ချယ်လ်ဆီး သို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရာမှာ လမ်းပတ် ရဲ့ တိုက်တွန်း ပြောဆိုမှု ဘယ်လောက်ထိ အရေးပါခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ #ဗာနာ

လစ်ပ်ဇစ် အသင်း ရဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ မနက်ဖြန် မှာ ချယ်လ်ဆီး အသင်း သို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ တရားဝင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ် ။ တလ အလိုကတည်းက ကြိုတင် သဘောတူညီမှု ရထားပေမယ့် ၊ မနက်ဖြန် မှာတော့ ဗာနာ ဟာ စတမ်းဖို့ဒ်ဘရစ်ချ် မှာ တရားဝင် ဂျာစီကိုင်ပြီး စာချုပ်ချုပ်တော့မှာ ဖြစ်ပါတယ် ။

အသက် ၂၄ နှစ် အရွယ် ဗာနာ ဟာ ချယ်လ်ဆီး အသင်း မှာ တပတ်လုပ်ခ ပေါင် ၁၇၀၀၀၀ ရရှိမှာ ဖြစ်ပြီး ၊ ၄နှစ် စာချုပ်ချုပ်မှာ ဖြစ်ပါတယ် ။ ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီ အတွက် ဂျာမန် ဘွန်ဒက်စ်လီဂါ က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ် ။

ဗာနာ ရဲ့ လစ်ပ်ဇစ် အသင်း ဟာ နောက်ဆုံး အပိတ်ပွဲမှာ အော့စ်ဘတ် အသင်း ကို ၁ – ၂ ရလဒ် နဲ့ အနိုင်ရခဲ့ကာ ၊ အဆင့် ၃ နေရာ နဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ် ။ ဒီအတွက်ကြောင့် လစ်ပ်ဇစ် အသင်း ဟာ လာမယ့် ရာသီ အတွက် ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့် ကို ရရှိခဲ့ပြီး ၊ ထိုပွဲမှာ ဗာနာ ကလည်း သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။

အခုအခါမှာတော့ ဗာနာ ဟာ လစ်ပ်ဇစ် အသင်း အတွက် ၄နှစ် အတွင်း မှာ သွင်းဂိုးပေါင်း ၉၅ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ၊ ကလပ် သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူနိုင်သူ အဖြစ် စံချိန်တင် မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ် ။ ဒီရာသီ အတွင်းမှာလည်း ဗာနာ ဟာ ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၂၈ ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ၊ ဒုတိယမြောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။

ဒီလို Prolific Goal Scorer တယောက်ဖြစ်တဲ့ ဗာနာ ဟာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် အလိုရှိတဲ့ တိုက်စစ်မှူးမျိုး ဖြစ်ပြီး ၊ ဒီဒီယာ ဒရော့ဘာ ၊ ဒီယေဂို ကော်စတာ နောက်ပိုင်း ချယ်လ်ဆီး အသင်း အားထားရမယ့် တိုက်စစ်မှူးမျိုး ဖြစ်လာဖို့ ပရိသတ် တွေကတော့ အားကိုးတကြီး မျှော်လင့်နေကြပါတယ် ။

မနေ့က Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ဗာနာ က ချယ်လ်ဆီး အသင်း ကို ရွေးချယ်ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်း တချို့ ကို ဖွင့်ဟလာပြီး ဒီအထဲမှာ ချယ်လ်ဆီး အသင်း ရဲ့ ဘုတ်အဖွဲ့ ၊ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် တို့ရဲ့ လွှမ်းမိုးမှု တွေက ဘယ်လို အရေးပါခဲ့လဲ ဆိုတဲ့ အကြောင်း အခုလိုပဲ ပြောပြလာပါတယ် ။

ဗာနာ က ” ချယ်လ်ဆီး အသင်း ရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးရတာ အတော်လေး အဆင်ပြေခဲ့ပြီး ၊ ဒီအတွက်ကြောင့်လည်း ကျွန်တော် သူတို့ကို ရွေးချယ်ဖို့ စဉ်းစားခဲ့ပါတယ် ။ နောက်ပြီး ဖရန့် လမ်းပတ် ဟာလည်း ကျွန်တော် အနောက်ကနေ မားမားမတ်မတ် ရပ်တည်ပေးမယ့် မန်နေဂျာမျိုး ဆိုတာ ကျွန်တော် သဘောပေါက် နားလည်ထားပါတယ် ။ ”

” သူဟာ ကျွန်တော် ချယ်လ်ဆီး ကို ပြောင်းလာတဲ့အခါ လစ်ပ်ဇစ် မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်မလား ဆိုတာ အတော်လေး သိချင်နေခဲ့ပါတယ် ။ ကျွန်တော် နဲ့ တွေ့ဆုံခဲ့တုန်း က သူဟာ ကျွန်တော့ ကို ဘယ်လောက် အထိ အလိုရှိတယ် ၊ ကစားသမား တယောက် အနေနဲ့ ကျွန်တော့ ကို ဘယ်လောက် အထိ တန်ဖိုးထားတယ် ဆိုတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း ချပြခဲ့ပါတယ် ။ ”

” ဟုတ်ပါတယ် ။ အခုလို လစ်ပ်ဇစ် မှာ ပိုင်ဆိုင်ခဲ့ရတဲ့ သာယာ ဖြောင့်ဖြူးတဲ့ ကစားသမား ဘဝ ကို လက်လွှတ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပေမယ့် ၊ ခင်ဗျား ရဲ့ အတွေးမှာ ကစားသမား ဘဝ တိုးတက်ရေး အတွက် နောက်ထပ် အဆင့် တဆင့် အကြောင်းပဲ အမြဲ ရှိနေပါတယ် ။ ”

” ဒီနှစ် ဘောလုံး ရာသီ ဟာ လူကူးမျဉ်းကြား မှာ ရပ်နေရသလိုပါပဲ ။ ချယ်လ်ဆီး အသင်း ရဲ့ ကမ်းလှမ်းမှု သာ မရခဲ့ရင် နောက်တရာသီ အတွက် လစ်ပ်ဇစ် မှာ ကျွန်တော် ဆက်ကစားချင် ကစားဖြစ်သွားနိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ စွန့်စားမှု အသစ် တွေ ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။ အနာဂတ် မှာ ကျွန်တော့ ရဲ့ ပုံစံကောင်း တွေ ဆက်လက် ချပြနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဗာနာ ဟာ မနက်ဖြန် မှာ စတမ်းဖို့ဒ်ဘရစ်ချ် သို့ ရောက်ရှိလာတော့မှာ ဖြစ်ပေမယ့် ၊ လက်ကျန် ပရီးမီးယားလိဂ် ပွဲတွေကို ကစားခွင့် ရဦးမှာ မဟုတ်ပဲ ၊ ချယ်လ်ဆီး အသင်း နဲ့ အတူ လေ့ကျင့်မှု တွေသာ ပြုလုပ်ရဖို့ ရှိနေပါတယ် ။

SPORTS MYANMAR