲဝံ့ဝံ့ စင်တင်ပေးနိုင်ခဲ့ပါတယ် ။

လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း ရဲ့ ယခင် လေးလံ ထိုင်းမှိုင်းနေခဲ့တဲ့ ကစားဟန် ကို မြူးမြူးကြွကြွ ဖြစ်အောင် ၎င်းရဲ့ မြန်နှုန်းမြင့် ပုံစံ နဲ့ ပြောင်းလဲ ပေးခဲ့ပါတယ် ။ ဒီအထဲမှာ တမ်မီ အေဘရာဟမ် ၊ မေဆင်မောင့် ၊ ဖီကာယို တိုမိုရီ ၊ ရိစ်ဂျိမ်းစ် ၊ ဘီလီ ဂီလ်မာ တို့လို အနာဂတ် ကာလ အတိုင်းအတာ တခု အထိ အားထားရမယ့် ကြယ်ပွင့် တွေကို ပိုင်ဆိုင်လိုက်ရတာ က ချယ်လ်ဆီး အတွက် အတော်လေး အကျိုးရှိသွားစေပါတယ် ။

ပြီးခဲ့တဲ့ လက်စတာ နဲ့ အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ် မှာ လူငယ် ကစားသမား ၃ဦး ဖြစ်တဲ့ မေဆင်မောင့် ၊ ဘီလီ ဂီလ်မာ ၊ ရိစ်ဂျိမ်းစ် တို့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် ချယ်လ်ဆီး ကွင်းလယ်လူဟောင်း ဂျိုကိုးလ် ကတော့ ဒီ လူငယ် ကြယ်ပွင့်တွေဟာ ချယ်လ်ဆီး အသင်း အတွက် ပေါင်သန်း ၄၀၀ လောက် ထိုက်တန်တဲ့ ကစားသမား တွေ ဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ် ။

 

BT Sport ရဲ့ အစီအစဉ် တခုမှာ ဂျိုကိုးလ် က ” အသင်း အားပေးတဲ့ ပရိသတ် တွေ ဘာကို အလိုရှိနေလဲ ဆိုတာ ဖြည့်ဆည်းပေးနိုင်တဲ့ ဘုတ်အဖွဲ့မျိုး လိုပါတယ် ။ လာမယ့် အပြောင်းအရွှေ့ အတွက် ကြိုတင် လုပ်ဆောင်ချက် တွေက ပရိသတ် တွေ အပေါ် သူတို့ ဘာတွေ အတွက် ရည်ရွယ်နေလဲ ဆိုတာ ပေါ်လွင်နေပါတယ် ။ “

” အမှန်အတိုင်း ပြောရရင် ကျွန်တော် တို့ဟာ ရိုမန် အေဘရာမိုဗစ်ချ် အင်္ဂလန် ကို ဝင်ခွင့် မရတဲ့ အချိန် က စပြီး ၊ အရင်လို ထိပ်တန်း အဆင့် ကစားသမား တွေကို ထင်တိုင်းကြဲ မဝယ်တော့ပါဘူး ။ နောက်ပြီး မော်ရစ်ဇီယို ဆာရီ ဆိုရင်လည်း ဒီကလပ် မှာ တနှစ်တည်း ကိုင်တွယ်ခဲ့ရုံ နဲ့ အထိုင်ကျပြီး စွမ်းဆောင်ရည် အရမ်း အကောင်းကြီး ဖြစ်နေတယ် လို့လည်း မထင်ပါဘူး ။ “

” အဲဒီနောက် ဖရန့် ချယ်လ်ဆီး ကို မန်နေဂျာ အနေနဲ့ ရောက်လာတယ် ၊ သူဟာ ဒီ ကလပ် ရဲ့ ဂန္တဝင် တယောက် ၊ ပြောရရင် ဒီ ကလပ် ရဲ့ အကြီးကျယ်ဆုံး ကစားသမား တယောက် ၊ ပရိသတ် တွေရဲ့ အချစ်တော် ကစားသမားဟောင်း ။ သူ ချယ်လ်ဆီး နည်းပြသစ် ဖြစ်လာတာ ပရိသတ် တွေလည်း သဘောကျကြပါတယ် ။ “

” အသင်း ပိုင်ရှင်ရော ၊ ဘုတ်အဖွဲ့ဝင် တွေရော သူ နည်းပြ ဖြစ်လာတာကို လက်ခံကြပါတယ် ။ မီဒီယာ တွေနဲ့လည်း စကားပြောပုံတွေ ပြေပြစ် အဆင်ပြေမှု ရှိပါတယ် ။ ဒါကြောင့်မို့ တမဟုတ်ချင်းမှာပဲ ချယ်လ်ဆီး အသင်း ဟာ ပြောင်းလဲမှု အများအပြား ဖြစ်လာပါတယ် ။ မြင့်မားတဲ့ အရည်အသွေးရှိ လူငယ်တွေ စီနီယာ အသင်း မှာ နေရာ ရလာပါတယ် ။ “

” ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း က အကောင်းဆုံး လူငယ် ကစားသမား တွေကို စီနီယာ အသင်း မှာ အရန်သင့် အကျိုးရှိရှိ အသုံးချနိုင်ခဲ့ပါတယ် ။ ဘီလီ ဂီလ်မာ ၊ ရိစ်ဂျိမ်းစ် ၊ မေဆင်မောင့် ၊ တမ်မီ အေဘရာဟမ် ၊ သူတို့ အားလုံးပေါင်း တန်ကြေး ဟာ ပေါင်သန်း ၃၀၀ ကနေ ၄၀၀ လောက်အထိ ကို ရှိလာပါတယ် ။ “

” အခု ပုံစံ အတိုင်းသာ ဆက်သွားနိုင်မယ် ဆိုရင် နောက်ထပ် နှစ် အနည်းငယ် အတွင်း သူတို့ရဲ့ တန်ဖိုးတွေ ပိုတက်လာဖို့ပဲ ရှိမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ဂျိုကိုးလ် က လာမယ့် ရာသီ အတွက် ဇီယက်ချ် နဲ့ ဗာနာ တို့ကို ခေါ်ယူ အားဖြည့်ထားပြီး ဖြစ်လို့ ချယ်လ်ဆီး အသင်း အနေနဲ့ အသင်းအတွက် အမှန်တကယ် တိုးတက်စေမယ့် ကစားသမား အနည်းအကျဉ်းလောက်သာ ပစ်မှတ်ထားသင့်ကြောင်း အကြံပေးလာပါတယ် ။

ဂျိုကိုးလ် က ” ကျွန်တော် တို့ဟာ တပတ်ပြီး တပတ် စွမ်းဆောင်ရည်ကောင်း ၊ ရလဒ်ကောင်း တွေ ပြသနိုင်တဲ့ အသင်းတွေကိုမှ အောင်မြင်မှုတွေကို စိန်ခေါ်နိုင်တဲ့ အသင်း လို့ သတ်မှတ်နေကြပါတယ် ။ ဒါပေမယ့် အခု လက်ရှိ ချယ်လ်ဆီး အသင်း လျှောက်လှမ်းနေတဲ့ လမ်းကြောင်း က မှန်ကန်မှု ရှိပါတယ် ။ “

” ဒါကြောင့်မို့ သူတို့ အတွက် နောက်ထပ် အဆင့် တဆင့် က ပိုကောင်းတဲ့ ကစားသမား တွေကို မှန်ကန်တဲ့ နည်းလမ်း နဲ့ ဖြည့်တင်းနိုင်ဖို့ပါပဲ ။ ဒါက ထင်ထားတာထက် ပိုပြီး ခက်ခဲနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ ခေါ်ထားတဲ့ ကစားသမား တွေထဲမှာတောင် တချို့ က မပေါက်မြောက်ခဲ့တာတွေ ရှိခဲ့လို့ပါ ။ ကစားသမားသစ် တွေ ခေါ်ပြီး ၊ ပိုကောင်းတဲ့ အသင်း ဖြစ်အောင် ပြုပြင်ပေးဖို့ ဆိုတာက ပိုပြီး ရှည်လျားတဲ့ တောင်းဆိုမှု ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR