၄၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ရပ်တန့်ခဲ့ရတဲ့ ပွဲမှာ မန်ယူနိုက်တက် ကစားသမား နှစ်ဦးဟာ သူတို့ကို စိတ်ပျက် ဒေါသထွက်စေခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ ဖာဘရီဂက်စ်

အာဆင်နယ် အသင်း ကွင်းလယ်လူဟောင်း ဖာဘရီဂက်စ် က ၂၀၀၄ ခုနှစ်တုန်းက သူတို့ရဲ့၄၉ ပွဲဆက် ရှုံးပွဲ မရှိ စံချိန် ရပ်တန့်ခဲ့ရတဲ့ ပွဲမှာ မန်ယူနိုက်တက် ကစားသမား နှစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ် နဲ့ ရွန်းနီ တို့ဟာ သူတို့ကို စိတ်ပျက် ဒေါသထွက်စေခဲ့ကြောင်း ဖွင့်ဟပြောကြား လိုက်ပါတယ် ။

၂၀၀၄ ခုနှစ် ၊ အောက်တိုဘာလတုန်းက အိုးထရက်ဖိုဒ့် ကွင််းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ယူနိုက်တက် အသင်း နဲ့ အာဆင်နယ် အသင်း ပွဲဟာ သမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှု အပြင်းအထန်ဆုံး ပွဲတစ်ပွဲလည်း ဖြစ်ပါတယ် ။ အဆိုပါပွဲမှာ မန်ယူနိုက်တက် အသင်းဟာ နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင် ရသွားခဲ့ပြီး အာဆင်နယ် အသင်းရဲ့ ၄၉ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကို ရပ်တန့် နိုင်ခဲ့ပါတယ် ။

မန်ယူနိုက်တက် အသင်း အတွက် ဦးဆောင်ဂိုးကိုတော့ ပွဲကစားချိန် ၇၃ မိနစ်မှာ နစ္စတယ်ရွိုင်းက ပင်နယ်တီ ကနေ တစ်ဆင့် သွင်းယူ ပေးခဲ့ပြီး ပွဲပြီးခါနီးမှာ ဝိန်းရွန်းနီ က အနိုင်သေချာစေမယ့် သွင်းဂိုး တစ်ဂိုးကို ထပ်မံ သွင်းယူခဲ့ကာ အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ်မှာ တစ်နှစ်ကျော်ကြာ ရှုံးပွဲ မရှိတဲ့ စံချိန်မှတ်တမ်းကောင်းကို ရပ်တန့် သွားခဲ့ရပါတယ် ။

အာဆင်နယ် အသင်း ကစားသမားတွေဟာ အဆိုပါ ပွဲကို ကိုင်တွယ်တဲ့ ဒိုင်လူကြီး မိုက်ရီလေး ရဲ့ စွမ်းဆောင်ရည်ကို ဝေဖန် ပြစ်တင် ခဲ့ကြပြီး ပွဲအပြီးမှာလည်း ဥမင် လှိုဏ်ခေါင် အတွင်းမှာ ကစားသမားတွေ အကြား အချင်း များ ခဲ့ကြပါတယ် ။ အဲ့ပွဲမှာ ဖာဘရီဂက်စ် ဟာ ပီဇာ ကို ယူနိုက်တက် ကစားသမားတွေကို ဦးတည်ပစ်ခဲ့ပြီး ဖာဂူဆန် ကို သွားရောက် ထိမှန်ခဲ့တာကလည်း အတော်လေး ပြောစရာ ဖြစ်ခဲ့ရပါတယ် ။

အဆိုပါ ပွဲအကြောင်းကို အာဆင်နယ် ကွင်းလယ်လူဟောင်း ဖာဘရီဂက်စ် နဲ့ ယူနိုက်တက်​ နောက်ခံလူဟောင်း ရီယို ဖာဒီနန် တို့ဟာ Five’s News Locker Room YouTube Series အစီအစဉ်မှာ ပြန်ပြောင်း ပြောကြား သွား ခဲ့ပါတယ် ။

ရီယို က ” အိုးထရက်ဖိုဒ့် မှာ ဖြစ်ပျက် ခဲ့တာတွေကို မမေးဘဲနဲ့တော့ ဒီစကားဝိုင်းကို ငါ အဆုံးမသတ် ချင်ဘူးကွာ ၊ ငါတို့ အဝတ်လဲခန်း နဲ့ ဥမင်လှိုဏ်ခေါင်း အတွင်းမှာ လုံးထွေး သတ်ပုတ် ခဲ့ကြတာကို အမှတ်ရမိပါသေးတယ် ၊ နောက်ပြီးတော့ ပီဇာ အဖြစ်အပျက် ဖြစ်ခဲ့တယ်ပေါ့ ၊ မင်းတို့ရဲ့ အဝတ်လဲခန်း အတွင်းမှာကော အခြေအနေ ဘယ်လို ရှိခဲ့လဲ ပြောပါဦး ။ ”

ဖာဒီနန် ရဲ့ အမေးကို ဖာဘရီဂက်စ် က ” ကျွန်တော်တို့ အတော်လေး မကျေမနပ် ဖြစ်ခဲ့ကြပြီး စိတ်ဆိုး ဒေါသထွက် နေကြတာပါ ၊ ကျွန်တော်တို့ ရှုံးပွဲ နဲ့ ပတ်သတ်ပြီး စိတ်ပျက် ခဲ့ရပါတယ် ၊ ကျွန်တော့်ကို အထင်မမှားစေချင်ပါဘူး ၊ ကိုယ့်အသင်းရဲ့ ၄၉ ပွဲဆက် ရှုံးပွဲ မရှိ စံချိန် ရပ်တန့် သွားတဲ့ အခါမှာ ဒါမျိုးက ဖြစ်တတ်ပါတယ် ။ ”

” အိုးထရက်ဖိုဒ့်မှာ ထိပ်တန်း အသင်းကြီး တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ကစား ခဲ့ရတာပါ ၊ ဒါပေမယ့် ဒီလို ဖြစ်လာခဲ့တဲ့ အကြောင်းအရင်း ကလည်း ရှိပါတယ် ၊ ပထမဦးဆုံး အနေနဲ့ ရေးယက်စ် ကို လူချ ခဲ့တဲ့ ဂယ်ရီနဗီးလ် ကနေ စခဲ့တယ် ပြောရမှာပါ ။ ”

” နောက်ပြီး ဆိုးလ်ကမ်းဘဲလ် နဲ့ အဖြစ်အပျက်မှာ ရွန်းနီ ဒိုင်ဗင် ပစ် ခဲ့တာကို ခင်ဗျားလည်း သိမှာပါ၊ ဒါကြောင့် ကျွန်တော်တို့ စိတ်ခံစားမှု ပြင်းထန် သွားခဲ့ပါတယ် ၊ အသင်းကြီး တစ်သင်းကို ရှုံးနိမ့် သွားတဲ့ အခါမှာ ဒီလို ခံစားချက်မျိုးက ဖြစ်လာ နိုင်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော်တို့ ရှုံးသင့်တယ်လို့ မခံစား ခဲ့ရပါဘူး ၊ ကျွန်တော်တို့ ရဲ့ ရှုံးပွဲမရှိ စံချိန် ရပ်တန့်ရမယ့် အချိန်လို့ လုံးဝ မတွေးထင် မိခဲ့ပါဘူး ၊ ဒါကြောင့်လည်း ပွဲအပြီးမှာ အဲ့လို အဖြစ်အပျက်တွေ ဖြစ်ပျက် ခဲ့တာပါ ၊ ကျွန်တော်တို့ အားလုံး အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR