ခြေစွမ်းကောင်းတွေ တစ်ဖန် ပြန်လည် ပြသနိုင်ခဲ့ခြင်း အကြောင်းအရင်းမှန်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ နီမန်ဂျာ မာတစ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပထမ ဘောလုံး ရာသီဝက်ကို ကြည့်ရှု လိုက်မယ် ဆိုရင် တိုက်စစ်ပိုင်း လိုအပ်ချက် ရှိနေခဲ့ သလို ကွင်းလယ်ပိုင်း မှာလည်း တည်ငြိမ်မှု အားနည်း နေခဲ့ ပါတယ် ။ အထူးသဖြင့် ပေါ့ဂ်ဘာ မပါဝင်နိုင် ခဲ့တဲ့ ပွဲစဉ် တွေမှာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ဟာ အားရ စရာ မရှိခဲ့ ပါဘူး ။

အဆိုပါ အချိန် တုန်းက ယူနိုက်တက် ကွင်းလယ်မှာ ဖရက်ဒ် ဟာ အမှား တွေကို အနည်း နဲ့ အများ ကျူးလွန် နေခဲ့ သလို မာတစ် ရဲ့ ကစားပုံ ကလည်း လေးလံ နေခဲ့ ပါတယ် ။ ဒါ့အပြင် ကွင်းလယ် တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်တဲ့ လင်ဂတ် နဲ့ ပါရဲရား တို့ဟာ ဝေဖန်မှု များစွာ ခံယူ ခဲ့ကြ ရပါ သေးတယ် ။ အဆိုပါ အချိန် တုန်းက ယူနိုက်တက် ကွင်းလယ်မှာ တော်မီနေး တစ်ဦး ရဲ့ ခြေစွမ်း ကသာ အားရဖွယ် ဖြစ်ခဲ့ ပါတယ် ။

အဲ့ဒီနောက် မှာတော့ ဖရက်ဒ် ဟာ ယူနိုက်တက် အသင်း အတွက် အထူး ခြေစွမ်းကောင်း တွေကို ဆက်တိုက် ပြသ ထားနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ဇန်နဝါရီ တုန်းက ခေါ်ယူ ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာလည်း ပုံစံကောင်း တွေကို ပြသ နိုင်ခဲ့ ပါတယ် ။ ဒါတွင်မက ဘောလုံးပွဲ တွေကို မရပ်နားခင် တုန်းက မာတစ် ရဲ့ ခြေစွမ်း ကလည်း အထင်ကြီးဖွယ် ဖြစ်ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ပေါ့ဂ်ဘာသာ ကြံ့ခိုင်မှု ပြန်လည် ကောင်းမွန်လာမယ် ဆိုရင် ဆိုးလ်ရှားဟာ ကွင်းလယ်မှာ ဘယ်သူ တွေကို သုံးစွဲ မလဲ ဆိုတာ စိတ်ဝင်စား စရာ ဖြစ်ခဲ့ရ ပါတယ် ။ အခုတော့ ဆိုးလ်ရှားဟာ ကွင်းလယ် အတွက် ရွေးချယ် စရာ ပေါ့ဂ်ဘာ ၊ ဘရူနို ၊ မာတစ် ၊ ဖရက်ဒ် ၊ တော်မီနေး တို့ 5 ဦးကို ပိုင်ဆိုင် ထားပါတယ် ။

ဆိုးလ်ရှားဟာ 4 – 3 – 3 ဆိုတဲ့ ကစားကွက်ကို ခင်းကျင်း သုံးစွဲသူ ဖြစ်တဲ့ အတွက် ကွင်းလယ်လူ သုံးဦး ကိုပဲ ပွဲထွက် ကစား စေမှာ ဖြစ်ပါတယ် ။ ဒီလို အနေအထား မှာ မာတစ် က ဘရူနို ၊ ပေါ့ဂ်ဘာ တို့နဲ့ အတူ အတွဲညီအောင် တွဲဖက် ကစားနိုင် ခဲ့တဲ့ အတွက် ပရိသတ် တွေရဲ့ ချီးကျူး အားပေးမှု တွေကို ပိုင်ဆိုင် နေတာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ရာသီ အစ တုန်းက ယူနိုက်တက် အသင်း ကနေ ထွက်ခွာဖို့ အထိတောင် သတင်းကြီး ခဲ့တဲ့ မာတစ် က အခုလို အသင်း ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာ နိုင်ဖို့ အတွက် အခွင့်အရေးကောင်း တွေကို စိတ်ရှည်ရှည် ထားပြီး စောင့်ဆိုင်း ခဲ့ရကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

 

” ကျွန်တော် ဘောလုံး ကစား ခဲ့တဲ့ သက်တမ်း က အတော်လေး ကြာမြင့်ခဲ့ ပါပြီ ။ ဒါ့ကြောင့် ခက်ခဲတဲ့ အခိုက်အတန့်တွေဆိုတာ ကျွန်တော့် အတွက် သာမန် ကိစ္စ တစ်ခု ပါပဲ ။ တစ်ခါတလေ ကျတော့ ခင်ဗျား က အကောင်းဆုံး ကစားပေး နိုင်ခြင်း မရှိ ပါဘူး ။ ဒီလို အနေအထား မှာ နည်းပြ ဖြစ်သူ က ခင်ဗျား ကို နံပါတ်တစ် ဦးစားပေး အဖြစ် သတ်မှတ် သွားမှာ မဟုတ် ပါဘူး ”

” ခင်ဗျားဟာ အဲ့ဒီလို အနေအထား တွေကို လက်ခံသည် ဖြစ်စေ ၊ လက်မခံသည် ဖြစ်စေ ၊ ပရော်ဖက်ရှင်နယ် ဆန်နေဖို့ တော့ လိုအပ်လှ ပါတယ် ။ ခင်ဗျား အနေ နဲ့ အလုပ် တွေကို ဆက်လက် ကြိုးစားရ ပါ့မယ် ။ ပြီးရင် အခွင့်အရေး စောင့်ဆိုင်းရင်း အသုံးချ နိုင်ဖို့ ကြိုးစားရ ပါ့မယ် ”

” ကျွန်တော် ကိုယ်တိုင် အဲ့ဒီလို တိတိကျကျ လုပ်ဆောင် ခဲ့ရ ပါတယ် ။ အခုတော့ အနေအထား တွေဟာ ခြားနား သွားခဲ့ရ ပါပြီ ။ နည်းပြက ကျွန်တော့် ကို ပိုမို ယုံကြည် နေပါပြီ ။ ကျွန်တော်ဟာ စစ်သည်တော် တစ်ဦး ဖြစ်လာ ခဲ့ပြီး နည်းပြ အဖွဲ့ဝင် တွေရဲ့ ညွှန်ကြားချက် တွေကို စောင့်ဆိုင်း နေခဲ့ရ ပါပြီ ”

” ရိုးရိုးသားသား ပြောရရင် ပွဲတွေ မကစား ရတဲ့ အခါ ခေါင်းထဲ အတွေးတွေ စုံလင် နေမှာ ပါပဲ ။ ဒါပေမယ့် ကျွန်တော့် ခေါင်းထဲ မှာတော့ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာတွေ ကိုပဲ တွေးတော နေခဲ့ ပါတယ် ။ ကျွန်တော့် ရဲ့ အရည်အသွေး အပေါ် ယုံကြည်မှု အပြည့် ရှိတယ်လေ ။ ဒါ့ကြောင့် အလုပ် ကြိုးစားရင်း နဲ့ ကျွန်တော့် အတွက် အခွင့်အရေး ပေါ်ပေါက် လာလိမ့်မယ် ဆိုတာ သိရှိ နေခဲ့ ပါတယ် ” လို့ မာတစ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar